မူဆယ်မြို့အနီး ပြည်ထောင်စုလမ်းမကြီးပေါ်၌ တရားမဝင် ဝင်ရောက်လာသော တရုတ် နိုင်ငံသားများဖမ်းဆီးရမိ၊ အဆောက်အဦဟောင်းတစ်လုံးအတွင်းမှ လက်နက်၊ခဲယမ်းများ သိမ်းဆည်းရမိ

မူဆယ်မြို့အနီး ပြည်ထောင်စုလမ်းမကြီးပေါ်၌ တရားမဝင် ဝင်ရောက်လာသော တရုတ် နိုင်ငံသားများဖမ်းဆီးရမိ၊ အဆောက်အဦဟောင်းတစ်လုံးအတွင်းမှ လက်နက်၊ခဲယမ်းများ သိမ်းဆည်းရမိ

နေပြည်တော် ၊  မေ - ၂၂
    
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့ဝင် တိုးဂိတ်အနီး ပြည်ထောင်စုလမ်းမကြီး ပေါ်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ယာဉ်ဝင်၊ထွက်မှုများအား  စစ်ဆေးစဉ် မေ ၂၁ ရက်ည ၁၁ နာရီခန့်တွင် မူဆယ်မြို့ဘက်မှ (၁၀၅)မိုင်ဘက်သို့ မောင်းနှင်လာသော Wish အမျိုးအစားမော်တော်ယာဉ်အမှတ်၊ YGN 6M--------   အား ရပ်တန့်စစ်ဆေးခဲ့သည်။ အဆိုပါ ယာဉ်ပေါ်မှ တရားမဝင် ဝင်ရောက်လာသော တရုတ် နိုင်ငံသား ၈ ဦးကို ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့ကိုစစ်ဆေးစဉ် ယာဉ်မောင်းမှာ မောင်းနှင် ထွက်ပြေးသွားခဲ့ကာ ယနေ့မွန်းလွဲ ၂ နာရီခန့်တွင် အဆိုပါယာဉ်မောင်းဖြစ်သူ စောကျော်ကျော်စိုး(ဘ)ဦးစောကျော်ကျော်ဦးကို ထပ်မံဖမ်းဆီးရမိခဲ့သည်။
    
အလားတူ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ယနေ့နံနက် ၄ နာရီခွဲခန့်တွင် မူဆယ် မြို့မှ (၁၀၅)မိုင်အထွက် ပြည်ထောင်စုလမ်းမကြီးဘေးရှိ မသင်္ကာဖွယ်အဆောက်အဦ ဟောင်းတစ်လုံးအား စစ်ဆေးရာ ပီနံအိတ်ဖြင့်ထုပ်ထားသော အမ်-၂၂ သေနတ် (ကျည်အိမ်ပါ) ၃ လက်၊ ၎င်းကျည် ၆၉ တောင့်နှင့် လက်ပစ်ဗုံး ၁ လုံးတို့ကို သိမ်းဆည်း ရမိခဲ့သည်။
    
ထို့ပြင် ပူးပေါင်းတပ်ဖွဲ့ဝင်များသည် နံနက် ၁၁ နာရီခွဲခန့်တွင် မူဆယ်မြို့၊ မြို့ဝင် စစ်ဆေးရေးဂိတ်အနီး၌ ချိန်စူရှန့်(ဘ)ဦးချိန်ယို့မင်အပါအဝင် မြန်မာနိုင်ငံသား ၂ ဦးနှင့် တရားမဝင် ဝင်ရောက်လာသော တရုတ်နိုင်ငံသား ၆ ဦးတို့ကို ဖမ်းဆီးရမိခဲ့သည်။
    
ဖမ်းဆီးရမိသည့် မြန်မာနိုင်ငံသား ၂ ဦးနှင့် တရားမဝင် ဝင်ရောက်လာသော တရုတ်နိုင်ငံသားများအား တရားဥပဒေနှင့်အညီဆောင်ရွက်နိုင်ရေး မူဆယ်မြို့မရဲစခန်းသို့ စနစ်တကျလွှဲပြောင်းအပ်နှံခဲ့ကြောင်းနှင့် လက်နက်၊ခဲယမ်းများအား လုပ်ထုံးလုပ်နည်းနှင့် အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Recent News