တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အိန္ဒိယနိုင်ငံမှ လူသား ချင်းစာနာထောက်ထားမှုခေါင်းဆောင်နှင့် ငြိမ်းချမ်းရေးသံတမန်ကြီးတစ်ဦးဖြစ်သည့် Sri Sri Ravi Shankar  အား Virtual Meeting ဖြင့် တွေ့ဆုံဆွေးနွေး

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အိန္ဒိယနိုင်ငံမှ လူသား ချင်းစာနာထောက်ထားမှုခေါင်းဆောင်နှင့် ငြိမ်းချမ်းရေးသံတမန်ကြီးတစ်ဦးဖြစ်သည့် Sri Sri Ravi Shankar  အား Virtual Meeting ဖြင့် တွေ့ဆုံဆွေးနွေး

နေပြည်တော်၊ ဒီဇင်ဘာ - ၁၇

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် အိန္ဒိယနိုင်ငံမှ လူသားချင်းစာနာထောက်ထားမှုခေါင်းဆောင်နှင့် ငြိမ်းချမ်းရေးသံတမန်ကြီးတစ်ဦးဖြစ်သည့် Sri Sri Ravi Shankar အား Virtual Meeting  ဖြင့် တွေ့ဆုံဆွေးနွေးသည်။

ထို့သို့ တွေ့ဆုံဆွေးနွေးရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ယခုကဲ့သို့ ကမ္ဘာ့နိုင်ငံများက လေးစားရသည့်ပုဂ္ဂိုလ်ကြီးတစ်ဦးနှင့် တွေ့ဆုံဆွေးနွေးခွင့်ရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊  Sri Sri Ravi Shankar အနေဖြင့် အိမ်နီးချင်းနိုင်ငံများ၊ ကမ္ဘာ့နိုင်ငံများ၏ ငြိမ်းချမ်းရေးကို ဖော်ဆောင်လျက်ရှိသည့်အတွက် ငြိမ်းချမ်းရေးဆိုင်ရာများ၊ စိတ်ဓာတ်ပိုင်းဆိုင်ရာများနှင့် ပတ်သက်သည့် အတွေ့အကြုံများကိုအကြံပြုပြောကြားပေး စေလိုကြောင်းနှင့် မြန်မာ့တပ်မတော်၏ နိုင်ငံတော်ကာကွယ်ရေးတာဝန် ထမ်းဆောင် နေမှုနှင့် ငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်နေမှုအခြေအနေများကို ဦးစွာဆွေးနွေး ပြောကြားသည်။

ထို့နောက် Sri Sri Ravi Shankar က ပြန်လည်ပြောကြားရာတွင် ယခုကဲ့သို့ မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တွေ့ဆုံရသဖြင့် ဝမ်းသာမိပါကြောင်းနှင့် ကြီးမားသည့်တာဝန်ထမ်းဆောင်နေရသည်ကို နားလည်ပါကြောင်း၊ ဗိုလ်ချုပ်မှူးကြီး အနေဖြင့် တိုင်းပြည်ကောင်းအောင် ခိုင်ခိုင်မာမာဖြင့် လုပ်ဆောင်နေခြင်းကို မိမိအနေဖြင့် သိရှိနားလည်ပါကြောင်း၊ နိုင်ငံတော်၏တာဝန်များကို အောင်မြင်အောင် စွမ်းဆောင် နိုင်ပါစေရန်လည်း ဆုတောင်းပေးပါကြောင်းဖြင့် ပြန်လည်ပြောကြားပြီး ခေါင်းဆောင် တစ်ဦးအဖြစ် ဆောင်ရွက်ရာတွင် အရည်အသွေးများစွာလိုအပ်သည့် အခြေအနေများ၊ ပဋိပက္ခများကိုဖြေရှင်းဆောင်ရွက်ရာတွင် အချင်းချင်း တစ်ဦးနှင့်တစ်ဦး နီးကပ်စွာ ဆက်ဆံ၍ နားလည်မှုရှိစွာဖြင့် နေထိုင်ပြောဆိုလုပ်ကိုင်ကြရန် လိုအပ်သည့် အခြေအနေများ၊ မိမိတို့၏ ဘ၀ကိုဖြတ်သန်းရာတွင် တစ်ဦးနှင့်တစ်ဦး နားလည်စွာဖြင့်ဖြတ်သန်းရန်လိုပြီး အမြင်မတူ သည့်လူများကြားတွင် ကောင်းမွန်သည့် အကြောင်းအရာများ၊ ဖြစ်စဉ်များနှင့် ကောင်းမွန်သည့် အနာဂတ်တို့ကို မျိုးဆက်သစ်များသို့ လက်ဆင့်ကမ်းပေးနိုင်ရေး ဆောင်ရွက်ကြရန် လိုအပ်သည့် အခြေအနေများ၊ မိမိတို့အနေဖြင့် စိန်ခေါ်မှုများစွာကို ရင်ဆိုင်ရာတွင် မိမိတို့ကျင့်သုံးသည့် နည်းလမ်းများကို ကိုယ်ချင်းစာတရား လက်ကိုင်ထား၍ ခိုင်ခိုင်မာမာဖြင့် ကျင့်သုံးဆောင်ရွက် ပါက အောင်မြင်မည်ဖြစ်သည့် အခြေအနေများ၊ အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် လွန်စွာချစ်ခင်ရင်းနှီးသည့် ဆက်ဆံရေးရှိသည့် နိုင်ငံများဖြစ်ပြီး မြန်မာ နိုင်ငံကို နိုင်ငံတကာက အလွန်ငြိမ်းချမ်းပြီး အေးချမ်းသာယာမှုရှိသည့် နိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်လျက်ရှိသည်ကို သိရှိလာနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန်လိုအပ်သည့် အခြေအနေများကို ဆွေးနွေးပြောကြား သည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ယခုကဲ့သို့ အဖိုးတန်သည့် စကားများကြားသိရသဖြင့် ဝမ်းသာမိပါကြောင်းနှင့် မိမိတို့နိုင်ငံအနေဖြင့် ပြည်တွင်းပဋိပက္ခများချုပ်ငြိမ်းပြီး ထာ၀ရငြိမ်းချမ်းရေးရရှိအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ အတိတ်တွင်ဖြစ်ခဲ့သည်များကို အပြစ်တင်နေ၍ရမည်မဟုတ်ဘဲ ဖြစ်ခဲ့သည်များကို သင်ခန်းစာယူ၍ ပစ္စုပ္ပန်တွင်ရှိနေကြသူများက အနာဂတ်ကို ကောင်းအောင်ဖန်တီးကြရမည် ဖြစ်ပါကြောင်း၊ မိမိတို့နှစ်နိုင်ငံအနေဖြင့် သမိုင်းကြောင်းအရ၊ ယဉ်ကျေးမှုထုံးတမ်း စဉ်လာများအရ များစွာတူညီမှုရှိပြီး ယခုထက်ပိုမိုကောင်းမွန်အကျိုးရှိသည့် ဆက်ဆံမှုများကို ဖော်ဆောင်နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ Sri Sri Ravi Shankar ၏ အကြံ ပေးပြောကြားချက်များသည်လည်း မိမိတို့ ငြိမ်းချမ်းရေးဖြစ်စဉ်များအတွက် များစွာ အကျိုး ပြုမည်ဟု ယုံကြည်ပါကြောင်း၊ ငြိမ်းချမ်းရေးရရှိရေးအတွက် မိမိအနေဖြင့် ပြင်းပြသည့် စိတ်ဆန္ဒဖြင့် ကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်း၊ Sri Sri Ravi Shankar အနေဖြင့် မိမိတို့ နိုင်ငံသို့ အလည်အပတ်လာရောက်ရန်ဖိတ်ခေါ်အပ်ပါကြောင်းဖြင့် ပြန်လည် ဆွေးနွေး ပြောကြားခဲ့သည်။

အဆိုပါ Sri Sri Ravi Shankar ကို ၁၉၅၆ ခုနှစ် မေလ ၁၃ ရက်တွင် အိန္ဒိယနိုင်ငံ တောင်ပိုင်း၌မွေးဖွားခဲ့ကြောင်း၊ ၁၉၈၁ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာအကျိုးအမြတ်မယူ သော ပညာရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအဖွဲ့အစည်းတစ်ခုဖြစ်သည့်  The Living of Art Foundation  ကို တည်ထောင်ခဲ့ပြီး ၁၉၉၇ ခုနှစ်တွင် အပြည်ပြည် ဆိုင်ရာ လူသားတန်ဖိုးများအသင်း (International Association for Human Values-IAHV)  ကို ပူးတွဲတည်ထောင်ခဲ့ကြောင်း၊ Sri Sri Ravi Shankar  သည် အိန္ဒိယနိုင်ငံ၏ ဩဇာအကြီးမားဆုံး ပုဂ္ဂိုလ်စာရင်းဝင်တစ်ဦးဖြစ်သည်သာမက ၎င်းတည်ထောင်ထားသည့် The Living of Art Foundation ကြောင့်လည်း ကမ္ဘာ့နိုင်ငံများသို့ ဩဇာလွှမ်းမိုးမှုရှိသူ တစ်ဦးဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးနှင့် လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းများစွာ ကို ကမ္ဘာအနှံ့ဆောင်ရွက်ခဲ့ပြီး အိန္ဒိယနိုင်ငံ၏ ပညာရေး၊ သဘာ၀ပတ်ဝန်းကျင်အရေး နှင့် လူမှုဘ၀မြှင့်တင်ရေးလုပ်ငန်းပေါင်းများစွာကိုလည်း အောင်မြင်စွာ ဆောင်ရွက်နိုင် ခဲ့ကြောင်း၊ ထို့ကြောင့်လည်း အိန္ဒိယနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးမှ ဂုဏ်ထူး ဆောင်ဘွဲ့များချီးမြှင့်ပေးအပ်အသိအမှတ်ပြုခံခဲ့ရကြောင်း၊ ထို့အပြင် နိုင်ငံတွင်းရှိ လက်နက်ကိုင်သောင်းကျန်းမှုများနှင့် အရှေ့အလယ်ပိုင်းဒေသများရှိ မငြိမ်းချမ်းမှု များကိုလည်း ငြိမ်းချမ်းရေးလမ်းစဉ်သို့ ရောက်ရှိအောင် ကြားဝင်စေ့စပ်ပေးနိုင်ခဲ့သူတစ်ဦး လည်းဖြစ်ကြောင်း၊ ၂၀၁၆ ခုနှစ်တွင် သမိုင်းဝင်ကမ္ဘာ့ယဉ်ကျေးမှုပွဲတော်ကို ကျင်းပခဲ့ပြီး  အိန္ဒိယနိုင်ငံ၊ ဝန်ကြီးချုပ် နာရန်ဒရာမိုဒီနှင့် အနုပညာရှင်များ၊ နိုင်ငံပေါင်း ၁၅၅ နိုင်ငံ မှ လူပေါင်း ၃ ဒသမ ၇၅ သန်းကျော်တက်ရောက်ခဲ့ကြောင်း၊ အိန္ဒိယနိုင်ငံ၏ ဒုတိယ အမြင့်ဆုံးဖြစ်သည့် Padma Vibhushan ဆုကို သမ္မတက ၂၀၁၆ ခုနှစ်၊ မတ်လ ၂၈ ရက်တွင် ချီးမြှင့်ခဲ့ပြီး တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ ၂၁ ဆုချီးမြှင့်ခံခဲ့ရကြောင်း၊ ကမ္ဘာ့နိုင်ငံများမှ ခေါင်းဆောင်များ၊ အထင်ကရပုဂ္ဂိုလ်များနှင့်လည်း ဆွေးနွေးမှုများမကြာခဏပြုလုပ်၍ ကမ္ဘာ့ငြိမ်းချမ်းရေးဆိုင်ရာများနှင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Recent News