သုံးခွမြို့နယ်၊ သမ္မစိတ္တကျေးရွာအပြင်ဘက် ရေမိုင် ၇ မိုင်ခန့်အကွာ စစ်တောင်းမြစ်ဝအနီး မြန်မာ့ပင်လယ်ပြင်၌ တွေ့ရှိခဲ့သည့် ကုန်တင်ရေယာဉ် ၁ စီးနှင့်ပတ်သက်၍ သတင်း ထုတ်ပြန်ချက်

နေပြည်တော်၊ သြဂုတ်- ၃၁

ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့နယ်၊ သမ္မစိတ္တကျေးရွာအပြင်ဘက် ရေမိုင် ၇ မိုင်ခန့်အကွာ စစ်တောင်းမြစ်ဝအနီး မြန်မာ့ပင်လယ်ပြင်၌ သြဂုတ် ၂၉ ရက် ညနေပိုင်း တွင် SAM RATULANGI အမည်ရှိ ပြည်ပကုန်တင်ရေယာဉ်ကြီးတစ်စီး သောင်တင် နေကြောင်း တွေ့ရှိခဲ့ရသည်။

ဖြစ်စဉ်ဖြစ်ပွားရာ နေရာသို့ တပ်မတော်(ရေ)မှ စစ်ရေယာဉ် ၂ စီးနှင့် တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများပူးပေါင်း၍ ယင်းနေ့ ည ၁၀ နာရီတွင် လိုအပ်သည့် ကယ်ဆယ်ရေးအကူအညီများဆောင်ရွက်ပေး နိုင်ရန် သွားရောက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် အဆိုပါရေယာဉ်ပေါ်၌ သင်္ဘောသားများ မတွေ့ရှိ ရဘဲ ရေယာဉ်ထိန်းချုပ် မောင်းနှင်ရေးနှင့် ရေကြောင်းသွားလာမှုဆိုင်ရာ ပစ္စည်းကိရိယာ များ၊ အင်ဂျင်နှင့် စက်ပစ္စည်းများ ပင်လယ်ရေနှင့် ဆီအညစ်အကြေးများ ရောနှော ၀င်ရောက်လျက်ရှိကာ အသုံးပြုနိုင်မှု မရှိအောင် ဟောင်းနွမ်းပျက်စီးနေခြင်း၊ ချက်ပြုတ်ခန်းနှင့် စားသောက်ခန်းတို့တွင် ချက်ပြုတ်စားသောက် ထားသည့် အနေအထားမတွေ့ရှိခြင်း၊ အသက်ကယ်ဖောင်နှင့် အသက်ကယ်လှေများအသုံးပြုထားသည့် ပုံစံမတွေ့ရှိရခြင်း တို့အား ကနဦးစစ်ဆေးတွေ့ရှိခဲ့သည်။

စုံစမ်းစစ်ဆေးချက်များအရ အဆိုပါကုန်တင်ရေယာဉ်သည် Palau နိုင်ငံ မှတ်ပုံတင် ဖြစ်ကာ ရေယာဉ်ဦးပိုင်းတည့်တည့်တွင် တွဲဆွဲရာ၌ အသုံးပြုသည့် Cable ကြိုး ၂ ချောင်း ကို တွေ့ရှိရပြီး တွဲဆွဲရေယာဉ်တစ်စီးအကူအညီဖြင့် တွဲဆွဲလာခြင်းဖြစ်နိုင်ကြောင်း သုံးသပ် ရရှိသည့်အတွက် တပ်မတော်(ရေ) ကမ်းရိုးတန်းစောင့်ကြည့် ရေဒါမှတ်တမ်းများအား စစ်ဆေးခဲ့ရာ သြဂုတ် ၂၆ ရက်နှင့် ၂၇ ရက်တို့တွင် ရန်ကုန် မြစ်ဝနှင့် စစ်တောင်း မြစ်ဝအကြားနေရာတစ်ဝိုက်၌ ရေယာဉ် ၂ စီး၏ သံသယဖြစ်ဖွယ်လှုပ်ရှားမှုများ တွေ့ရှိရ သဖြင့် ရရှိခဲ့သောအချက်အလက်များအပေါ်မူတည်၍ မြန်မာ့ပင်လယ်ပြင်အတွင်း စစ်ရေယာဉ် များဖြင့် ပိုက်စိပ်တိုက်ရှာဖွေခဲ့သည်။

ထိုသို့ရှာဖွေခဲ့ရာ ယင်းမသင်္ကာဖွယ်ရာရေယာဉ်အား ယနေ့ နံနက် ၁၁ နာရီတွင် မြန်မာ့ကမ်းရိုးတန်းနှင့် မိုင် ၅၀ ခန့်အကွာ ပင်လယ်ပြင်၌ တစ်ဖက်နိုင်ငံရေပြင်သို့ ဦးတည် ခုတ်မောင်းလျက်ရှိသော Independence အမည်ရှိ ပင်လယ်သွား တွဲဆွဲ ရေယာဉ်အား တွေ့ရှိခဲ့၍ ထိန်းသိမ်းခေါ်ဆောင်စစ်ဆေးမေးမြန်းမှုများ ဆောင်ရွက်ခဲ့ သည်။

စစ်ဆေးမေးမြန်းချက်များအရ တွဲဆွဲရေယာဉ်၏ ပိုင်ရှင်မှာ မလေးရှားနိုင်ငံမှ ဖြစ်ကာ အင်ဒိုနီးရှားနိုင်ငံသား အမှုထမ်း ၁၃ ဦးပါဝင်ပြီး စစ်တောင်းမြစ်ဝအနီး သောင်တင်ခဲ့သည့် SAM RATULANGI ရေယာဉ်အား အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာ မြို့မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ သင်္ဘောဖျက်စက်ရုံသို့ ပို့ဆောင်ရန် သြဂုတ် ၁၃ ရက်တွင် Independence အမည်ရှိ ပင်လယ်သွားတွဲဆွဲ ရေယာဉ်ဖြင့် တွဲဆွဲ၍ ထွက်ခွာခဲ့ကြောင်း၊ သြဂုတ် ၂၆ ရက်၌ ရန်ကုန်မြစ်ဝတောင်ဘက်သို့ရောက်ရှိစဉ် ရာသီဥတုဆိုးရွားမှုကြောင့် တွဲဆွဲကြိုး အချို့ပြတ်တောက်ကာ ရေယာဉ်မှာ ရေစီးကြောင်းနှင့်အတူမြောပါ၍ ဆက်လက်သွား ရောက်ရန် အခက်အခဲရှိသဖြင့် ယခုနေရာအနီး၌ ထားရှိခဲ့ခြင်းဖြစ်ကြောင်း ကနဦးသတင်း ဖော်ထုတ်ရရှိပြီး ထပ်မံ၍ အသေးစိတ်ကို တာဝန်ရှိသူများနှင့် စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

Recent News