အာဆီယံကြည်းတပ်ဦးစီးချုပ်များ Virtual Conference အစည်းအဝေးကျင်းပ

 

အာဆီယံကြည်းတပ်ဦးစီးချုပ်များ  Virtual Conference အစည်းအဝေးကျင်းပ

နေပြည်တော်၊ ဇူလိုင် - ၉
    
ယနေ့နံနက်ပိုင်းတွင် အာဆီယံကြည်းတပ်ဦးစီးချုပ်များ၏ Virtual Conference အစည်းအဝေးအားကျင်းပပြုလုပ်ရာ အစည်းအဝေးတွင် အာဆီယံနိုင်ငံများမှ ကြည်းတပ် ဦးစီးချုပ်များနှင့်အတူ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ပါဝင်တက်ရောက်၍ ၂၀၂၀ ပြည့်နှစ် (၂၁)ကြိမ်မြောက် အာဆီယံကြည်းတပ်ဦးစီးချုပ်များအစည်းအဝေး (21st ASEAN Chiefs of Army Multilateral Meeting- ACAMMXXI) နှင့် (၃၀)ကြိမ်မြောက်အာဆီယံနိုင်ငံ တပ်မတော်(ကြည်း)များသေနတ်ပစ်ပြိုင်ပွဲ (30th ASEAN Armies Rifle Meet- AARM XXX) များ ကျင်းပနိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးကြသည်။
    
အစည်းအဝေးတွင် အာဆီယံနိုင်ငံအသီးသီး၌  COVID -19  ရောဂါဖြစ်ပွားမှု အခြေအနေများ၊ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ဆောင်ရွက်နေမှုအခြေအနေ များနှင့် အာဆီယံတပ်မတော်အလိုက် ထိရောက်စွာပါဝင်ကူညီဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။
    
အစီအစဉ်အရ ၂၀၂၀ ပြည့်နှစ် (၂၁)ကြိမ်မြောက် အာဆီယံကြည်းတပ်ဦးစီးချုပ်များ အစည်းအဝေးအား ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလတွင် အလှည့်ကျအိမ်ရှင်အဖြစ် ဘရူနိုင်း နိုင်ငံမှ ဦးဆောင်၍ Virtual Conferencing စနစ်ဖြင့်အစည်းအဝေးကျင်းပရန်နှင့် COVID -19   ကူးစက်ပြန့်ပွားမှုအခြေအနေများကြောင့် (၃၀)ကြိမ်မြောက်အာဆီယံနိုင်ငံ တပ်မတော်(ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲ (AARM XXX)   အား ကျင်းပခြင်းမပြုရန် ညှိနှိုင်းဆွေးနွေးသဘောတူ ဆုံးဖြတ်ကြသည်။
    
ဆက်လက်၍ ၂၀၂၁ ခုနှစ်အတွက် (၂၂)ကြိမ်မြောက်အာဆီယံကြည်းတပ်ဦးစီးချုပ် များအစည်းအဝေးနှင့်(၃၀)ကြိမ်မြောက်အာဆီယံနိုင်ငံတပ်မတော်(ကြည်း)များ သေနတ်ပစ် ပြိုင်ပွဲအား အလှည့်ကျသည့်မြန်မာနိုင်ငံမှ အိမ်ရှင်နိုင်ငံအဖြစ်လက်ခံကျင်းပရန် ဆွေးနွေး ညှိနှိုင်းပြီးနောက် ကျင်းပပြုလုပ်ရန် သဘောတူဆုံးဖြတ်သည်။
    
မြန်မာနိုင်ငံအနေဖြင့် ၂၀၁၃ ခုနှစ်ကလည်း (၁၄)ကြိမ်မြောက် အာဆီယံကြည်း တပ်ဦးစီးချုပ်များအစည်းအဝေး(ACAMM  XIV) နှင့် (၂၃) ကြိမ်မြောက် အာဆီယံနိုင်ငံ တပ်မတော်(ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲ (AARM XXIII)   ကိုအိမ်ရှင်နိုင်ငံအဖြစ် အောင်မြင်စွာ လက်ခံကျင်းပနိုင်ခဲ့ပြီးဖြစ်ကာ ၂၀၂၁ ခုနှစ်တွင် အလှည့်ကျစနစ်အရ အိမ်ရှင်အဖြစ် ထပ်မံလက်ခံကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 

Recent News