ဘူမိဖဿမုဒြာထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ပလ္လင်တော်အစိတ်အပိုင်း များအား ပြည်ကြီးမွန် ဖောင်တော်ဖြင့်  လှေတော်ဝင်းခင်း၍  စတင်ပင့်ဆောင်ပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနား ကျင်းပ

ဘူမိဖဿမုဒြာထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ပလ္လင်တော်အစိတ်အပိုင်း များအား ပြည်ကြီးမွန် ဖောင်တော်ဖြင့်  လှေတော်ဝင်းခင်း၍  စတင်ပင့်ဆောင်ပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနား ကျင်းပ

နေပြည်တော် ၊ ဇူလိုင် ၃
     
နေပြည်တော်တွင် တည်ထားကိုးကွယ်မည့် ဘူမိဖဿမုဒြာထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ပလ္လင်တော်အစိတ်အပိုင်းများအား ပြည်ကြီးမွန်ဖောင်တော်ဖြင့်  လှေတော်ဝင်းခင်း၍  စတင်ပင့်ဆောင်ပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ် စကျင်ကျေးရွာအနီး၌  ကျင်းပပြုလုပ်ရာ မန္တလေးမြို့၊ အဝေရာရာမရန်ကင်းကျောင်းတိုက်ဦးစီး ပဓာနနာယက ရွှေကျင်ဂိုဏ်း အကျိုးတော်ဆောင် အဂ္ဂမဟာပဏ္ဍိတ ၊အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာ ဂန္တဝါစက ပဏ္ဍိတ၊ဘဒ္ဒန္တ သြဒါတသီရိဘိဝံသအမှူးပြုသော သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကိုယ်စား ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော် အရာရှိကြီးများ၊ အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကိုကိုဦးနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။
    
ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ကြပြီး နောက် ကြွရောက်ချီးမြှင့်တော်မူကြသော သံဃာတော်များမှ  ဂုဏ်တော်ကိုးပါးနှင့် သရဏဂုံ သုံးပါးအား သုံးကြိမ်ရွတ်ဖတ်ပူဇော်ကြသည်။
    
ဆက်လက်၍ ဘူမိဖဿမုဒြာထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ပင့်ဆောင်ပူဇော်ခြင်းအကြောင်းအား ဘုရားဒါယကာ၊ ဘုရားဒါယိကာမများကိုယ်စား  အခမ်းအနားမှူးမှ  လျှောက်ထားပြီး ဝင်းခင်းပူဇော်ရန်အတွက် ဒေဝါဝင်း၊ ရာဇာဝင်းများ ပြည်ကြီးမွန်ဖောင်တော်ထက်သို့ ကြွရောက်နေရာယူကြသည်။
    
ထို့နောက် ရေယာဉ်ပေါ်တွင် တင်ဆောင်ထားသည့် ဘူမိဖဿမုဒြာထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ပလ္လင်တော် အပိုင်း(၁)နှင့် အပိုင်း(၄)အား   တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်စား ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် တာဝန်ရှိသူများမှ  အမွှေးနံသာရည် ပက်ဖြန်းပူဇော်ပြီး မင်္ဂလာ လှေတော်ဝင်းအဖွဲ့မှ လှေလှော်သံ တက်ယိမ်းဖြင့် ပူဇော်ကြသည်။
     
ဆက်လက်၍ ပြည်ကြီးမွန်ဖောင်တော်ကြီး စတင်ထွက်ခွာရန်အတွက်  လှေလှော်သား များမှ  လှေလှော်သံသီချင်းဖြင့်  ပင့်ဆောင်ပူဇော်၍  မင်္ဂလာစည်တော်ကြီးအဖွဲ့က ရေကင်းသံ တီးမှုတ်ပူဇော်ကြပြီး  နတ်ဒေဝါများကို အမျှပေးဝေခြင်း ဆောက်ရွက်သည်။
    
ယင်းနောက်  ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ် ရွတ်ဆိုဆုတောင်း၍ အခမ်းအနား အောင်မြင်ပြီးမြောက်ခြင်း အထိမ်းအမှတ်အဖြစ်  ရတနာရွှေမိုးငွေမိုး ရွာသွန်းပြီး  တက်ရောက်လာသောဧည့်သည်တော်များအား ကာကွယ်ရေးဦးစီးချုပ်(ရေ) က လိုက်လံ နှုတ်ဆက်သည်။
    
 ယနေ့အခမ်းအနားဖြင့် ပင့်ဆောင်ခဲ့သော ပလ္လင်တော်အပိုင်း(၁) စကျင် ကျောက် တော်ကြီးမှာ ၆၈၄ တန်ခန့်နှင့် ပလ္လင်တော်အပိုင်း(၄)မှာ စကျင်ကျောက်တော်ကြီး ၆၃၈ တန်ခန့် ရှိပြီး M.V Moon Light  ရေယာဉ်ဖြင့် တင်ဆောင်၍စကျင်တောင်မှ မြောင်မြစ်အတိုင်း ဧရာဝတီမြစ်အတွင်းမှတစ်ဆင့် ဆီမီးခုံဆိပ်ကမ်းသို့ ပင့်ဆောင်မည်ဖြစ်ပြီး ဇူလိုင် ၄ ရက် တွင် ဆီမီးခုံဆိပ်ကမ်းသို့ ရောက်ရှိမည်ဖြစ်ပါသည်။ 

ဆက်လက်၍ ၃၆၅ တန်ခန့်ရှိ ပလ္လင်တော် အပိုင်း(၃)စကျင်ကျောက်တော်ကြီးနှင့် ၃၆၅ တန်ခန့်ရှိ ပလ္လင်တော်အပိုင်း(၅)စကျင်ကျောက် တော်ကြီးတို့ကိုလည်း ဇူလိုင် ၅ ရက်တွင် စကျင်တောင်မှ ဆီမီးခုံဆိပ်ကမ်းသို့ ဆက်လက် ပင့်ဆောင်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 
    

Recent News