KIO/KIA (အဖွဲ့)အတွက်COVID-19  ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အထောက်အကူပြုပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်း

KIO/KIA (အဖွဲ့)အတွက်COVID-19  ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အထောက်အကူပြုပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်း

နေပြည်တော်၊ မေ- ၂၀
    
တပ်မတော်အနေဖြင့် ကမ္ဘာ့ကပ်ရောဂါ Coronavirus Disease 2019 (COVID-19) ရောဂါနှင့်ပတ်သက်၍ ရောဂါကြိုတင်ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများတွင် အင်တိုက်အားတိုက်အရှိန်အဟုန်ဖြင့် ပါဝင်ကူညီဆောင်ရွက်လျက်ရှိပြီး တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီး၌ တပ်မတော်ဆေးအဖွဲ့များဖြင့် ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ဆေးဖျန်းပေးခြင်းအပါအဝင် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းနှင့် ပြည်သူ့ဆေးရုံများ၊ တိုက်နယ်ဆေးရုံများ၊ ကျေးလက်ကျန်းမာရေးဌာနများသို့ ဆေးရုံသုံး ပစ္စည်းများ ပေးပို့လှူဒါန်းခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
    
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေအတွင်းရှိ KIO/KIA(အဖွဲ့)အတွက် COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအထောက်အကူဖြစ်စေရန် တပ်မတော်(ကြည်း၊ ရေ၊ လေ)မှ လှူဒါန်းသည့် ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအထောက်အကူပြုပစ္စည်းများကို ယနေ့ နေ့လည်ပိုင်းတွင် တပ်မတော်လေယာဉ်၊ ရဟတ်ယာဉ်တို့ဖြင့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ တွဲဖက် စစ်ရေးချုပ် ဗိုလ်ချုပ် ခွန်သန့်ဇော်ထူး နှင့် တာဝန်ရှိသူများက  လိုင်ဇာအနီးရှိ မိုင်ဆာပါဒေသသို့ သွားရောက်ပေးအပ်လှူဒါန်းခဲ့ရာ KIO/KIA(အဖွဲ့) ဒုတိယဥက္ကဌ ဦးအက်စ်ဂွမ်မော်၊ ဗဟိုကော်မတီဝင် ဦးဆွမ်လွတ်ဂမ် နှင့် တာဝန်ရှိသူများက ကြိုဆိုကြသည်။
    
ဦးစွာ နှစ်ဖက်အဖွဲ့အစည်းများမှ တက်ရောက်လာကြသူများက အပြန်အလှန် မိတ်ဆက်ပေးကြပြီးနောက် ဗိုလ်ချုပ် ခွန်သန့်ဇော်ထူး က COVID-19 ရောဂါကြိုတင် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအထောက်အကူပစ္စည်းများ ပေးအပ်လှူဒါန်းရခြင်းနှင့် ပတ်သက်၍ အမှာစကားပြောကြားပြီး KIO/KIA(အဖွဲ့) ဒုတိယဥက္ကဌ ဦးအက်စ်ဂွမ်မော်၊ ဗဟိုကော်မတီဝင် ဦးဆွမ်လွတ်ဂမ် တို့က ကျေးဇူးတင်စကားပြန်လည် ပြောကြားသည်။ 
    
ထို့သို့ ကျေးဇူးတင်စကားပြန်လည်ပြောကြားရာတွင် ယခုကဲ့သို့ တပ်မတော်မှ လှူဒါန်းမှုအပေါ် အထူးဝမ်းမြောက်ဝမ်းသာဖြစ်ရပါကြောင်း၊ COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များ၌ ပူးပေါင်းပါဝင်လက်တွဲဆောင်ရွက်ပါမည်ဟု KIO ဗဟိုကော်မတီကိုယ်စား ပြောကြားလိုပါကြောင်း၊ မိမိတို့အနေဖြင့် COVID-19  ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို တက်နိုင်သရွေ့ဆောင်ရွက်နေသော်လည်း ပြည့်စုံမှုမရှိ သေးကြောင်း၊ တပ်မတော်မှ ယခုလိုကူညီပေးသည့်အပေါ်ပြောမပြနိုင်လောက်အောင် ကျေးဇူးတင်ပါကြောင်း၊ တပ်မတော်သည် ခိုင်မာသော Institution တစ်ခုဖြစ်ပြီး COVID-19  ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး၌ စွမ်းအားပြည့်ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရသည့်အတွက် မိမိတို့ဒေသ၌ လိုအပ်လာပါက အကူအညီတောင်းခံသွားမည်ဖြစ် ကြောင်း၊ ၎င်းကိစ္စမှတစ်ဆင့် ငြိမ်းချမ်းရေးနှင့်တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးတို့ကို ပိုမိုဆောင်ရွက်သွားနိုင်မည်ဖြစ်ပါကြောင်းပြောကြားခဲ့သည်။
    
ထို့နောက် COVID-19   ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အထောက်အကူ  ပစ္စည်းများဖြစ်သည့် Surgical Mask  ၂၀၀၀၀ ခု၊ N95 Mask ၁၀၀၀ ခု၊ Face Shield-၂၅၀ ခု၊Bleaching Powder ၅ ပုံး၊ Personal Protective Equipment (PPE)  ဝတ်စုံ ၅၀၀ စုံ၊ Surgical Gloves  ၁၀၀၀ ခု၊ Hand Gel  ၁၅၀ ဘူး၊ Hand Sanitizer ၁၅၀ ဘူးနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ မေတ္တာလက်ဆောင်စားသောက်ဖွယ်ရာများကို ပေးအပ်လှူဒါန်းရာ KIO/KIA(အဖွဲ့) ဒုတိယဥက္ကဌ ဦးအက်စ်ဂွမ်မော်၊ ဗဟိုကော်မတီဝင် ဦးဆွမ်လွတ်ဂမ် တို့က လက်ခံရယူကြကာ အမှတ်တရလက်ဆောင်ပစ္စည်းများနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ပြီး အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သတင်းရရှိသည်။

Recent News