တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကလောတပ်နယ်ရှိ စစ်ဦးစီးတက္ကသိုလ်မှ နည်းပြအရာရှိကြီးများနှင့် သင်တန်းသားအရာရှိကြီးများအား  Video Conferencing  ဖြင့် အမှာစကားပြောကြား

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကလောတပ်နယ်ရှိ စစ်ဦးစီးတက္ကသိုလ်မှ နည်းပြအရာရှိကြီးများနှင့် သင်တန်းသားအရာရှိကြီးများအား  Video Conferencing  ဖြင့် အမှာစကားပြောကြား

နေပြည်တော်၊ ဇန်နဝါရီ - ၈
    
တပ်မတော်၏ နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို စွမ်းရည်မြင့်မားစွာထမ်းဆောင် နိုင်ရေးအတွက် "အရေအတွက်မှ အရည်အချင်းသို့" ဟူသည့် လေ့ကျင့်ရေးဆောင်ပုဒ် အတိုင်း အင်အားများ၊ အရေအတွက်များကို အရည်အချင်းရှိသူများဖြစ်အောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ထို့အတူ "အရည်အချင်းမှ အရေအတွက်သို့" ဆောင်ရွက်ရန်အတွက်လည်း အရည်အချင်းရှိသူများ များပြားလာအောင် ဆက်လက်၍ ဆောင်ရွက်ကြရန်လိုကြောင်းဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့နံနက်ပိုင်းတွင် ကလောတပ်နယ်ရှိ စစ်ဦးစီးတက္ကသိုလ်မှ နည်းပြအရာရှိကြီးများနှင့် သင်တန်းသားအရာရှိကြီးများအား Video Conferencing  ဖြင့် တွေ့ဆုံအမှာစကားပြောကြားစဉ် ထည့်သွင်းပြောကြားသည်။
    
အဆိုပါ တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ)မှ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊  ဒုတိယဗိုလ်ချုပ်ကြီး မိုးအောင်၊ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းအောင်၊ စစ်ဦးစီးတက္ကသိုလ် ကျောင်းအုပ်ကြီး၊ နည်းပြအရာရှိကြီးများနှင့် သင်တန်းသားအရာရှိကြီးများ တက်ရောက်ကြသည်။
    
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှာစကားပြောကြားရာတွင် ယခင် သင်တန်းအမှတ်စဉ်များတွင် စစ်ဦးစီးတက္ကသိုလ်သို့ တစ်နှစ်လျင်နှစ်ကြိမ်ခန့် လာရောက် တွေ့ဆုံအမှာစကားပြောကြားနိုင်ခဲ့သော်လည်း ယခုအခါ မိမိတို့နိုင်ငံ၌ COVID-19  ရောဂါကူးစက်ဖြစ်ပွားမှုအခြေအနေများအရ ယခုကဲ့သို့ Video Conferencing  ဖြင့်  တွေ့ဆုံအမှာစကားပြောကြားရခြင်းဖြစ်ကြောင်း၊ COVID-19  ရောဂါသည် မိမိတို့နိုင်ငံ ၌ မတ်လ ၂၃ ရက်တွင်စတင်ဖြစ်ပွားခဲ့ပြီး တပ်မတော်တွင်း၌လည်း ကူးစက်ဖြစ်ပွားမှု များရှိခဲ့ကာ ဖြစ်ပွားမှုနှုန်းလျော့နည်းအောင် ထိန်းချုပ်ဆောင်ရွက်လျက်ရှိကြောင်း၊ မည်သို့ပင် ကာကွယ်ကုသဆေးများ ထွက်ပေါ်နေသော်လည်း မိမိကိုယ်ကိုယ် ကူးစက် ခံရခြင်းမရှိအောင် ဆင်ခြင်နေထိုင်ခြင်းသည်သာလျင် အကောင်းဆုံးဖြစ်မည်ဖြစ်ကြောင်း၊ မိမိကိုယ်ကိုယ် ကိုယ်ခံစွမ်းအားကောင်းမွန် အောင်နေထိုင်ခြင်း၊ သွားလာနေထိုင်မှုများကို သတ်မှတ်ထားသည့်၊ ထုတ်ပြန်ထားသည့် စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ အတတ်နိုင်ဆုံး လိုက်နာလုပ်ဆောင်ခြင်းအားဖြင့် မိမိကိုယ်ကိုယ်ကာကွယ်ရာရောက်မည် ဖြစ်ကြောင်း၊ မိမိသာမက မိမိကွပ်ကဲအုပ်ချုပ်ရသည့် တပ်ရင်း၊ တပ်ဖွဲ့များမှ အရာရှိ၊ စစ်သည်များကိုလည်း ရောဂါကာကွယ်ရေးနှင့် ပတ်သက်၍ ပြန်လည်ကြည့်ရှုရမည်၊ တတ်စွမ်းသရွေ့ကူညီစောင့်ရှောက်ကြရမည်ဖြစ်ကြောင်း။ 
    
တပ်မတော်တစ်ရပ်၏ စွမ်းရည်ထက်မြက်ရေးသည် လေ့ကျင့်ရေးပင်ဖြစ်သည့် အတွက် လေ့ကျင့်ရေးုကို ကမ္ဘာ့နိုင်ငံအသီးသီးတွင် အလေးထားဆောင်ရွက်လျက်ရှိသည်ကို လေ့လာတွေ့ရှိကြရမည် ဖြစ်ကြောင်း၊ စစ်ဆင်ရေးဆောင်ရွက်ခြင်းသည် တစ်ဦးတစ်ယောက် တည်းဆောင်ရွက်၍မရသည့်အတွက် လေ့ကျင့်ရေးဆောင်ရွက်ရာတွင် အသင်းအဖွဲ့စနစ်ဖြင့် လုပ်ဆောင်တတ်အောင်လေ့ကျင့်ပေးကြရမည်ဖြစ်ကြောင်း၊ ထို့ကြောင့်လည်း စိတ်ဓာတ် ကျန်းမာကြံ့ခိုင်စေရေး၊ အဖွဲ့အစည်းစိတ်ဓါတ်ဖြင့် စည်းလုံးညီညွတ်စွာဆောင်ရွက် တတ်စေရေး လေ့ကျင့်ဆောင်ရွက်ပေးလျက်ရှိကြောင်းဖြင့် ပြောကြားသည်။
    
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က စစ်ဦးစီးတက္ကသိုလ်မှ သင်ကြား လေ့ကျင့်ပေးလိုက်သည့် အတတ်ပညာနှင့် တွေးခေါ်မြော်မြင်မှုများကို ကြိုးစားအားထုတ် လေ့လာကြရန်နှင့် စာဖတ်ရန်လိုအပ်သည့်အခြေအနေများနှင့် ပတ်သက်၍ ပြောကြား ရာတွင်"တပ်ရင်း တစ်ရင်း၏မူလတာဝန်ဟာ စစ်ဆင်ရေးတာဝန်ထမ်းဆောင်နိုင်ဖို့အတွက် ပေးထားတာ၊ အဲ့တော့ စစ်ဆင်ရေးတာဝန်ထမ်းဆောင်နိုင်ဖို့ဆိုရင် လိုအပ်သည်များကို စစ်ဦးစီး တက္ကသိုလ်မှာ ပိုပြီးတော့မှပြည့်စုံအောင် လုပ်ပေးလိုက်မှာ။ တွေးခေါ် မြော်မြင်မှုတွေကအစ လုပ်ပေးတယ်။ မင်းတို့သာမန်လေး Lecture  နားထောင်တာကအစ စဉ်းစားဖို့လိုတယ်။ စစ်ဦးစီးတက္ကသိုလ် ၊ တက္ကသိုလ်ဆိုတာကတော့ (တက္ကသိလာ) အတတ် ပညာ တွေနဲ့တွေးခေါ်မြော်မြင်မှုတွေ ပေါင်းစပ်ပြီးပေးတာ၊ စစ်မှုအတတ်ပညာတွေ မင်းတို့ဒီမှာလုပ်ပေးတယ်။ ပြီးရင် တွေးခေါ်မြော်မြင်မှုတွေလုပ်ပေးတယ်။  အဲတော့ အဓိက ပြောချင်တာက သင်တန်းသားတစ်ယောက်ရဲ့ဘယ်လောက်တွေးခေါ်မြော်မြင်နိုင်စွမ်းရှိတယ် ဆိုတာ ဒီမှာစမ်းတာ။ အဓိကကတော့ မင်းတို့ဖြစ်စဉ်အကြောင်းအရာတစ်ခုကို ဘယ်လို ဖြေရှင်း ဆောင်ရွက်နိုင်စွမ်းရှိသလဲဆိုတာကို ငါတို့ကလုပ်ပေးတာ။ အဲ့တော့ မင်းတို့ ဒီတက္ကသိုလ်ဆိုပြီး တက်ကတည်းက ဒီတွေးခေါ်မြော်မြင်နိုင်စွမ်းတွေပေါ့။ အတတ်ပညာ နဲ့တွေးခေါ်မြော်မြင်နိုင်စွမ်းနှစ်ခုကို ပေါင်းစပ်ပေးလိုက်တာ။ ပညာနဲ့တွေးခေါ်မြော်မြင်မှုကို ပေါင်းစပ်ပေးလိုက်တာ။ မင်းတို့စစ်ဦးစီးတက္ကသိုလ်တင် မဟုတ်ဘူး နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်လည်း ဒီအတိုင်းပဲ။ အပြင်တက္ကသိုလ်တွေလည်း ဒီအတိုင်းပဲ။ တက္ကသိုလ်ဆိုတာ ကတော့ Study  လုပ်တာပိုများတယ်။ Teaching ပိုင်း မဟုတ်ဘူး၊ Learning နဲ့ Study၊ Learning လုပ်မယ်။Study  လုပ်မယ်။ စာဖတ်ရမယ်၊  မင်းတို့စာကြည့်တိုက်တွေပေးထား တယ်။ စာကြည့်တိုက်တွေမှာစာဖတ်။ စာဆိုတာကတော့ ကိုယ့်ရဲ့ တွေးခေါ်မြော်မြင်နိုင်စွမ်းကို မြှင့်တင်ပေးတာပဲ။ အဲ့တော့အကျိုးရှိတဲ့စာတွေ ဖတ်ပြီးတော့မှ တကယ်လက်တွေ့နယ်ပယ်မှာ လုပ်ငန်း တာဝန်ထမ်းဆောင်တဲ့အခါမှာ ဒီလက်တွေ့လုပ်ရတဲ့ ကိစ္စရပ်တွေပေါ်မှာ ပိုပြီးတော့ မှ ပိုပြီးတော့ကောင်းတဲ့ ဦးဆောင်မှုမျိုးပေးနိုင်တဲ့သူမျိုးဖြစ်အောင် ခုကတည်းက မင်းတို့ ပြင်ဆင်ထားဖို့လိုလိမ့်မယ်။" 
    
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဆက်လက်ပြောကြားရာတွင် ခေါင်းဆောင်မှု ပညာရပ်သည် အလွန်အရေးကြီးပြီး မိမိ၏ခေါင်းဆောင်မှုညံ့ဖျင်းပါက မိမိကိုယ်တိုင်သာ မက မိမိကွပ်ကဲအုပ်ချုပ်ရသူများ၏ အသက်သွေးချွေးများစွာ ဆုံးရှုံးမှုကြီးမားနိုင်မည်ဖြစ် သဖြင့် သင်ကြားပေးသည့်အတတ်ပညာများကို ကျွမ်းကျင်ပိုင်နိုင်မှုရှိအောင် ဆောင်ရွက် ကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်ကိုကာကွယ်နိုင်ရန်အတွက် မိမိသင်ကြားထားသည့် အတတ် ပညာများကို အသုံးချတတ်ရန်လိုအပ်သကဲ့သို့ အသုံးချနိုင်အောင်လည်း အမြဲ မပြတ် လေ့လာအားထုတ်နေရမည်ဖြစ်ကြောင်း၊ ထို့ပြင် မိမိကိုယ်တိုင်ကစပြီး ကျန်းမာ ကြံ့ခိုင်မှုရှိအောင်၊ ကိုယ်ခံစွမ်းအားပြည့်ဝအောင် နေထိုင်ရမည်ဖြစ်သကဲ့သို့ မိမိ လက်အောက်ကိုလည်း နေထိုင်စေရမည်ဖြစ်ကြောင်း၊ မိမိနှင့် မိမိလက်အောက်ကို စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်အောင် လေ့ကျင့်ဆောင်ရွက်ပေးထား နိုင်မှသာလျင် တိုက်စွမ်းရည်၊ တိုက်စွမ်းအား ကောင်းမွန်မြင့်မားအောင်ဖော်ဆောင်နိုင်မည် ဖြစ်ကြောင်း၊ မိမိလက်အောက်ရှိ အရာရှိ၊ စစ်သည်များ၏ စွမ်းဆောင်နိုင်မှုနှင့် အမူအကျင့် များကိုလည်း သိရှိရန်လိုသကဲ့သို့ တစ်ဦးချင်း၏ လုပ်ငန်းတာဝန်ကိုလည်း သိရှိနားလည် ရန်လိုအပ်ကြောင်း၊ ထိုသို့သိရှိမှသာ မှန်ကန်သည့်နေရာချထားမှုကို လုပ်ဆောင်နိုင်မည် ဖြစ်ပြီး လူမှန်နေရာမှန်တာဝန်ပေးအပ်နိုင်မည်ဖြစ်ကြောင်း၊ ခေါင်းဆောင်များအနေဖြင့် မိမိကြုံတွေ့လာရသည့် အကြောင်းကိစ္စရပ်များကို ဘက်ပေါင်းစုံမှ စဉ်းစား၍ဆင်ခြင်တုံ တရားဖြင့် လုပ်ဆောင်ရမည်ဖြစ်ပြီး မိမိတွင်ရှိသည့် အင်အားနှင့် အသုံးအဆောင်ပစ္စည်း များကို စနစ်တကျစီမံ ခန့်ခွဲနိုင်မှသာလျင် အောင်မြင်မှုရရှိနိုင်မည်ဖြစ်ကြောင်း။ 
    
ထို့ပြင် စိတ်ဓာတ်ကြံ့ခိုင်မှုနှင့် စည်းလုံးညီညွတ်မှုများကို တည်ဆောက်နိုင်ရမည် ဖြစ်ပြီး မိမိကိုယ်တိုင်နှင့် မိမိလက်အောက်ကို ရရှိသည့်လစာဝင်ငွေနှင့် လျော်ညီအောင် နေထိုင်သုံးစွဲတတ်စေရေး ထိန်းကျောင်းပေးရမည်ဖြစ်ကြောင်း၊ လစာနှင့် ဝင်ဆန့်အောင် သုံးစွဲနိုင်စေရေးအတွက် တပ်မတော်စက်ရုံ၊ အလုပ်ရုံများမှတစ်ဆင့် လူသုံးကုန်ပစ္စည်းများနှင့် စားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာဖြင့် ထုတ်လုပ်ရောင်းချပေးလျက် ရှိကြောင်း၊ ထို့ပြင် ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသောက်နိုင်ရေးအတွက် တပ်ပိုင် စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများကိုလည်း အောင်မြင်အောင် ဆောင်ရွက်စေလျက်ရှိကြောင်း၊ မိမိ၏ ဦးဆောင်မှုဖြင့် ပေးအပ်လာသည့်တာဝန်ကို ကျေပွန်စွာထမ်းဆောင်နိုင်ရမည်ဖြစ် ကြောင်း၊ ရိုးသားမှု၊ ပူးပေါင်းဆောင်ရွက်မှု၊ ကြိုးစားအားထုတ်မှုတို့ဖြင့်  ရည်မှန်းချက်တာဝန် များကို ကျေပွန်စွာထမ်းဆောင်နိုင်ကြရမည်ဖြစ်ကြောင်း။
    
ဒီမိုကရေစီစနစ်တွင် ရွေးကောက်ပွဲသည် အနှစ်သာရဖြစ်ပြီး မိမိတို့နိုင်ငံ၌ မကြာ မီက အထွေထွေရွေးကောက်ပွဲကြီးကို အောင်မြင်စွာဖြင့် ကျင်းပနိုင်ခဲ့ကြောင်း၊ တပ်မတော်သားများအနေဖြင့်လည်း လွတ်လွတ်လပ်လပ်ဖြင့် ဆန္ဒမဲများပေးနိုင်ခဲ့ကြ ကြောင်း၊ ရွေးကောက်ပွဲမကျင်းပမီကပင် လွတ်လပ်၍ တရားမျှတသည့်ရွေးကောက်ပွဲ ဖြစ်ရန် လိုအပ်သည်ဟု အကြိမ်ကြိမ်ပြောကြားခဲ့ပြီးဖြစ်ကြောင်း၊ ရွေးကောက်ပွဲကျင်းပပြီးနောက် ပြန်လည်ဆန်းစစ်ရာတွင် တရားမျှတမှုမရှိသည့်အခြေအနေများ၊ မရိုးသားမှုများကို တွေ့ရှိရ သဖြင့် ဝေဖန်ထောက်ပြမှုများကို လုပ်ဆောင်နေရခြင်းဖြစ်ကြောင်း၊ ဥပဒေကို မိမိလိုရာဆွဲ၍ လုပ်ဆောင်ခြင်းများမှာ မသင့်တော်ကြောင်း၊ ဖြစ်ပျက်ခဲ့သည့် အမှားအယွင်းများကို ထောက် ပြရခြင်းမှာ မိမိတို့နိုင်ငံရွေးကောက်ပွဲ၏ ဂုဏ်သိက္ခာကိုများစွာထိခိုက်စေနိုင်မည်ဖြစ်သည့် အတွက် ဝေဖန်ထောက်ပြနေခြင်းဖြစ်ကြောင်း၊ မကြာခင်တွင် လွှတ်တော်အစည်းအဝေး ကို ကျင်းပပြုလုပ်မည်ဖြစ်ပြီး ရွေးကောက်ပွဲကျင်းပပြုလုပ်နိုင်ခြင်းမရှိသေးသည့် ရခိုင် ပြည်နယ်နှင့် ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်များတွင် ရွေးကောက်ပွဲကျင်းပပြု လုပ်နိုင်ရေး ဇန်နဝါရီ ၇ ရက်နေ့တွင် ကြေငြာချက်ထုတ်ပြန်၍ တိုက်တွန်းထားရှိကြောင်း၊ သင်တန်းသား အရာရှိကြီးများအနေဖြင့် သင်တန်းပြီးဆုံးပါက ပေးအပ်လာသည့်တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်ရေး သင်တန်းတွင် လေ့လာနိုင်သမျှကို လေ့လာသင်ယူသွားကြစေလို ကြောင်းနှင့် မိမိကိုယ်ကိုနှင့် မိမိတပ်ကိုကောင်းမွန်အောင်၊ တိုးတက်အောင်ကြိုးစား ဆောင်ရွက်သွားကြစေလိုကြောင်းဖြင့် ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

 

Recent News