ကုံလုံပြည့်စုံနဂါးရုံဘုရားကြီး ရတနာအုတ်မြစ်တော်စီမင်္ဂလာပြုလုပ်

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ အင်ကြင်းတောရကျောင်းတိုက်ရှိ သီရိမင်္ဂလာကန်တော်ကြီးအတွင်း၌ တည်ထားပူဇော်မည့် ကုံလုံပြည့်စုံ နဂါးရုံဘုရားကြီး ရတနာအုတ်မြစ်တော်စီ မင်္ဂလာကို ယနေ့နံနက်ပိုင်းတွင် အဆိုပါသီရိမင်္ဂလာ ကန်တော်ကြီးတွင်ပြုလုပ်ရာ အင်ကြင်းတောရ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တပညာ ဇောတအမှူးပြုသည့် သံဃာတော်များ ကြွရောက်တော်မူကြပြီး အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဝင်းမင်းထွန်းနှင့်အဖွဲ့ဝင်များ၊ စေတနာရှင်အလှူရှင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ ကုံလုံပြည့်စုံနဂါးရုံဘုရားကြီး တည်ထားပူဇော်မည့် သီရိမင်္ဂလာကန်တော်အား သံဃာတော် ၁၀၈ ပါးတို့က မြေသန့်မင်္ဂလာ တရားတော်များ ရွတ်ဖတ်ပူဇော်ကြပြီး တိုင်းမှူးနှင့်တာဝန်ရှိသူများက ရတနာကျောက်စိမ်း ကြုတ်နှင့် ရတနာကိုးသွယ်အုတ်မြစ်တော်တို့အား ဂြိုဟ်ရှစ်ခွင်၊ အရပ်ရှစ်မျက်နှာတို့၌ အစီအစဉ်အတိုင်း စီသွင်းပူဇော်ကြသည်။

ယင်းနောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများသည် အင်ကြင်းတောရကျောင်း တိုက်ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်များအား လှူဖွယ်ပစ္စည်းများနှင့် နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။

Recent News