စစ်တွေမြို့မရဲစခန်းမှ ရဲတပ်ကြပ်ကြီး တစ်ဦးကို ဓားဖြင့် ထိုးသတ်မှုဖြစ်ပွား

 

စစ်တွေမြို့မရဲစခန်းမှ ရဲတပ်ကြပ်ကြီး တစ်ဦးကို ဓားဖြင့် ထိုးသတ်မှုဖြစ်ပွား

နေပြည်တော်၊ ဇွန် - ၃၀
    
ရခိုင်ပြည်နယ်၊ စစ်တွေမြို့မရဲစခန်းတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ရဲတပ်ကြပ်ကြီး မောင်မောင်သန်း(ဘ)ဦးမောင်ကြာအောင် သည် ဇွန် ၂၉ ရက် ည ၈ နာရီ ၅ မိနစ်ခန့်တွင် စစ်တွေမြို့၊ မကျည်းမြိုင်ရပ်ကွက်၊ အကွက်(၃)၊ မဏိပူရလမ်းရှိ ၎င်း၏ နေအိမ်သို့ သွားရောက်စဉ် နေအိမ်အဝင်ဝ၌ အသင့်စောင့်ဆိုင်းနေသည့် အမည်မသိ အမျိုးသား ၂ ဦးက အသင့်ပါလာသော သံတုတ်၊ ဓားမြှောင်တို့ဖြင့် ဝိုင်းဝန်းတိုက်ခိုက်ခဲ့သည်။ တိုက်ခိုက်မှု ကြောင့် ရဲတပ်ကြပ်ကြီး မောင်မောင်သန်း၏ ဝမ်းဗိုက်ဝဲဘက်တွင် ထိုးသွင်းဒဏ်ရာ ၄ ချက်၊ ဝဲဘက်ရင်အုံတွင် ထိုးသွင်းဒဏ်ရာ ၂ ချက်၊ ဝဲဘက်နံဘေးတွင် ထိုးသွင်းဒဏ်ရာ ၁ ချက်တို့ရရှိခဲ့ကြောင်း သိရှိရသည်။
    
အဆိုပါဒဏ်ရာရ ရဲတပ်ကြပ်ကြီး မောင်မောင်သန်း အား ည ၈ နာရီ ၂၅ မိနစ်ခန့်တွင်   စစ်တွေပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ အတွင်းလူနာအဖြစ် ဆေးကုသပေးလျက်ရှိစဉ် ည ၈ နာရီ ၄၀ မိနစ်ခန့်တွင် ရရှိဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်းနှင့် သေဆုံးမှုနှင့်ပတ်သက်၍ တရားခံအား ဖမ်းဆီးရမိရေး စစ်တွေမြို့မရဲစခန်း၌ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Recent News