ဘူမိဖဿမုဒြာထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို နေပြည်တော်တွင် တည်ထားကိုးကွယ်နိုင်ရန် စကျင်ကျောက်တုံးတော်များ ရွှေ့ပြောင်းနိုင်ရေး ကြိုတင်ဆောင်ရွက်

ဘူမိဖဿမုဒြာထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို နေပြည်တော်တွင် တည်ထားကိုးကွယ်နိုင်ရန် စကျင်ကျောက်တုံးတော်များ ရွှေ့ပြောင်းနိုင်ရေး ကြိုတင်ဆောင်ရွက်

နေပြည်တော်၊ ဇူလိုင် - ၂

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ စကျင်ကျေးရွာအနီး စကျင်တောင်မှ ထွက်ရှိ သည့် စကျင်ကျောက်တုံးတော်ကြီးကို ဉာဏ်တော်အမြင့် ၆၃ ပေ၊ ပလ္လင်တော်အမြင့် ၁၈ ပေရှိ ဘူမိဖဿမုဒြာထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအဖြစ် နေပြည်တော်ကောင်စီ နယ်မြေ၊ ဒဏ္ခိဏသီရိမြို့နယ်တွင် တည်ထားကိုးကွယ်နိုင်ရေး Shwe Foundation ၏ လွှဲချက်အရ သီတဂူဆရာတော်ဘုရားကြီး၊ ရွှေသုဝဏ်ဆရာတော်နှင့် ပါမောက္ခချုပ်ဆရာတော် တို့ထံမှ သြဝါဒခံယူပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဦးဆောင်၍ အများစုပေါင်း လှူဒါန်းမှုဖြင့် တပ်မတော်က ဆောင်ရွက်လျက်ရှိပါသည်။

ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ပလ္လင်တော်တို့အတွက် စကျင်ကျောက်တုံး တော်များကို တူးဖော်ခြင်း၊ အပိုင်းလိုက် ဖြတ်တောက်ခြင်းများကို ၂၀၁၉ ခုနှစ်မှစ၍ ဆောင်ရွက် လျက်ရှိရာ ပလ္လင်တော်အတွက် စကျင်ကျောက်တုံးတော်များ ရွှေ့ပြောင်းပင့်ဆောင်နိုင်ရေး အပိုင်းလိုက် တူးဖော်ဖြတ်တောက်မှုကို ၂၀၂၀ ပြည့်နှစ်၊ ဇွန်လတွင် ပြီးစီးခဲ့သည်။ အဆိုပါ ဖြတ်တောက်ပြီးစီးခဲ့သည့် စကျင်ကျောက်တုံးတော်ကြီးများကို ရေယာဉ်ဖြင့် သယ်ယူ ပင့်ဆောင်နိုင်ရေး ကြိုတင်လေ့ကျင်ခြင်းကို ဇူလိုင်လ ၁ ရက်တွင် ဆောင်ရွက်ခဲ့ပြီး ပလ္လင်တော် အပိုင်း(၁)နှင့် အပိုင်း(၄)ကို ရေယာဉ်ပေါ်သို့ တင်ဆောင်ထားရှိပြီးဖြစ်သည်။

တင်ဆောင်ထားရှိပြီးဖြစ်သည့် ပလ္လင်တော်အပိုင်း(၁)နှင့် အပိုင်း(၄) စကျင်ကျောက် တုံးတော်ကြီးများကို ဇူလိုင်လ ၃ ရက် မင်္ဂလာအချိန်တွင် စကျင်တောင်မှ မြောင်မြစ်အတွင်းသို့ လည်းကောင်း၊ မြောင်မြစ်မှတစ်ဆင့် ဧရာဝတီမြစ်ကြောင်းအတိုင်း စုန်ဆင်း၍ ရေလမ်းကြောင်း ဖြင့် ဆီမီးခုံဆိပ်ကမ်းသို့ စတင်ပင့်ဆောင်မည်ဖြစ်ကြောင်း၊ စကျင်ကျောက်တုံးတော်ကြီး စုစုပေါင်းအပိုင်း(၉)ပိုင်း ခွဲခြား၍ ရေယာဉ်များဖြင့် ဆက်လက်ပင့်ဆောင်သွားမည်ဖြစ်ကြောင်းနှင့် ဆီမီးခုံဆိပ်ကမ်း မှတစ်ဆင့် တံတားဦးစကားအင်းဝိုင်း၊ ၎င်းမှတစ်ဆင့် မန္တလေး-ရန်ကုန် အမြန်လမ်းမကြီးအတိုင်း နေပြည်တော်သို့ ကုန်းလမ်းအတိုင်း အဆင့်ဆင့်ဆက်လက် ပင့်ဆောင်၍ ဘူမိဖဿမုဒြာထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအဖြစ် တည်ထား ကိုးကွယ်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

စကျင်ကျောက်တုံးတော်ကြီးများ ရွှေ့ပြောင်းပင့်ဆောင်မည့် ဆောင်ရွက်နေမှုများကို ယနေ့ညနေပိုင်းတွင် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များနှင့် သီတဂူဆေးရုံတော်များ၏အဓိပတိ၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ၊ မဟာဓမ္မကထိက၊ ဗဟုဇနဟိတဓရ၊ တွဲဖက်ရွှေကျင်သာသနာပိုင်၊ သီတဂူဆရာတော် ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရ နှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကိုကိုဦး တို့က သွားရောက်ကြည့်ရှုစစ်ဆေး ကြသည်။

ဦးစွာ သီတဂူဆရာတော်ဘုရားကြီးအား တိုင်းမှူးနှင့် တာဝန်ရှိသူများက ဆောင်ရွက် နေမှုအခြေအနေများကို တင်ပြလျှောက်ထားကြပြီး သီတဂူဆရာတော်ဘုရားကြီးက အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်သရဇ္ဈယ်တော်မူသည်။ ယင်းနောက် သီတဂူ ဆရာတော်ဘုရားကြီး၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် ရေယာဉ်ပေါ်၌ တင်ဆောင်ထားသော စကျင်ကျောက်တုံးတော်ကြီးများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သတင်းရရှိသည်။

Recent News