ကျိုင်းတုံမြို့ရှိ ရှေးဟောင်းသမိုင်းဝင် စွမ်ခမ်း(စွမ်တောင်း) စေတီတော်မြတ်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်း အောင်ပွဲ မင်္ဂလာကုသိုလ်တော်နှင့် ဗုဒ္ဓါဘိသေကအနေကဇာတင် မဟာမင်္ဂလာအခမ်းအနားကျင်းပ

နေပြည်တော်၊ ဇန်န၀ါရီ - ၂၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ စွမ်ခမ်း(စွမ်တောင်း) စေတီတော်မြတ်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်း အောင်ပွဲကုသိုလ်တော်နှင့် ဗုဒ္ဓဘိသေက အနေကဇာတင် မဟာမင်္ဂလာအခမ်းအနားအား ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ ကျိုင်းယင်းကျောင်းတိုက်ဆရာတော် အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ ဘဒ္ဒန္တခေမာစာရ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော် နှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှတပ်မတော်အရာရှိကြီးများ၊ တြိဂံဒေသ တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလှူရှင်များနှင့် ဖိတ်ကြား ထားသူများတက်ရောက်ကြသည်။

ဦးစွာတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အခမ်းအနားတက်ရောက်လာကြသူများသည် ကျိုင်းယင်းကျောင်းတိုက်ဆရာတော် အဂ္ဂမဟာ သဒ္ဒမ္မဇောတိက ဓဇဘဒ္ဒန္တခေမာစာရထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်များထံမှ ပုရိတ်တရား တော်များနာယူကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့က သဗ္ဗညုဘုရားရှင်အား ရည်မှန်းထား၍ စွမ်ခမ်း(စွမ်တောင်း) စေတီတော်မြတ်ကြီးအား ကျိုင်းယင်းကျောင်းတိုက် ဆရာတော်ထံဆက်ကပ်ပြီး လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းကြသည်။ ၎င်းနောက် အခမ်းအနားတက်ရောက်လာကြသည့် တပ်မတော်အရာရှိကြီးများက ဆရာတော်၊ သံဃာတော်များအား လှူဖွယ် ပစ္စည်းများအသီးသီးဆက်ကပ်လှူဒါန်း ကြသည်။ ယင်းနောက်စွမ်းခမ်းကျောင်းတိုက်မှ အရှင်ပရိယတ္တိဓါရီက တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အားဂုဏ်ပြုမှတ်တမ်းလွှာနှင့် စွမ်းခမ်းစေတီတော်မြတ်ကြီး ပုံတူအားပေးအပ်သည်။

၎င်းနောက်နိုင်ငံတော်သံဃမဟာနယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ လွိုင်လင်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာ သဒ္ဒမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တပညာနန္ဒထံမှ အနုမောဒနာတရားနာယူ၍ လှူဒါန်းမှုအစုစုအတွက်ရေစက်သွန်းချအမျှပေးဝေကြသည်။

ဆက်လက်ပြီး ဆရာတော်သံဃာတော်များက စွမ်ခမ်း(စွမ်တောင်း) စေတီတော် မြတ်ကြီးအား ဗုဒ္ဓါဘိသေကအနေကဇာတင်၍ ဗုဒ္ဓါဘိသိက်သွန်းတော်မူကြသည်။ထို့နောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့က ရတနာရွှေမိုးငွေမိုးများရွာသွန်း ဖြိုးကြပြီး စေတီတော်မြတ်ကြီးရှိ ဗုဒ္ဓရုပ်ပွားတော်အား မြသပိတ်ဆွမ်းတော်၊ သစ်သီးပန်းမန်နှင့် သောက်တော်ရေချမ်းများကပ်လှူပူဇော်သည်။ ယင်းနောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ အဖွဲ့ဝင်များသည်ဆရာတော်သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်း ကြသည်။

ထို့နောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် စေတီတော်ကြီးအား ရွှေသင်္ကန်းကပ်လှူပူ ဇော်ခဲ့မှုမှတ်တမ်း ဓာတ်ပုံများအားကြည့်ရှုကြသည်။

အဆိုပါစွမ်ခန်း(စွမ်တောင်း)စေတီတော်မြတ်ကြီးသည် ကျိုင်းတုံမြို့၏ ကျက်သရေဆောင်စေတီတော်ကြီးဖြစ်ပြီးသာသနာသက္ကရာဇ် ၁၅၇ ခုနှစ်ခန့်တွင်တည်ထားခဲ့သည့် ရှေးဟောင်းသမိုင်းဝင်စေတီတော်မြတ်ကြီးဖြစ်ပြီး ကောဇာသက္ကရာဇ် ၈၅၃ ခုနှစ်တွင် စွန်ဆန် စေတီတော်ကြီးသည် ဥတုသုံးပါးဒဏ်ကြောင့်ပြိုလဲခဲ့သည်။ ကောဇာသက္ကရာဇ် ၈၇၁ ခုနှစ်၊ သီတင်းကျွတ်လပြည့်နေ့ညအချိန်တွင် စေတီတော်မှရောင်ခြည်တော်လွှတ် ထွက်သဖြင့် တစ်မြို့လုံးထိန်လင်းခဲ့ပြီး ဆရာတော်(ဗုဒ္ဓရတ္တမထေရ်)နှင့် ကျိုင်းတုံစော်ဘွား (အတိတျရာဇာ)အမည်ရှိသောစော်ဘွားကြီးတို့က ဒုတိယအကြိမ်ပြန်လည်မွမ်းမံခဲ့ပြီး ထီးတော်ကိုရွှေဖြင့်ကွပ်၍တင်ထားခြင်းကြောင့် စွမ်ခမ်းစေတီတော်ဟုခေါ်ဆိုခဲ့သည်။ ထို့နောက်ကောဇာသက္ကရာဇ် ၈၈၁ ခုနှစ်၊ သီတင်းကျွတ်လပြည့်နေ့အရုဏ်တက်ချိန်တွင် ရောင်ခြည်တော်များထပ်မံလွှတ်သဖြင့် တစ်မြို့လုံးလင်းထိန်စေခဲ့ပြီး စွမ်ဝိုးရွာသူဌေးကြီး သမီးနန်းသုဂန္ဒရကေသာက ပြန်လည် မွမ်းမံတည်ဆောက်ခဲ့ပြီး ထီးတော်ကိုကြေးဖြင့် ကွပ်၍တင်ထားခြင်းကြောင့် စွမ်တောင်းစေတီဟု ပြောင်းလဲခေါ်ဝေါ်ခဲ့သည်။

ယင်းနောက် သက္ကရာဇ် ၁၂၅၉ ခုနှစ်၊ သီတင်းကျွတ်လပြည့်နေ့တွင်ရောင်ခြည်တော်များ ထပ်မံလွှတ်ခဲ့ပြီး သက္ကရာဇ် ၁၂၆၆ ခုနှစ်တွင် ကျိုင်းတုံမြို့မြေငလျင်လှုပ်ခတ်မှုကြောင့် စေတီတော်ကြီးမှာပြိုကျပျက်စီးခဲ့ပြီး သက္ကရာဇ် ၁၂၉၆ ခုနှစ်တွင် စတုတ္ထအကြိမ်ပြန်လည်ပြုပြင်မွမ်းမံခဲ့သည်။

၎င်းနောက် သက္ကရာဇ် ၁၃၁၃ ခုနှစ်တွင်ကျိုင်းတုံစော်ဘွား ဆေတရပရမရေးပန္ဒ နှင့် ဆရာတော်သံဃာတော်များ၊ ကျိုင်းတုံမြို့ပြည်သူများဝိုင်းဝန်း၍ပဉ္စမအကြိမ်မြောက် ပြန်လည်ပြုပြင်မွမ်းမံခဲ့ပြီး ထီးတော်ကိုရွှေဖြင့်တင်ထားသဖြင့် စွမ်ခမ်းစေတီဟု ပြန်လည်သမုတ်ခဲ့သည်။

စေတီတော်ကြီးအား ၁၉၈၈ ခုနှစ်တွင် ပထမဦးဆုံးအကြိမ်အဖြစ် ကျိုင်းငမ်းကျောင်းတိုက် ဆရာတော် ဖခူးဝါးကျောက်ဘဒ္ဒန္တ ဌိတပညာနှင့် စွမ်ခမ်းကျောင်း တိုက်ဆရာတော် ဖခူးဝါးယီနွန်းအမှူးပြုသော သံဃာတော်များနှင့် အလှူရှင်များက ရွှေသင်္ကန်းကပ်လှူပူဇော်ခဲ့သည်။ ကျိုင်းယင်းကျောင်းတိုက်ဆရာတော်၊ စွမ်ခမ်း ကျောင်းတိုက်ဆရာတော်နှင့် နဂါးနှစ်ကောင်ကျောင်း တိုက်ဆရာတော်အမှူးပြုသော သံဃာတော်များ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ အမှူးပြုသော တပ်မတော်မိသားစုများနှင့်ကျိုင်းတုံမြို့ရှိအလှူရှင်များ စုပေါင်း၍စေတီတော်မြတ်ကြီးအား ၂၀၀၅ ခုနှစ်တွင် ဒုတိယအကြိမ်ရွှေသင်္ကန်းကပ်လှူခြင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ အမှူးပြုသော တပ်မတော်(ကြည်း၊ရေ၊လေ)မိသားစုများနှင့် ကျိုင်းတုံမြို့ရှိအလှူရှင်များ စုပေါင်း၍စေတီတော်မြတ်ကြီးအား ၂၀၁၂ ခုနှစ်တွင် တတိယအကြိမ်ရွှေသင်္ကန်း ကပ်လှူခြင်းနှင့်ယခုနှစ်တွင်စတုတ္ထအကြိမ်အဖြစ်ကြေးပြားရွှေသင်္ကန်းကပ်လှူပူဇော်ခဲ့ခြင်းဖြစ် ကြောင်းသတင်းရရှိသည်။

Recent News