အရပ်သားဆရာဝန်များနှင့်သူနာပြုများ မရှိ၍ ဆေးကုသရန်အခက်အခဲဖြစ်ပေါ်လျက်ရှိသည့် ကျောက်တံခါး မြို့နယ် ပြည်သူ့ဆေးရုံသို့ တပ်မတော်သားပါရဂူများ၊ ဆရာဝန်များနှင့် သူနာပြုများက သွားရောက်၍ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ စတင်ဆောင်ရွက်

အရပ်သားဆရာဝန်များနှင့်သူနာပြုများ မရှိ၍ ဆေးကုသရန်အခက်အခဲဖြစ်ပေါ်လျက်ရှိသည့် ကျောက်တံခါး မြို့နယ် ပြည်သူ့ဆေးရုံသို့ တပ်မတော်သားပါရဂူများ၊ ဆရာဝန်များနှင့် သူနာပြုများက သွားရောက်၍ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ စတင်ဆောင်ရွက်

နေပြည်တော်၊  ဖေဖော်ဝါရီ - ၂၂

ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ကျောက်တံခါးပြည်သူ့ဆေးရုံမှ ဒေါက်တာ သန့်လွင် ဦးစီး ကျန်းမာရေးဝန်ထမ်း ၁၆ ဦးတို့သည် ၎င်းတို့၏လုပ်ငန်းများ ပျက်ကွက်လျက်ရှိပြီး  ဒေသခံပြည်သူများ၏ ကျန်းမာရေးအား မျက်ကွယ်ပြု၍ CDM လှုပ်ရှားမှုတွင် ပါဝင်ခဲ့ရာ ဒေသခံပြည်သူများအနေဖြင့် ဆေးကုသမှု ခံယူရန် အခက်အခဲများ ဖြစ်ပေါ်လျက်ရှိသဖြင့် ကျောက်တံခါးမြို့နယ်မှ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူ များက  ဖေဖော်ဝါရီ ၂၁ ရက်တွင် တပ်မတော်ဆေးရုံမှ ဆရာဝန်များနှင့်သူနာပြုများ လာရောက်ကုသပေး နိုင်ပါရန် တောင်ပိုင်း တိုင်းစစ်ဌာနချုပ်သို့ အကူအညီတောင်းခံလာခဲ့သည်။

ထိုသို့အကူအညီတောင်းခံလာမှုကြောင့် တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများနှင့် နယ်မြေခံ တပ်မတော်သားများက အဆိုပါဆေးရုံသို့ သွားရောက်၍ ဆေးရုံပြန်လည် ဖွင့်လှစ်နိုင်ရေး ဒေသခံပြည်သူများ နှင့်ပူးပေါင်းကာ ဆေးရုံပရိဘောဂများ ပြန်လည်နေရာ ချထားခြင်း၊ ဆေးရုံအတွင်းအပြင် သန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ ချုံနွယ် ပေါင်းမြက်များ ရှင်းလင်းခြင်းများကို ချက်ချင်း ဆောင်ရွက်ပေး ခဲ့သည်။

ယင်းသို့ဆောင်ရွက်ပေးပြီး ယနေ့နံနက်ပိုင်းတွင် အဆိုပါဆေးရုံသို့ တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှု အောက်ရှိ တပ်မတော်ဆေးရုံမှ၊ တပ်မတော်သားပါရဂူများ၊ ဆရာဝန်များနှင့် သူနာပြုများပါဝင်သော ဆေးကုသရေးအဖွဲ့အား စုဖွဲ့စေလွှတ်ပေးခဲ့ရာ တပ်မတော်သား ဆရာဝန်များနှင့် ကျန်းမာရေး ဝန်ထမ်း များအား မြို့မိမြို့ဖများနှင့် ဒေသခံပြည်သူများက ဝမ်းမြောက်လှိုက်လှဲစွာ ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် တပ်မတော်သားဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်းများက ဆေးရုံဖွင့်လှစ်ကာ ဒေသခံပြည်သူ များအား စတင်လက်ခံ ကုသပေးခဲ့ကြောင်းနှင့် ဒေသခံပြည်သူများ၏ ကျန်းမာရေး စောက်ရှောက်မှု လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်ပေးသွားဖြစ်ကြောင်း သတင်းရရှိသည်။

Recent News