လေဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်၊ အိမ်အမိုးသွပ် နှင့် စားသောက်ဖွယ်ရာများ ပေးအပ်

လေဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်၊ အိမ်အမိုးသွပ် နှင့် စားသောက်ဖွယ်ရာများ ပေးအပ်

နေပြည်တော် ၊  မေ - ၁၉
    
နေပြည်တော်ကောင်စီနယ်မြေအတွင်းနှင့် ပဲခူးတိုင်းဒေသကြီးအတွင်း၌ မေ ၁၈ ရက် ညနေပိုင်းတွင် မိုးသက်လေပြင်းများ တိုက်ခတ်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုများ ကြောင့် နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်နှင့် ဇေယျာသီရိ  အတွင်းရှိ ကျေးရွာပေါင်း ၁၁ ရွာတို့မှ နေအိမ် ၂၀ လုံးနှင့် စာသင်ကျောင်း ၁ ကျောင်း၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နှင့် ပေါက်ခေါင်းမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၉ ရွာတို့မှ နေအိမ် ၁၂ လုံးနှင့် ဘုန်းတော်ကြီးကျောင်း ၁ ကျောင်းတို့ အမိုးလန် ပျက်စီးခြင်း၊ သစ်ပင်သစ်ကိုင်းများ ကျိုးကျခြင်းနှင့် ပြိုလဲခြင်းတို့ဖြစ်ပေါ်ခဲ့သည်။
    
အဆိုပါနေရာများသို့ နေပြည်တော်တိုင်းစစ်ဌာနချုပ်နှင့် တောင်ပိုင်းတိုင်းစစ် ဌာနချုပ်တို့မှ နယ်မြေခံတပ်မတော်သားများက သွားရောက်၍ နေအိမ်များအား ပြန်လည် ပြုပြင်ပေးခြင်း၊ ပစ္စည်းများ ကူညီရွှေ့ပြောင်းပေးခြင်း၊ လဲကျနေသော သစ်ပင်သစ်ကိုင်းများ   ခုတ်ထွင်ရှင်းလင်းခြင်းများ ဆောင်ရွက်ပေးပြီး လေဘေးသင့်ပြည်သူများအား အိမ်မိုးသွပ်များ နှင့် စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

Recent News