လားရှိုးမြို့၊ စူဠာမဏိဆုတောင်းပြည့် စေတီတော်မြတ်ကြီး ရွှေထီးတော်တင်လှူ ပူဇော်ပွဲပြုလုပ်

နေပြည်တော် ဇန်နဝါရီ ၃၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ စူဠာမဏိဆုတောင်းပြည့် စေတီတော်မြတ်ကြီး ရွှေထီးတော်တင်လှူ ပူဇော်ပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ စေတီတော်မြတ်ကြီး၌ပြုလုပ်ရာ လားရှိုးမြို့ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းပရိယတ္တိစာသင်တိုက် ပဓာနနာယက ဆရာတော်မြို့နယ် သံဃနာယကဥက္ကဋ္ဌ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇဘဒ္ဒန္တပုညနန္ဒ၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့၊ မိုင်းဖုန်းဆရာတော် သဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တဉာဏသံဝရနှင့် နောင်မွန်ကျေးရွာ၊ မဟာကုသလာရာမ ကျောင်းတိုက်ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တကုသလ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ခင်လှိုင်နှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စေတနာရှင် အလှူရှင်များ၊ ဖိတ်ကြားထားသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြ သည်။

ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ညောင်ရွှေမြို့၊နောင်အင်းလေး အင်းလျားဆရာတော် ဓမ္မကထိက ဗဟုဇနဟိတဓရ ဘဒ္ဒန္တဓမ္မဝရထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး မိုင်းဖုန်းဆရာတော်ထံမှ အနုမောဒနာတရား နာယူကာ သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် မင်္ဂလာရထားပျံဖြင့် ထီးတော်ဘုံအဆင့်ဆင့်၊ ငှက်မြတ်နားတော်နှင့် ရတနာစိန်ဖူးတော်တို့အား ပင့်ဆောင်ကြပြီး စေတီတော်အထွတ်တွင် တင်လှူပူဇော်ခဲ့ကြောင်း သတင်း ရရှိသည်။

Recent News