ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ကာကွယ်ရေးတာဝန်ထမ်းဆောင်ရာ၌  အမျိုးသမီး စစ်မှုထမ်းများပါဝင်ထမ်းဆောင်နိုင်ရန်အတွက် အမျိုးသမီး(အရာရှိ)များအား စဉ်ဆက်မပြတ် မွေးထုတ်ပေးလျက်ရှိ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ကာကွယ်ရေးတာဝန်ထမ်းဆောင်ရာ၌  အမျိုးသမီး စစ်မှုထမ်းများပါဝင်ထမ်းဆောင်နိုင်ရန်အတွက် အမျိုးသမီး(အရာရှိ)များအား စဉ်ဆက်မပြတ် မွေးထုတ်ပေးလျက်ရှိ

နေပြည်တော်၊  ဒီဇင်ဘာ - ၂၁

ကမ္ဘာပေါ်တွင် အမျိုးသမီးများ၏အခန်းကဏ္ဍ ကျယ်ပြန့်လာသည်နှင့်အမျှ ကမ္ဘာ့နိုင်ငံအသီးသီးရှိ တပ်မတော်များတွင်လည်း အမျိုးသမီးတပ်ဖွဲ့ဝင်များ၏ အခန်းကဏ္ဍသည် များစွာတိုးတက်လာခဲ့ပြီး အဆင့်မြင့်တာဝန်များကို ထမ်းဆောင်လျက်ရှိသည်ကို တွေ့ရှိကြရမည်ဖြစ်သည်။ ထို့အတူ မိမိတို့ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ကာကွယ်ရေးတာဝန်များထမ်းဆောင်ရာတွင်လည်း အမျိုးသမီးစစ်မှုထမ်းများ ပါဝင် ထမ်းဆောင်နိုင်စေရန်အတွက် အမျိုးသမီးစစ်မှုထမ်းများကို ၂၀၁၄ ခုနှစ်မှစ၍ နှစ်စဉ် စဉ်ဆက်မပြတ် မွေးထုတ်ပေးလျက်ရှိပြီး အမျိုးသမီးများ၏အခန်းကဏ္ဍကို မြှင့်တင်ပေးလျက်ရှိသည်ကို တွေ့ရှိရမည်ဖြစ်သည်။

ယနေ့နံနက်ပိုင်းတွင်လည်း တပ်မတော်၏ အမျိုးသမီးစစ်မှုထမ်းများ၏ အခန်းကဏ္ဍကို အားသစ်လောင်းမည့် ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၇) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနားကို ရန်ကုန်မြို့ရှိ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း (မှော်ဘီ)စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် တက်ရောက်မိန့်ခွန်းပြောကြားသည်။

အဆိုပါအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)ကျောင်းအုပ်ကြီးနှင့် မှော်ဘီတပ်နယ်မှ အရာရှိကြီးများ တက်ရောက်ကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်က ကျောင်းဆင်းဗိုလ်လောင်းတပ်ခွဲ၏ အလေးပြုခြင်းကိုခံယူပြီး တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ) ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၇)မှ အကောင်းဆုံး ဗိုလ်လောင်းဆုရရှိသူ ဗိုလ်လောင်းအမှတ် ၇၂ ဗိုလ်လောင်း ဧပရယ်ချိုအား ဆုပေးအပ်ချီးမြှင့်သည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ  မင်းအောင်လှိုင်က သင်တန်းဆင်းဘွဲ့ရအမျိုးသမီးဗိုလ်လောင်းများအား မိန့်ခွန်းပြောကြားရာ၌ နိုင်ငံလွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကိုကာကွယ်ရန်အတွက် စစ်ပညာသင်ကြားရန်နှင့် စစ်မှုထမ်းရန် နိုင်ငံသားတိုင်း မဖြစ်မနေလုပ်ဆောင်ရမည့်တာဝန်ဖြစ်ကြောင်း၊ ထို့ကြောင့် အမျိုးသမီးများဖြစ်သော်လည်း ကိုယ်တိုင်ဆန္ဒပြုစစ်မှုထမ်းဆောင်ရန် ဆောင်ရွက်ခဲ့ကြသည့်အတွက် ဂုဏ်ယူကြောင်း၊ သင်တန်းကာလတစ်လျှောက် စိတ်ဓာတ်၊ စည်းကမ်းနှင့် ဇွဲ၊ လုံ့လ၊ ဝီရိယများကို အရင်းတည်ပြီး အမျိုးမျိုးသောလေ့ကျင့် သင်ကြားမှုများနှင့်အတူ စစ်ပညာ၊ ခေါင်းဆောင်မှုနှင့် ဦး၊ ရေး၊ ထောက်ဆိုင်ရာ ဘာသာရပ်များကို သင်ကြားတတ်မြောက်ခဲ့ကြပြီးဖြစ်၍ ပြန်တမ်းဝင်အရာရှိများအဖြစ် ခန့်အပ်တာဝန်ပေးမည်ဖြစ်ကြောင်းဖြင့် ဦးစွာပြောကြားသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဆက်လက်ပြောကြားရာတွင် ခေါင်းဆောင်ငယ်များအနေဖြင့် တပ်အသီးသီးကို ရောက်ရှိတာဝန် ထမ်းဆောင်ရာတွင် သင်ကြားလေ့ကျင့်ပေးလိုက်သည့် သင်ခန်းစာများကို လက်တွေ့လုပ်ငန်းများနှင့် ပေါင်းစပ်ပြီး ကိုယ့်ကိုကိုယ် အမြဲတိုးတက်အောင် လုပ်ဆောင်သွားကြ ရမည်ဖြစ်ကြောင်း၊ အခြေခံသင်ယူလေ့လာထားသည့် အသိပညာ၊ အတတ်ပညာများကို ပိုမိုတိုးတက်အောင် စာအုပ်၊ စာပေများ ဖတ်ရှုလေ့လာပြီး လက်တွေ့နယ်ပယ်တွင် အသုံးချနိုင်ရန် ဆက်လက်ကြိုးစားသွားကြရန် မှာကြားလိုကြောင်း၊ ယခုခေတ်ကာလအခြေအနေအရ Electronic  Devices များ များပြားလာပြီး Media လောက ဖွံ့ဖြိုးလာသော်လည်း ယခင်စာအုပ်ခေတ်၊ စာဖတ်သည့်နှုန်းထားကို မမီတော့ဘဲ လူငယ်များအပြင် လူကြီးများပါ စာဖတ်သည့်နှုန်း ကျဆင်းသွားသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊  စာဖတ်သည့် အလေ့အကျင့်ကောင်းကို မိမိကိုယ်တိုင်သာမက မိမိပတ်ဝန်းကျင်ရှိ လုပ်ဖော်ကိုင်ဖက်များကိုပါ စည်းရုံးလုပ်ဆောင်ကြရန် တိုက်တွန်းလိုကြောင်း၊ သို့မှသာ အသိပညာ၊ ဗဟုသုတနှင့် ပြည့်စုံမည်ဖြစ်ပြီး “ပညာရဲရင့် ပွဲလယ်တင့်” ဆိုသည့် ဆောင်ပုဒ်အတိုင်း  ကြုံလာသည့် အခက်အခဲမှန်သမျှကို ရင်ဆိုင် ကျော်လွှားနိုင်မည်ဖြစ်ကြောင်း။

တပ်မတော်၏ ခေါင်းဆောင်ငယ်များအဖြစ် တာဝန်ထမ်းဆောင်ရတော့မည့် သင်တန်းဆင်းဘွဲ့ရအမျိုးသမီးဗိုလ်လောင်းများသည် ခေါင်းဆောင်မှုအရည်အချင်းများနှင့် ပြည့်စုံရန်လိုအပ်ကြောင်း၊ စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်မှုဆိုသည်မှာ မိမိအထက်က ပေးအပ်လာသည့်တာဝန်ကို မိမိလက်အောက်ငယ်သားများနှင့်အတူ ရည်မှန်းချက်ပြီး မြောက်အောင် ဆောင်ရွက်နိုင်ခြင်းပင်ဖြစ်ကြောင်း၊ ပေးအပ်သည့် ရည်မှန်းချက်တာဝန်ကို အောင်မြင်ပြီးမြောက်သည့်အထိ လက်အောက်ငယ်သားများကို စည်းရုံးလုပ်ဆောင်နိုင် သည့် အရည်အချင်းလည်းဖြစ်ကြောင်း၊ အုပ်ချုပ်ကွပ်ကဲရသည့် ခေါင်းဆောင်များ အနေဖြင့် ခေါင်းဆောင်ကောင်းပီသစွာဖြင့် ခေါင်းဆောင်မှုအင်္ဂါရပ် ၁၆ ရပ်နှင့်အညီ ကျောသားရင်သားမခွဲခြားဘဲ တစ်ပြေးညီအုပ်ချုပ်ကွပ်ကဲကြရမည်ဖြစ်ကြောင်း၊ မှန်ကန်သည့် ခေါင်းဆောင်မှုကိုပေးရန်အတွက် မိမိတို့ကိုယ်တိုင် တော်တည့်ဖြောင့်မတ်ပြီး ကိုယ်ကျင့်တရားမြင့်မားရန် လိုအပ်ကြောင်း၊ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်စေရန် မိမိကိုယ်ကို ထိန်းသိမ်းနိုင်မှုနှင့် ကြိုးစားအားထုတ်မှုများသည် အလွန်အရေးကြီးကြောင်း၊ မိမိအဖွဲ့အစည်းကို တိုးတက်ကောင်းမွန်ရန် ဆောင်ရွက်လိုသည့်အမြင်မျိုး ခေါင်းဆောင် လုပ်မည့်သူတိုင်းတွင် မွေးမြူထားရမည်ဖြစ်ကြောင်း၊ ခေါင်းဆောင်တစ်ဦး၏ အဓိကအရည်အချင်းသည်  အကြပ်အတည်းကာလတွင် စီမံခန့်ခွဲမှုလုပ်ငန်းများကို ထိရောက် အောင်မြင်စွာ ဆောင်ရွက်နိုင်သည့် စွမ်းရည်ဖြစ်ကြောင်း၊ ခေါင်းဆောင်မှု နယ်ပယ်သည် ကျယ်ပြောလှသောကြောင့် မိမိတို့ဖြတ်သန်းရမည့် နယ်ပယ်အသီးသီးတွင် စာတွေ့၊ လက်တွေ့များနှင့် သီအိုရီများကို ကောင်းစွာအသုံးချပြီး မိမိကွပ်ကဲခေါင်းဆောင်ရသည့် အဖွဲ့အစည်းများနှင့်အတူ  ပေးအပ်လာသည့် တာဝန်များကို ကျေပွန်စွာ ဆောင်ရွက်သွား ကြရမည်ဖြစ်ကြောင်း။

တပ်မတော်တွင် တာဝန်ထမ်းဆောင်ရာ၌ စည်းကမ်းနှင့်အမိန့်များကို အလေးထားလိုက်နာရန်လိုကြောင်း၊ စည်းကမ်းဆိုသည်မှာ လိုက်နာလုပ်ဆောင်ရန် တိုက်တွန်း ချက်စည်းကမ်းနှင့် ရှောင်ကြဉ်ရန် သတ်မှတ်ထားသည့် တားမြစ်ချက်စည်းကမ်းဟု နှစ်မျိုး ရှိပြီး အသိတရားဖြင့် လိုက်နာစောင့်ထိန်းသွားကြရမည်ဖြစ်ကြောင်း၊ မိမိတို့တပ်မတော်သားများသည် တပ်မတော်၏ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းဥပဒေများကို တိတိကျကျ လိုက်နာဆောင်ရွက်ကြရသည့်အပြင် နိုင်ငံတော်ကချမှတ်ထားသည့် ဥပဒေနှင့် စည်းကမ်းများကို နိုင်ငံသားတစ်ဦးအနေဖြင့်လည်း လိုက်နာကြရသူများဖြစ်ကြောင်း၊ ထို့ပြင် နိုင်ငံတကာတွင် လိုက်နာကျင့်သုံးနေသည့် စစ်ပွဲဆိုင်ရာ ဥပဒေသများကိုလည်း  သိရှိလိုက်နာကြရကြောင်း၊ မိမိတို့တပ်မတော်သားများအနေဖြင့် ကိုယ်တိုင်ပြစ်မှု မကျူးလွန်အောင် လိုက်နာစောင့်ထိန်းရသကဲ့သို့ မိမိတာဝန်ယူကွပ်ကဲရသည့် လက်အောက်က ပြစ်မှုကျူးလွန်လျှင်လည်း မျက်ကွယ်ပြု၍ မရဘဲ စစ်ဘက်၊ နယ်ဘက် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ရသည် ဆိုသည်ကို အားလုံးအသိပင်ဖြစ်ကြောင်း၊ ထို့ကြောင့် တာဝန်ထမ်းဆောင်ရာတွင် ပြဋ္ဌာန်းထားသည့် ဥပဒေ၊ ထုတ်ပြန်ထားသည့် အမိန့်နှင့်ညွှန်ကြားချက်၊ စည်းမျဉ်းစည်းကမ်း၊ နည်းလမ်းများနှင့်အညီ လိုက်နာဆောင် ရွက်ကြရန် အလေးအနက်ထား မှာကြားလိုကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံတော်ကာကွယ်ရေးအတွက် နိုင်ငံသားတိုင်း တွင်တာဝန်ရှိသည့် အခြေအနေများနှင့် ပတ်သက်၍ ပြောကြားရာတွင် “နိုင်ငံသားတိုင်းဟာ ဥပဒေပြဋ္ဌာန်းချက်များနဲ့အညီ စစ်ပညာသင်ကြားရန်နဲ့ နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းရန်တာဝန်ရှိတယ်လို့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၈၆ မှာ ဖော်ပြထားပြီးဖြစ်တယ်။ မြန်မာနိုင်ငံရဲ့ ပထဝီအနေအထားအရ မြန်မာနိုင်ငံဟာ လူဦးရေများပြားတဲ့နိုင်ငံတွေနဲ့ နယ်နိမိတ် ထိစပ်တည်ရှိနေတာဖြစ်တယ်။ မိမိတို့နိုင်ငံဟာ အာဆီယံနှင့် တောင်အာရှဒေသအကြားမှာ ပေါင်းကူးပေးနိုင်တဲ့ ကုန်းတွင်းဆက်တံတားသဖွယ် တည်ရှိလျက်ရှိတယ်။ ပထဝီအနေအထားအရ၊ မဟာဗျူဟာအရ အချက်အချာကျတဲ့ နိုင်ငံတစ်နိုင်ငံလည်း ဖြစ်တယ်။ ဒါ့ကြောင့် နိုင်ငံလွတ်လပ်ရေးနဲ့ အချုပ်အခြာအာဏာကို ကာကွယ်ဖို့ စစ်ပညာသင်ကြားရန်နဲ့ စစ်မှုထမ်းရန် နိုင်ငံသားတိုင်း မဖြစ်မနေလုပ်ဆောင်ရမယ့် တာဝန်ဖြစ်တယ်။ ဒါ့ကြောင့် အမျိုးသမီးများဖြစ်သော်လည်း ကိုယ်တိုင်ဆန္ဒပြု စစ်မှုထမ်းဆောင်ဖို့ ဆောင်ရွက်ခဲ့ကြတဲ့ အတွက်လည်း ဂုဏ်ယူကြောင်း ပြောကြားလိုတယ်။ သတ်မှတ်အရွယ်ရောက် နိုင်ငံသူနိုင်ငံသားတိုင်း နိုင်ငံကာကွယ်ရေးအတွက် စစ်ပညာသင်ကြားရေး၊ ကာကွယ်ရေးတာဝန်ထမ်းဆောင်ရေး ဆက်လက်စည်းရုံး လုပ်ဆောင်သွားကြဖို့ မှာကြားလိုတယ်။”

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဆက်လက်ပြောကြားရာတွင် နိုင်ငံတိုင်းတွင် အုပ်ချုပ်သူအစိုးရများ ပြောင်းလဲတတ်သော်လည်း နိုင်ငံနှင့် တပ်မတော်သည် အစဉ်အမြဲရှိနေရမည့်အဖွဲ့အစည်းများဖြစ်ကြောင်း၊ နိုင်ငံအချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲနေရန်အတွက် ကာကွယ်ရေးတာဝန် ထမ်းဆောင်ရမည့် တပ်မတော်တစ်ရပ် ရှိနေရမည်ဖြစ်ကြောင်း၊ ခိုင်မာတောင့်တင်းသည့် တပ်မတော်တစ်ရပ် အမြဲတည်ရှိနေရန် နိုင်ငံသားတိုင်းတွင် တာဝန်ရှိသည်ကို ပြောလိုကြောင်း၊ နိုင်ငံအနေဖြင့် လွတ်လပ်ရေး ဆုံးရှုံးသွားရန် ရက်ပိုင်း လပိုင်းမျှဖြင့် ဖြစ်နိုင်သော်လည်း ဆုံးရှုံးသွားသည့် လွတ်လပ်ရေးကို ပြန်လည်တိုက်ယူရာမှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ရကြောင်း၊ အသက်ပေါင်းများစွာလည်း ပေးဆပ်ခဲ့ကြရကြောင်းဖြင့် ပြောကြားသည်။

ဆက်လက်ပြီး တပ်မတော်၏ နိုင်ငံတော်ကာကွယ်ရေးတာဝန်ထမ်းဆောင်မှုနှင့် ပတ်သက်၍ပြောကြားရာတွင် “နိုင်ငံတစ်နိုင်ငံအတွက် လွတ်လပ်ရေးဆုံးရှုံးသည်ထက် ကြီးမားတဲ့ဆုံးရှုံးမှုမရှိတာကြောင့် မိမိတို့နိုင်ငံ၏ အချုပ်အခြာအာဏာတည်တံ့ ခိုင်မြဲရေးအတွက် နိုင်ငံသားအားလုံး ထိန်းသိမ်းစောင့်ရှောက်သွားဖို့ အပြည့်အဝတာဝန်ရှိတယ်။ တပ်မတော်၏အဓိကတာဝန်ဟာ နိုင်ငံတော်ကာကွယ်ရေးတာဝန် ဖြစ်တယ်။ကာကွယ်ရေးဆိုတဲ့စကားရပ်ဟာ အလွန်ကျယ်ပြန့်တယ်။ နိုင်ငံတော် ကာကွယ်ရေးဆိုတာဟာ နိုင်ငံတစ်နိုင်ငံရဲ့ နယ်နိမိတ်ကို ကာကွယ်ခြင်း၊ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကိုကာကွယ်ခြင်းဆိုတဲ့ နယ်ပယ်သာမက နိုင်ငံရဲ့အမျိုးသား အကျိုးစီးပွားကိုကာကွယ်ခြင်း၊ ပြည်သူများအပေါ်ကျရောက်လာတဲ့ သဘာ၀ဘေး အန္တရာယ်၊ ကူးစက်ရောဂါဘေးအန္တရာယ်၊ စားနပ်ရိက္ခာပြတ်လပ်ခြင်း ဘေးအန္တရာယ်တွေ ကို ကာကွယ်ခြင်းတွေအထိ ကျယ်ကျယ်ပြန့်ပြန့် တွေးခေါ်စီမံနိုင်ဖို့လိုအပ်ကြောင်း ပြောကြားလိုတယ်။”

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မိမိတို့နိုင်ငံသည် ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် လျှောက်လှမ်းခဲ့ရာတွင် ၁၀ နှစ်ကာလရောက်လာပြီဖြစ်ကြောင်း၊ ပြည်သူက ဆန္ဒနှင့်အညီရွေးချယ်ခဲ့သည့် ပါတီစုံ ဒီမိုကရေစီစနစ်သည် စည်းကမ်းတကျနှင့် တည်ငြိမ်အေးချမ်းစွာရှိရန် လိုအပ်ကြောင်း၊ ဒီမိုကရေစီသည် အဓိပ္ပာယ်များစွာကျယ်ဝန်း သော်လည်း အရေးကြီးဆုံးသည် စည်းကမ်းနှင့် ဥပဒေကို လေးစားလိုက်နာခြင်းပင်ဖြစ် ကြောင်း၊ ထို့ကြောင့် ဒီမိုကရေစီစနစ် ရှင်သန်ခိုင်မြဲရေးအတွက် ကြိုးပမ်းဆောင်ရွက် ထိန်းသိမ်းသွားကြရန်မှာကြားလိုကြောင်း၊ မိမိတို့တပ်မတော်သားများအနေဖြင့် မည်သည့်နေရာတွင် တာဝန်ထမ်းဆောင်သည်ဖြစ်စေ အမြဲတမ်းတိုက်ပွဲဝင်အသင့်ဖြစ် နေရမည်ဖြစ်ကြောင်း၊ တိုက်ပွဲဝင်အသင့်ဖြစ်စေရန်အတွက် အမြဲတမ်းလေ့ကျင့်နိုင်ရန် လိုအပ်မည်ဖြစ်ပြီး ထိုသို့လေ့ကျင့်နိုင်ရန်အတွက် စစ်သည်တိုင်း ကျန်းမာရေးနှင့်ညီညွတ်သည့် စားသောက်နေထိုင်မှုရှိနေရမည်ဖြစ်ကြောင်း၊ စစ်မြေပြင်တွင် တိုက်ပွဲဝင်ချိန်၌ ကြံ့ခိုင်မှုမပြည့်၀ပါက တာဝန်ကိုကျေပွန်စွာ ထမ်းဆောင်နိုင်မည်မဟုတ်သည့်အတွက် မိမိတို့ဆောင်ရွက်ရမည့် ပုံမှန်လေ့ကျင့်ရေးဆောင်ရွက်မှုများကို မှန်မှန်ကန်ကန် လုပ်ဆောင်ခြင်းအားဖြင့် တပ်မတော်၏တိုက်စွမ်းရည်ကို မြှင့်တင်သွားရမည်ဖြစ်ကြောင်း၊ ကျန်းမာအောင်နေ၊ သန်စွမ်းအောင်လေ့ကျင့်ရမည်ဖြစ်ပြီး တပ်မတော်သားပီသစွာ လုပ်သင့်လုပ်ထိုက်သည့် ကြံ့ခိုင်မှုများကို နေ့စဉ်လုပ်ဆောင်နေကြရမည်ဖြစ်ကြောင်း၊ စွမ်းရည်ထက်မြက်သည့် တပ်မတော်ဖြစ်ရန် ဆောင်ရွက်ရာတွင် တစ်ဦးချင်းလေ့ကျင့်ရေး၊ အဖွဲ့လိုက်လေ့ကျင့်ရေးနှင့် ပူးပေါင်းလေ့ကျင့်ရေးတို့ကို လေ့ကျင့်ရာတွင် ကျန်းမာကြံ့ခိုင် ရမည်၊ ကျွမ်းကျင်မှုရှိရမည်၊ ရဲစွမ်းသတ္တိရှိရမည်ဆိုသည့် တပ်မတော်၏ လေ့ကျင့်ရေး အခြေခံမူများနှင့်အညီ ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ လေ့ကျင့်သားပြည့်၀မှ တပ်ဖွဲ့ဝင်များ၏ ကိုယ်ခန္ဓာကြံ့ခိုင်သန်စွမ်းမှု၊ ကျွမ်းကျင်မှုနှင့် ယုံကြည်မှုတို့ကို မြင့်မားစေပြီး ပေးအပ်သည့်အမိန့်နှင့်တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်နိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နိုင်ရန် မိမိတို့တပ်မတော်သား များအနေဖြင့် အမြဲကျန်းမာကြံ့ခိုင်စေရန် လေ့ကျင့်ကြရန်လိုအပ်ကြောင်း။

သမိုင်းကြောင်းနှင့် ယှဉ်လျက်ရှိသည့် မြန်မာ့တပ်မတော်၏ မွန်မြတ်သည့် အစဉ်အလာကောင်းများကို ဆက်လက်ထိန်းသိမ်းကြိုးပမ်းဆောင်ရွက်သွားရန်လိုကြောင်း၊ ခေါင်းဆောင်မှု အင်္ဂါရပ်များနှင့် လိုက်နာကျင့်ကြံနေထိုင်ပြီး မိမိကိုယ်တိုင်နှင့် မိမိရဲဘော်များကောင်းကျိုးအတွက် အမြဲရှေးရှုလုပ်ကိုင်သွားကြရန်နှင့် စွမ်းရည်သုံးရပ်ပြည့်စုံပြီး ထူးချွန်ထက်မြက်သည့် အရာရှိကောင်းများဖြစ်လာရန် ကြိုးပမ်းဆောင်ရွက်သွား ကြရမည်ဖြစ်ကြောင်း၊ ခေါင်းဆောင်ငယ်များအဖြစ် မိမိကိုယ်တိုင်ထိန်းသိမ်းနိုင်မှုနှင့် ကြိုးစားအားထုတ်မှုကိုအခြေခံပြီး အထက်ကပေးအပ်သည့်တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်သွားကြရန်နှင့် နိုင်ငံတော်နှင့်တပ်မတော်က အားကိုးအားထားပြုရသည့် အမျိုးသမီးအရာရှိကောင်းများဖြစ်ရန်အတွက် မိမိကိုယ်မိမိ ဆက်လက်ပြုစုပျိုးထောင် လေ့ကျင့်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ဗိုလ်လောင်းတပ်ခွဲ၏ အလေးပြုခြင်းကို ခံယူပြီးစစ်ရေးပြအခမ်းအနားမှ ပြန်လည်ထွက်ခွာသည်။

စစ်ရေးပြအခမ်းအနားအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်သည် တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း (မှော်ဘီ)ရိပ်သာဧည့်ခန်းမ၌ အကောင်းဆုံး ဗိုလ်လောင်းဆုရ ဗိုလ်လောင်း ဧပရယ်ချိုနှင့် သေနတ်ပစ်အကောင်းဆုံးဆုရ ဗိုလ်လောင်း နော်ကျင်သန်း တို့အားတွေ့ဆုံ၍ ဂုဏ်ပြုအမှာစကားပြောကြားသည်။

ဂုဏ်ပြုအမှာစကားပြောကြားရာတွင် ယခုကဲ့သို့ ထူးချွန်ဆုများရရှိခဲ့ကြသဖြင့် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်းနှင့် သင်တန်းကာလတစ်လျှောက်လုံး စဉ်ဆက်မပြတ် ကြိုးစားအားထုတ်ဆောင်ရွက်တတ်သည့် အခြေခံကောင်းများကို ဘ၀တစ်လျှောက်လုံး ဆက်လက်ထိန်းသိမ်းသွားကြရမည်ဖြစ်ကြောင်း၊ ဘွဲ့ရအမျိုးသမီးအရာရှိများအနေဖြင့် ဗိုလ်လောင်းသင်တန်း မတက်ရောက်မီ တက္ကသိုလ်ပညာ၊ ဘွဲ့လွန်ပညာ တို့ကို ဆည်းပူးလေ့လာခဲ့ကြကြောင်း၊ တက္ကသိုလ်ပညာသည် အတွေးအခေါ်ပိုင်းကို လေ့ကျင့်ပေးခြင်းပင်ဖြစ်ပြီး အတတ်ပညာကို လေ့လာဆည်းပူးစေခြင်းဖြစ်သည့်အတွက် အရည်အချင်းပြည့် ၀သူများဖြစ်သည်ဟု အပြည့်အဝယုံကြည်ထားပါကြောင်း၊ ယခုဗိုလ်လောင်းသင်တန်း တက်ရောက်ပြီး ကြိုးစားအားထုတ်မှုရလဒ်ကြောင့် ထူးချွန်စွာဖြင့် အမျိုးသမီးအရာရှိများအဖြစ်သို့ ရောက်ရှိခဲ့ပြီဖြစ်ကြောင်း၊ လူတို့၏ဘ၀တွင် ကံကိုရိုးမယ်ဖွဲ့နေ၍မရဘဲ အတိတ်ကံ၊ ပစ္စုပ္ပန်ကံ မည်သို့ပင်ရှိစေကာမှု မိမိ၏ကြိုးစားအားထုတ်မှုသည်သာလျင် အဓိကကျပြီး ဘ၀တွင်အောင်မြင်မှုများကို ရရှိစေနိုင်မည်ဖြစ်ကြောင်း၊ ထို့အတူ အသက် ကို ဉာဏ်စောင့်သည်ဖြစ်သဖြင့် အရာရာတိုင်းတွင် အသိ၊ သတိနှင့်ယှဉ်၍ စဉ်းစားဆုံးဖြတ် လုပ်ကိုင်ကြရမည်ဖြစ်ကြောင်း၊ ခေါင်းဆောင်ငယ်များကို နိုင်ငံတော်နှင့် တပ်မတော် အတွက် လိုအပ်သဖြင့် လေ့ကျင့်မွေးထုတ်ပေးနေခြင်းဖြစ်သဖြင့် တန်ဖိုးရှိသော ခေါင်းဆောင် များဖြစ်လာစေရေး ကြိုးစားအားထုတ်မှုရှိရမည်၊ ကျန်းမာကြံ့ခိုင်မှုရှိအောင်နေထိုင်ရမည် ဖြစ်ပြီး မိမိကိုယ်ကိုထိန်းသိမ်းဆင်ခြင်နေထိုင်ရမည်ဖြစ်ကြောင်း၊ မိမိကိုယ်ကိုထိန်းသိမ်း နိုင်စွမ်းမရှိပါက လမ်းမှားရောက်မည်ဖြစ်ပြီး မိမိကိုယ်ကိုအလိုလိုက်ပါက ပျက်စီးမှုကို ဖြစ်စေတတ်သည်ကို သတိပြုရန်လို ကြောင်း၊ မိမိအဆင့်နှင့် မလျော်ညီသည့် နေထိုင်ပြော ဆိုမှု၊ ဝတ်စားဆင်ယင်မှုများကိုရှောင်ကြဉ်ပြီး ပေးအပ်လာသည့်တာဝန်ကို ရိုးသားကြိုးစားစွာ မှန်မှန်ကန်ကန်ဖြင့် အောင်မြင်အောင် လုပ်ဆောင်ခြင်းဖြင့် တပ်မတော်၏ ဂုဏ်ကိုမြှင့်တင်ကြရမည်ဖြစ်ကြောင်း၊ ထို့ပြင် ငယ်စဉ်ကလေးဘ၀မှ ယခုအချိန်ထိ ကျွေးမွေးစောင့်ရှောက်ထိန်းသိမ်းပေးခဲ့သည့် မိဘကျေးဇူးကိုလည်း မိဘစကားနားထောင်ခြင်း၊ မိမိကိုယ်ကို လူချွန်လူကောင်းဖြစ်အောင်နေထိုင်ခြင်း၊ လိုအပ်သည်များကို ထောက်ပံ့ပေးအပ်ခြင်းစသည့် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာများဖြင့် တတ်စွမ်းသရွေ့ ကျေးဇူးဆပ်ကြရမည်ဖြစ်ကြောင်း၊ တက္ကသိုလ်မှ ရရှိလာသည့် လူမှုဆက်ဆံရေး အတွေ့အကြုံများ၊ ဗိုလ်သင်တန်းကျောင်းမှ သင်ကြားလေ့ကျင့်ပေးလိုက်သည့် အခြေခံကောင်းများကို ဆက်လက်ထိန်းသိမ်း၍ မိမိဘ၀တိုးတက်အောင်၊ မိမိရည်မှန်းချက် မပျောက်အောင် ဘ၀တစ်လျှောက်လုံးဆက်လက် ကြိုးစားအားထုတ်သွားကြရမည် ဖြစ်ကြောင်းဖြင့် ဂုဏ်ပြု အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

Recent News