တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် (၇၂)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သူရဲကောင်းဗိမာန်(နေပြည်တော်)ဖွင့်ပွဲ အခမ်းအနား တက်ရောက်

နေပြည်တော်၊ မတ် - ၂၇

(၇၂)နှစ်မြောက်တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးအတွက် မိမိတို့၏ အသက်ကိုပင် စွန့်လွှတ်စွန့်စားစွာ ပေးဆပ်ခဲ့ကြသည့် အမွန်မြတ်ဆုံး တုနှိုင်းဖွယ်ရာမရှိသော ဂုဏ်ဒြပ်များကို ပိုင်ဆိုင်ကြသည့် သူရဲကောင်းတစ်ဦးစီကို မော်ကွန်းတင်ကမ္ပည်းရေးထိုးထားရှိသည့် သူရဲကောင်းဗိမာန်(နေပြည်တော်)ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်ရှိ အဆိုပါနေရာ၌ ကျင်းပပြုလုပ်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် တက်ရောက်သည်။

အဆိုပါအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီး ဒေါ်ကြူကြူလှနှင့် အဖွဲ့ဝင်များ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး သီရိပျံချီ စိုးဝင်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ)၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)၊ ကာကွယ်ရေးဦးစီးချုပ်(လေ)၊ အငြိမ်းစားတပ်မတော်အရာရှိကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် နိုင်ငံရေးပါတီများမှ ဥက္ကဋ္ဌများနှင့် ကိုယ်စားလှယ်များတက်ရောက်ကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သူရဲကောင်းဗိမာန်အား စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးသည်။ ထို့နောက် သူရဲကောင်းဗိမာန်အဆောက်အဦအတွင်း ဂုဏ်ပြုကျောက်တိုင်ဘေးရှိ ကြယ်လေးပွင့်မှ ဂုဏ်ပြုမီးညွန့်များအား စက်ခလုတ်နှိပ်ထွန်းညှိပေးကြ သည်။

ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်က သူရဲကောင်းဗိမာန်အတွင်းရှိ အထိမ်းအမှတ်ကျောက်တိုင်ရှေ့၌ ဂုဏ်ပြုပန်းခြင်းချ၍ နိုင်ငံတော်နှင့် တပ်မတော်အတွက် အသက်စွန့်လွှတ်ခဲ့ရသူများအား အလေးပြုကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်နှင့် အခမ်းအနားတက်ရောက်လာကြသူများက သူရဲကောင်းဗိမာန် (နေပြည်တော်) ဧည့်သည်တော် မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင်လက်မှတ်ရေးထိုးကြပြီး အဖွဲ့ဝင်များနှင့်အတူ သူရဲကောင်းဗိမာန် အတွင်း လှည့်လည်ကြည့်ရှုကြသည်။ ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အခမ်းအနား တက်ရောက်လာကြသည့် အငြိမ်းစားတပ်မတော်အရာရှိကြီးများ၊ နိုင်ငံရေးပါတီများမှ ဥက္ကဋ္ဌများနှင့် ကိုယ်စားလှယ်များအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်သည်။

သူရဲကောင်းဗိမာန်(နေပြည်တော်)ကြီးကို နိုင်ငံတော်၏လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ ခိုင်မြဲရေးအတွက် အသက်ကိုစွန့်လွှတ်ခဲ့ရသည့် မြန်မာ့သူရဲကောင်းများကို ဂုဏ်ပြုရန်၊ အချုပ်အခြာ အာဏာနှင့် လွတ်လပ်စွာအုပ်ချုပ်ခွင့်ရရှိပြီးသည့်နောက် အသိအမှတ်ပြုဖွယ်ရာ ရဲစွမ်းသတ္တိရှိစွာ ကြိုးစားအားထုတ်မှုများပြုလုပ်ရာတွင် အသက်ကိုစွန့်လွှတ်ခဲ့သည့် သူရဲကောင်းများကို ဂုဏ်ပြုရန် ရည်ရွယ်တည်ဆောက်ခြင်းဖြစ်သည့်အပြင် ယင်းသူရဲကောင်းများအား နောင်လာနောက်သားများက အမြဲအမှတ်ရနေစေရန် မျိုးဆက်သစ်လူငယ်များ၏စိတ်ထဲတွင် နိုင်ငံတော်ကိုချစ်သည့်စိတ်နှင့် နိုင်ငံတော်အတွက် စွန့်လွှတ်စွန့်စားလိုသည့်စိတ်ဓာတ်များ ရှင်သန်ကိန်းအောင်းလာစေရန်အတွက် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ သူရဲကောင်းဗိမာန်(နေပြည်တော်)ကို တပ်မတော်နေ့စစ်ရေးပြအခမ်းအနား ကျင်းပပြုလုပ်ရာ စစ်ရေးပြကွင်းကြီး၏ အရှေ့ဘက် ပေ ၃၀၀၀ ခန့်အကွာ အကျယ်အ၀န်း ၃၈.၅ ဧကခန့်ရှိ တောင်ကုန်းပေါ်၌ ၂၀၁၆ ခုနှစ်၊ မတ် ၂၉ ရက်တွင် စတင်ပန္နက်ရိုက်၍ စကျင်ကျောက်များဖြင့် တည်ဆောက်ထားပြီး ဗိမာန်ကြီး၏အလျား၊ အနံ၊ အမြင့်မှာ ၅၄ ပေစီရှိကာ မြန်မာမှုလက်ရာ ၃၄ မျိုးဖြင့် ပုံဖော်ထုဆစ်ထားသည်။ ဗိမာန်ကြီးသို့ ၀င်လာရာလမ်းသည် အလျား ၁၆၄၆ ပေရှည်လျားပြီး လမ်း၏ ၀ဲဘက်ခြမ်း၌ စတုရန်းပေ ၂၄၈၀၀ ပေခန့်ကျယ်ဝန်းသည့် ရေကန်ကြီးကို ထည့်သွင်းတည်ဆောက်ထားကာ လမ်းဘေးဝဲယာတွင် အလွန်လှပသည့် ပန်းများကို မျက်စိပသာဒဖြစ်ဖွယ်ရာ စိုက်ပျိုးထားသည်ကို မြင်တွေ့ရသည်။ ဗိမာန်ကြီး၏ အဆောက်အဦအတွင်း၌ အလျား၊ အနံ ၄ ပေ၊ အမြင့် ၁၂ ပေရှိ အထိမ်းအမှတ်စကျင်ကျောက်တိုင်ကြီးကို တွေ့ရှိရပြီး နံရံများ၌ နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်ရင်း အသက်စွန့်လွှတ် ပေးလှူခဲ့ရသည့် အောင်ဆန်းသူရိယဘွဲ့ ရရှိသူ ၅ ဦး၊ သီဟသူရဘွဲ့ရရှိသူ ၃၄ ဦး၊ သူရဘွဲ့ရရှိသူ ၂၇၁ ဦးနှင့် သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်ရရှိသူ ၁၄၇၈ ဦး စုစုပေါင်း ၁၇၈၈ ဦးတို့၏ အမည်စာရင်းများကို နောင်လာနောက်သားများ အမြဲအမှတ်ရနေစေရန် အလျား ၁၂ ပေ၊ အနံ ၁၁ ပေရှိ ကြွေပြားဆိုင်းဘုတ် ၈ ချပ်ပေါ်၌ ရွှေရောင်စာလုံးများဖြင့် ဂုဏ်ယူဝံ့ကြွားစွာထွင်းထုထားရှိသည်ကို တွေ့မြင်ရပြီး အဆိုပါ ဗိမာန်ကြီး၏ အနောက်တောင်ဘက်သို့ လှမ်းမြော်ကြည့်ရှုပါက မင်းသုံးပါးရုပ်တုဖြင့် ခန့်ညားစွာတည်ရှိ နေသည့် တပ်မတော်နေ့စစ်ရေးပြကွင်းကြီးအား ဂုဏ်ယူဖွယ်မြင်တွေ့ရမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Recent News