တပ္မေတာ္ေဆးတကၠသိုလ္ အႀကိမ္(၂၀)ေျမာက္ ဘြဲ႕ႏွင္းသဘင္ အခမ္းအနား က်င္းပ

တပ္မေတာ္ေဆးတကၠသိုလ္ အႀကိမ္(၂၀)ေျမာက္ ဘြဲ႕ႏွင္းသဘင္ အခမ္းအနား က်င္းပ

ရန္ကုန္  ဒီဇင္ဘာ   ၁၇

တပ္မေတာ္ေဆးတကၠသိုလ္  အႀကိမ္(၂၀)ေျမာက္ ဘြဲ႕ႏွင္းသဘင္ အခမ္းအနားကို ယေန႔ေန႔လယ္ပိုင္းတြင္ ရန္ကုန္တုိင္းေဒသႀကီး၊ မဂၤလာဒံုၿမိဳ႕နယ္ရွိ တပ္မေတာ္ေဆးတကၠသိုလ္ ဘြဲ႕ႏွင္းသဘင္ခန္းမ၌ က်င္းပရာ တပ္မေတာ္ေဆး တကၠသိုလ္ ေက်ာင္းအုပ္ႀကီး ဗိုလ္မွဴးခ်ဳပ္ၫြန္႔၀င္းေဆြ၊   တပ္မေတာ္ ေဆးတကၠသိုလ္ ပါေမာကၡခ်ဳပ္ ဗိုလ္မွဴးခ်ဳပ္ ကိုကိုလြင္ႏွင့္ တပ္မေတာ္ေဆးတကၠသိုလ္မွ ပညာေရးအဖြဲ႕၀င္မ်ား တက္ေရာက္ၾကသည္။

အခမ္းအနား အစီအစဥ္အရ တပ္မေတာ္ ေဆးတကၠသိုလ္ ေက်ာင္းအုပ္ႀကီး၊ ပါေမာကၡခ်ဳပ္ႏွင့္ ပညာေရး အဖြဲ႕၀င္မ်ားသည္ ဘြဲ႕ႏွင္းသဘင္ခန္းမသို႔ ၀င္ေရာက္၍  သတ္မွတ္ေနရာမ်ားတြင္ ေနရာယူၾကၿပီးေနာက္ ႏုိင္ငံေတာ္ သီခ်င္းတီးမႈတ္၍   ဘြဲ႕ႏွင္းသဘင္ အခမ္းအနားကို ဖြင့္လွစ္သည္။ ထို႔ေနာက္ ပါေမာကၡခ်ဳပ္က  ဘြဲ႕ႏွင္းသဘင္ က်င္းပေၾကာင္း ေၾကညာၿပီး  ဘြဲ႕ယူမည့္သူမ်ားအား ကတိသစၥာခံယူေစျခင္း၊ ေမာ္ကြန္းထိန္းက ဘြဲ႕ယူမည့္သူမ်ားကို ပါေမာကၡခ်ဳပ္ထံသို႔ ပို႔ေဆာင္ျခင္းတို႔ကို ေဆာင္ရြက္ၾကသည္။ 

ဆက္လက္၍ ပါေမာကၡခ်ဳပ္က ေဆးပညာဘြဲ႕ ၄၀ ဦး၊ သြားဘက္ဆုိင္ရာ ေဆးပညာဘြဲ႕ ေလးဦး စုစုေပါင္း ၄၄ ဦးတို႔အား ဘြဲ႕လက္မွတ္မ်ား အပ္ႏွင္းသည္။ ထို႔ေနာက္ အေဆာင္အေယာင္ အမွတ္လကၡဏာျဖစ္သည့္ ၀တ္႐ံုမ်ားကို   ၀တ္ဆင္ခြင့္ျပဳခဲ့ၿပီး ဘြဲ႕ႏွင္းသဘင္ မွတ္တမ္းစာအုပ္တြင္ လက္မွတ္ေရးထိုးသည္။

ယင္းေနာက္ ေက်ာင္းအုပ္ႀကီးက ဘြဲ႕ႏွင္းသဘင္ မိန္႔ခြန္းေျပာၾကားၿပီး အခမ္းအနားကို ႐ုပ္သိမ္းေၾကာင္းေၾကညာကာ တပ္မေတာ္ေဆးတကၠသိုလ္ေက်ာင္းအုပ္ႀကီး၊ ပါေမာကၡခ်ဳပ္ႏွင့္ ပညာေရး အဖြဲ႕၀င္မ်ားသည္ ဘြဲ႕ႏွင္းသဘင္ခန္းမမွ ျပန္လည္ထြက္ခြာၾကသည္။

တပ္မေတာ္ေဆးတကၠသိုလ္အေနျဖင့္ စတင္ဖြင့္လွစ္သည့္အခ်ိန္မွစ၍ ယေန႔အခ်ိန္အထိ ေဆးပညာမဟာသိပၸံဘြဲ႕ ၂၁၃၆ ဦး၊ ေဆးလက္ေတြ႕ႏွင့္ ေဆးလက္ေတြ႕ အေျခခံ ပါရဂူဘြဲ႕ ၁၃၈ ဦး၊ ေဆးပညာ သင္ၾကားေရးဘြဲ႕လြန္ ဒီပလိုမာ ၂၀၇ ဦး၊ ေဆးပညာဘြဲ႕လြန္ ဒီပလိုမာရရွိသူ ၁၈၉ ဦးတို႔အား ဘြဲ႕မ်ား အပ္ႏွင္းႏုိင္ခဲ့ၿပီးျဖစ္သည္။

အဆိုပါ တပ္မေတာ္ေဆးတကၠသိုလ္ ဗိုလ္ေလာင္းမ်ား ရရွိခဲ့သည့္ ပညာရည္ထူးခၽြန္ဆု အဆင့္မ်ား၊ ဂုဏ္ထူးမ်ားသည္ တပ္မေတာ္ေဆးတကၠသိုလ္မွ   ပါေမာကၡခ်ဳပ္၊ ပါေမာကၡ၊ ဌာနမွဴးမ်ားႏွင့္သာ စစ္ေဆးခဲ့ျခင္း မဟုတ္ဘဲ ေဆးတကၠသိုလ္(၁)ရန္ကုန္၊ ေဆးတကၠသိုလ္(၂)ရန္ကုန္၊ ေဆးတကၠသိုလ္(မႏၱေလး)၊ ေဆးတကၠသိုလ္(မေကြး)၊ ေဆးတကၠသိုလ္ (ေတာင္ႀကီး)စသည့္ တစ္ႏုိင္ငံလံုးရွိ ေဆးတကၠသိုလ္ အသီးသီးမွ ပါေမာကၡခ်ဳပ္မ်ား၊ ပါေမာကၡ မ်ားႏွင့္ စာစစ္ပုဂ္ၢိဳလ္ မ်ား၏ စစ္ေဆးခ်က္မ်ားႏွင့္အညီ ခ်ီးျမႇင့္ျခင္း ျဖစ္ေၾကာင္း၊ တပ္မေတာ္ေဆးတကၠသိုလ္၏ သင္႐ိုးၫႊန္းတမ္းမ်ားကိုလည္း  အျခား ေဆးတကၠသိုလ္မ်ားႏွင့္ ညိႇႏိႈင္းေရးဆြဲၿပီး တကၠသိုလ္မ်ား ဗဟိုေကာင္စီ တို႔က စံသတ္မွတ္ခ်က္ မ်ားႏွင့္အညီ ဂုဏ္ထူးေပးျခင္းမ်ားကို ေဆာင္ရြက္လ်က္ရွိေၾကာင္း သတင္း ရရွိသည္။ 

(Unicode Version)

တပ်မတော်ဆေးတက္ကသိုလ် အကြိမ်(၂၀)မြောက် ဘွဲ့နှင်းသဘင် အခမ်းအနား ကျင်းပ

ရန်ကုန်  ဒီဇင်ဘာ   ၁၇

တပ်မတော်ဆေးတက္ကသိုလ်  အကြိမ်(၂၀)မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားကို ယနေ့နေ့လယ်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်ဆေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ တပ်မတော်ဆေး တက္ကသိုလ် ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်ညွန့်ဝင်းဆွေ၊   တပ်မတော် ဆေးတက္ကသိုလ် ပါမောက္ခချုပ် ဗိုလ်မှူးချုပ် ကိုကိုလွင်နှင့် တပ်မတော်ဆေးတက္ကသိုလ်မှ ပညာရေးအဖွဲ့ဝင်များ တက်ရောက်ကြသည်။

အခမ်းအနား အစီအစဉ်အရ တပ်မတော် ဆေးတက္ကသိုလ် ကျောင်းအုပ်ကြီး၊ ပါမောက္ခချုပ်နှင့် ပညာရေး အဖွဲ့ဝင်များသည် ဘွဲ့နှင်းသဘင်ခန်းမသို့ ဝင်ရောက်၍  သတ်မှတ်နေရာများတွင် နေရာယူကြပြီးနောက် နိုင်ငံတော် သီချင်းတီးမှုတ်၍   ဘွဲ့နှင်းသဘင် အခမ်းအနားကို ဖွင့်လှစ်သည်။ ထို့နောက် ပါမောက္ခချုပ်က  ဘွဲ့နှင်းသဘင် ကျင်းပကြောင်း ကြေညာပြီး  ဘွဲ့ယူမည့်သူများအား ကတိသစ္စာခံယူစေခြင်း၊ မော်ကွန်းထိန်းက ဘွဲ့ယူမည့်သူများကို ပါမောက္ခချုပ်ထံသို့ ပို့ဆောင်ခြင်းတို့ကို ဆောင်ရွက်ကြသည်။ 

ဆက်လက်၍ ပါမောက္ခချုပ်က ဆေးပညာဘွဲ့ ၄၀ ဦး၊ သွားဘက်ဆိုင်ရာ ဆေးပညာဘွဲ့ လေးဦး စုစုပေါင်း ၄၄ ဦးတို့အား ဘွဲ့လက်မှတ်များ အပ်နှင်းသည်။ ထို့နောက် အဆောင်အယောင် အမှတ်လက္ခဏာဖြစ်သည့် ဝတ်ရုံများကို   ဝတ်ဆင်ခွင့်ပြုခဲ့ပြီး ဘွဲ့နှင်းသဘင် မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးသည်။

ယင်းနောက် ကျောင်းအုပ်ကြီးက ဘွဲ့နှင်းသဘင် မိန့်ခွန်းပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းကြောင်းကြေညာကာ တပ်မတော်ဆေးတက္ကသိုလ်ကျောင်းအုပ်ကြီး၊ ပါမောက္ခချုပ်နှင့် ပညာရေး အဖွဲ့ဝင်များသည် ဘွဲ့နှင်းသဘင်ခန်းမမှ ပြန်လည်ထွက်ခွာကြသည်။

တပ်မတော်ဆေးတက္ကသိုလ်အနေဖြင့် စတင်ဖွင့်လှစ်သည့်အချိန်မှစ၍ ယနေ့အချိန်အထိ ဆေးပညာမဟာသိပ္ပံဘွဲ့ ၂၁၃၆ ဦး၊ ဆေးလက်တွေ့နှင့် ဆေးလက်တွေ့ အခြေခံ ပါရဂူဘွဲ့ ၁၃၈ ဦး၊ ဆေးပညာ သင်ကြားရေးဘွဲ့လွန် ဒီပလိုမာ ၂၀၇ ဦး၊ ဆေးပညာဘွဲ့လွန် ဒီပလိုမာရရှိသူ ၁၈၉ ဦးတို့အား ဘွဲ့များ အပ်နှင်းနိုင်ခဲ့ပြီးဖြစ်သည်။

အဆိုပါ တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်းများ ရရှိခဲ့သည့် ပညာရည်ထူးချွန်ဆု အဆင့်များ၊ ဂုဏ်ထူးများသည် တပ်မတော်ဆေးတက္ကသိုလ်မှ   ပါမောက္ခချုပ်၊ ပါမောက္ခ၊ ဌာနမှူးများနှင့်သာ စစ်ဆေးခဲ့ခြင်း မဟုတ်ဘဲ ဆေးတက္ကသိုလ်(၁)ရန်ကုန်၊ ဆေးတက္ကသိုလ်(၂)ရန်ကုန်၊ ဆေးတက္ကသိုလ်(မန္တလေး)၊ ဆေးတက္ကသိုလ်(မကွေး)၊ ဆေးတက္ကသိုလ် (တောင်ကြီး)စသည့် တစ်နိုင်ငံလုံးရှိ ဆေးတက္ကသိုလ် အသီးသီးမှ ပါမောက္ခချုပ်များ၊ ပါမောက္ခ များနှင့် စာစစ်ပုဂ်္ဂိုလ် များ၏ စစ်ဆေးချက်များနှင့်အညီ ချီးမြှင့်ခြင်း ဖြစ်ကြောင်း၊ တပ်မတော်ဆေးတက္ကသိုလ်၏ သင်ရိုးညွှန်းတမ်းများကိုလည်း  အခြား ဆေးတက္ကသိုလ်များနှင့် ညှိနှိုင်းရေးဆွဲပြီး တက္ကသိုလ်များ ဗဟိုကောင်စီ တို့က စံသတ်မှတ်ချက် များနှင့်အညီ ဂုဏ်ထူးပေးခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိသည်။ 

Recent News