COVID-19 ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရန် သီးသန့်စောင့်ကြည့်ရမည့်သူများအား စစ်ကြောရေးနှင့်တည်းခိုရေးစခန်းများနှင့် နယ်မြေခံသင်တန်းကျောင်းတို့၌ ဆက်လက်လက်ခံ

 

COVID-19  ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရန် သီးသန့်စောင့်ကြည့်ရမည့်သူများအား   စစ်ကြောရေးနှင့်တည်းခိုရေးစခန်းများနှင့် နယ်မြေခံသင်တန်းကျောင်းတို့၌ ဆက်လက်လက်ခံ

နေပြည်တော်၊ ဇွန် - ၂၉
    
Coronavirus Disease 2019 (COVID-19)  ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်ရန် သီးသန့်စောင့်ကြည့်ရမည့်သူများအား နေပြည်တော်၊ စစ်ကြောရေးနှင့်တည်းခိုရေး စခန်းနှင့် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းတို့၌ လက်ခံ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် နေပြည်တော်၊ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းသို့ တရုတ်နိုင်ငံမှ ပြန်လည်ရောက်ရှိလာသူ အမျိုးသား ၃ ဦး၊ အမျိုးသမီး ၂ ဦး၊ လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းသို့  ထိုင်းနိုင်ငံမှ ပြန်လည်ရောက်ရှိလာသူ အမျိုးသား ၁၁ ဦး၊ အမျိုးသမီး ၆ ဦး၊ တရုတ်နိုင်ငံမှ ပြန်လည်ရောက်ရှိလာသူ အမျိုးသမီး ၁ ဦးနှင့် မော်လမြိုင်မြို့ရှိ တည်းခိုရေးစခန်းသို့ ထပ်မံရောက်ရှိလာသူမရှိကြောင်းသိရသည်။ ထို့ပြင် နေပြည်တော်၊ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းမှ အမျိုးသား ၁ ဦးကို စိတ်ရောဂါဖြင့် ပုဗ္ဗသီရိမြို့နယ် ပြည်သူ့ဆေးရုံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်းသိရှိရသည်။
    
စောင့်ကြပ်ကြည့်ရှုထားသူများအနက်မှ ၂၁ ရက်ပြည့်မြောက်သည့် နေပြည်တော်၊  စစ်ကြောရေးနှင့် တည်းခိုရေးစခန်းမှ ၁ ဦးနှင့် လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းမှ ၂၂ ဦးကို ယနေ့တွင် ကျန်းမာရေးဦးစီးဌာနနှင့် စောင့်ကြပ်ကြည့်ရှုရေးစခန်းတို့မှ Quarantine စောင့်ကြည့် ၂၁ ရက်ပြည့်ပြီးကြောင်း လက်မှတ်များနှင့် COVID-19 ရောဂါနှင့် ပတ်သက်၍ ဆောင်ရန်ရှောင်ရန် စာရွက်စာတမ်းများကို တာဝန်ရှိသူများကပေးအပ်ပြီး သက်ဆိုင်ရာမြို့နယ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ တပ်မတော်ကစီစဉ်ပေးသည့် မော်တော်ယာဉ်များဖြင့် လိုက်လံပို့ဆောင်ပေးခဲ့သည်။
    
ယနေ့ည ၇ နာရီအထိ နေပြည်တော်၊ စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၌ ၅၈၁ ဦး၊ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့်တည်းခိုရေးစခန်း၌ ၂၅၆ ဦးနှင့် မော်လမြိုင်မြို့၊ တည်းခိုရေးစခန်း၌ ၈၉ ဦးတို့ကို အသီးသီးလက်ခံထားရှိပြီး အဆိုပါသီးသန့် စောင့်ကြည့်ရမည့်သူများ၏ နေထိုင်စားသောက်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များအလိုက် ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် သီးသန့် စောင့်ကြည့်သူအားလုံးမှာ ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်းသတင်းရရှိသည်။

Recent News