ရန်ကုန်မြို့၊ ဗဟိုအမျိုးသမီးဆေးရုံကြီးသို့  Covid-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး ပစ္စည်းများ၊ ဆေးရုံသုံးပစ္စည်းများနှင့် အာဟာရဖြည့် စားသောက်ဖွယ်ရာများပေးအပ် လှူဒါန်း

ရန်ကုန်မြို့၊ ဗဟိုအမျိုးသမီးဆေးရုံကြီးသို့  Covid-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး ပစ္စည်းများ၊ ဆေးရုံသုံးပစ္စည်းများနှင့် အာဟာရဖြည့် စားသောက်ဖွယ်ရာများပေးအပ် လှူဒါန်း

နေပြည်တော်၊  ဇူလိုင် - ၁၀
    
Coronavirus Disease 2019(Covid-19)  ရောဂါသည် ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံ များတွင် ဖြစ်ပွားလျက်ရှိကာ မြန်မာနိုင်ငံတွင်လည်း ကူးစက်ပြန့်ပွားမှုများ ဆက်လက် ဖြစ်ပေါ်လျှက်ရှိသည်။ တပ်မတော်အနေဖြင့်  (Covid-19)  ရောဂါဖြစ်ပေါ်နေသည့် ကာလအတွင်း နိုင်ငံအနံှ့ရှိ အထူးကုဆေးရုံကြီးများ ၊ အထွေထွေရောဂါကုဆေးရုံကြီး များ၊ ခရိုင်ဆေးရုံများ၊ မြို့နယ်ဆေးရုံများ၊ တိုက်နယ်ဆေးရုံများနှင့် ကျေးလက် ကျန်းမာရေး ဌာနများသို့ (Covid-19)  ရောဂါကာကွယ်ရေးအထောက်အကူပြု ဆေးနှင့် ဆေးပစ္စည်း များ၊ အာဟာရဖြည့် စားသောက်ဖွယ်ရာများကို ပေးအပ်လှူဒါန်းလျက်ရှိသည်။
    
ယနေ့နံနက်ပိုင်းတွင်လည်း တပ်မတော်(ကြည်း၊ ရေ၊ လေ)က ရန်ကုန်တိုင်းဒေသ ကြီး လမ်းမတော်မြို့နယ်ရှိ ဗဟိုအမျိုးသမီးဆေးရုံကြီးသို့ Coronavirus Disease 2019(Covid-19)  ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး ပစ္စည်းများ၊ ဆေးရုံသုံးပစ္စည်း များနှင့် အာဟာရဖြည့် စားသောက်ဖွယ်ရာများကို သွားရောက်ပေးအပ်လှူဒါန်းသည်။
    
အဆိုပါအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဋ္ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ညွန့်ဝင်းဆွေ၊ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဋ္ဌာန၊ ဋ္ဌာနမှူး ဒေါက်တာ ဦးထွန်းမြင့်၊ ဆေးရုံအုပ်ကြီး ဒေါက်တာ ဒေါ်ခင်မေသွင်နှင့် အဖွဲ့ဝင်များတက်ရောက်ကြသည်။
    
ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က Coronavirus Disease 2019(Covid-19)  ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး ပစ္စည်းများနှင့် ဆေးရုံသုံးပစ္စည်းများ ပေးအပ် လှူဒါန်းခြင်းနှင့် ပတ်သက်၍ အမှာစကား ပြောကြားရာတွင် "အာရောဂျံ ပရမံ လာဘံ" ဟူသော စကားနှင့် အညီ ကျန်းမာခြင်းသည် လာဘ်တစ်ပါးဖြစ်ပြီး လူတိုင်း ကျန်းမာခြင်း ကို လိုလားကြပါကြောင်း၊ ကျန်းမာရေး၌ ကာကွယ်ခြင်းနှင့် ကုသခြင်းဟု အပိုင်း (၂) ပိုင်းရှိရာ ကာကွယ်ခြင်းအပိုင်း၌ တပ်မတော်အနေဖြင့် ပြည်သူလူထု၊ အဖွဲ့အစည်းများ  ဖြင့် ပူးပေါင်းဝိုင်းဝန်းဆောင်ရွက်လျက်ရှိပြီး ကုသခြင်းအပိုင်းကိုမူ ကျန်းမာရေးအဖွဲ့အစည်း များက လုပ်ဆောင်နေကြောင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့် ကာကွယ်ခြင်းအပိုင်းတွင် လိုအပ်ချက်များ များစွာရှိနေမည်ဖြစ်သည့်အတွက် ပြည်သူများပါဝင်ဆောင်ရွက်ကြရ မည်ဖြစ်ကြောင်း၊ တပ်မတော်သည် တိုင်းပြည်၏အစိတ်အပိုင်းဖြစ်ပြီး ပြည်သူကြားမှ ပေါက်ဖွားလာသည့်အတွက် ကျန်းမာရေးနှင့် ပတ်သက်၍ ကာကွယ်စောင့်ရှောက်ခြင်း များကို အမြဲမပြတ် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဗဟိုအမျိုးသမီးဆေးရုံကြီးသည် အမျိုးသမီးများ၊ မိခင်များအတွက် အမျိုးသမီးဆိုင်ရာရောဂါများကို အဓိက ကုသပေးလျက် ရှိသည့် အရေးပါသည့် ဆေးရုံကြီးဖြစ်ပြီး ယခုကဲ့သို့ တတ်နိုင်သရွေ့ ကူညီလှူဒါန်း နိုင်ခဲ့သည့်အတွက် ဝမ်းသာမိပါကြောင်း။
    
Covid-19   ရောဂါဖြစ်ပွားနေသည့် ကာလဖြစ်သည့်အတွက် ဆင်ခြင်နေထိုင်ကြရ မည်ဖြစ်ပြီး မမြင်ရ၊ မကြားရသည့် အတွက် မဖြစ်နိုင်၊ မကူးစက်နိုင်ဟု အာမခံနိုင်မည် မဟုတ်ကြောင်း၊ ထို့ကြောင့် ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး ပစ္စည်းများနှင့် ဆေးရုံသုံးပစ္စည်းများကို လှူဒါန်းရခြင်းဖြစ်ပါကြောင်း၊ တန်ဖိုးအားဖြင့် မများသော်လည်း အထိုက်အလျောက် အထောက်အကူဖြစ်စေနိုင်မည်ဖြစ်ကြောင်း၊ လူ၏အသက်ထက် တန်ဖိုးကြီးသည်မှာ မရှိသည့်အတွက် ကျန်းမာရေးကို အလေးထားကြစေလိုကြောင်း၊ ကျန်းမာမှ အလုပ်လုပ်နိုင်မည်၊ ကျန်းမာမှ ပညာသင်ကြားနိုင်မည်ဖြစ်ကြောင်း၊ ကျန်းကျန်း မာမာ ဖြစ်စေလိုသည့်စိတ်ဆန္ဒဖြင့် လှူဒါန်းခြင်းဖြစ်ပြီး လိုအပ်ချက်များရှိပါကလည်း တပ် မတော်က ဆက်လက်ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။        

ထို့နောက် ဗဟိုအမျိုးသမီး ဆေးရုံကြီးအတွက် Coronavirus Disease 2019(Covid-19)  ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး ပစ္စည်းများနှင့် ဆေးရုံသုံးပစ္စည်းများဖြစ်သည့်  Surgical Masks ၂၀၀၀၀ ခု၊ N 95 Mask၅၀၀ ခု၊ Surgical Gown  ၅၀၀ စုံ၊Glove ၁၀၀၀ ခု၊ Sodium Hypochloride  ၃ ပုံး၊  Daptone (ကလေးနှလုံးခုန်နှုန်းတိုင်းစက်) ၅ စုံ၊ CTG Machine( Fetal Monitor) (ကလေးနှလုံးခုန်နှုန်းနှင့် မိခင်သားအိမ်ညှစ်နှုန်းတိုင်း စက်) ၂ စုံ၊ Portable Ultrasound ၁ စုံ၊ Portable X-Ray ၁ စုံတို့ကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ပေးအပ်လှူဒါန်းရာ ဆေးရုံအုပ်ကြီး ဒေါက်တာ ဒေါ်ခင်မေသွင် က လက်ခံရယူသည်။
    
ဆက်လက်၍ ဆေးရုံတက်လူနာများနှင့် ဆေးရုံဝန်ထမ်းများအတွက် အာဟာရဖြည့် စားသောက်ဖွယ်ရာများဖြစ်သည့် ကြက်ဥ ၁၃၀၀ လုံး၊ ဒိန်ချဉ် ၁၃၀၀ ဘူး၊  ရွှေဖီဦး အထုပ်ကြီး ၄၄ ထုပ်နှင့် နန်းမြိုင်ကော်ဖီထုပ်ကြီး ၄၄ ထုပ်တို့ကို စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်းက ပေးအပ်လှူဒါန်းရာ ဆေးရုံအုပ်ကြီး ဒေါက်တာ ဒေါ်ခင်မေသွင်က လက်ခံရယူသည်။
    
ယင်းနောက် ဆေးရုံအုပ်ကြီး ဒေါက်တာ ဒေါ်ခင်မေသွင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားရာတွင် တပ်မတော်(ကြည်း၊ ရေ၊ လေ)က ယခုကဲ့သို့ ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးပစ္စည်းများ၊ ဆေးရုံသုံးပစ္စည်းများနှင့် အာဟာရဖြည့် စားသောက် ဖွယ်ရာများပေးအပ်လှူဒါန်းသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်တကွ တပ်မတော် (ကြည်း၊ ရေ၊ လေ)မိသားစုများကို များစွာ ကျေးဇူးတင်ရှိပါကြောင်း၊ တပ်မတော်အနေဖြင့် မိမိတို့ ဆေးရုံကြီးကို ယခင်အဆက်ဆက်ကပင် များစွာကူညီလှူဒါန်းပေးခဲ့ပါကြောင်း၊  ဗဟိုအမျိုးသမီးဆေးရုံကြီးသည် မြန်မာနိုင်ငံ၏ အဆင့်မြင့်ဆုံး သားဖွားနှင့် မီးယပ်ဆိုင်ရာ အထူးကုဆေးရုံကြီးဖြစ်ပါကြောင်း၊ Covid-19  ရောဂါ သံသယလူနာများမှ ကိုယ်ဝန်ဆောင် များနှင့် မီးယပ်ရောဂါများကိုလည်း လက်ခံကုသပေးနေရသည့် ဆေးရုံဖြစ်ပါကြောင်း၊ ထို့ကြောင့် Covid-19  ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးပစ္စည်းများ၊ ဆေးရုံ သုံးပစ္စည်းများ လိုအပ်မှုများ ရှိလာပါကြောင်း။
    
ယခုကဲ့သို့ တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများ၏ လှူဒါန်းမှုသည် မိမိတို့ ဆေးရုံကြီးအတွက် များစွာအထောက်အပံ့ရရှိ ပါကြောင်း၊ ထို့အပြင် ဆေးရုံသုံးပစ္စည်းများ ဖြစ်သည့် Daptone (ကလေးနှလုံး ခုန်နှုန်းတိုင်းစက်)၊ CTG Machine( Fetal Monitor) (ကလေးနှလုံးခုန်နှုန်းနှင့် မိခင်သားအိမ်ညှစ်နှုန်းတိုင်းစက်)၊ Portable Ultrasound နှင့် Portable X-Ray  တို့ကိုပါ လှူဒါန်းသည့်အတွက် ဆေးရုံ၏ရေရှည်ပြည်သူ့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအတွက် ကြီးမားသောအထောက်အပံ့ ဖြစ်ပါကြောင်း၊ တပ်မတော်အနေဖြင့် Covid-19  ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများတွင် စွမ်းစွမ်းတမံ ဆောင်ရွက်ပေးနေသည်ကို တွေ့ရှိရပါကြောင်း၊ ကြီးလေး သောနိုင်ငံ့တာဝန်များကို ထမ်းဆောင်ရသည့် တပ်မတော်မှ ပြည်သူ့ကျန်းမာရေးလုပ်ငန်း များတွင်ပါ စွမ်းစွမ်းတမံ ဆောင်ရွက်နေသဖြင့်   မိမိအနေဖြင့် များစွာဂုဏ်ယူမိပါကြောင်း၊ နိုင်ငံနှင့် ပြည်သူကို အစဉ်အမြဲကာကွယ်စောင့် ရှောက်ပေးနေသော တပ်မတော်သားများ အားလုံး ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာပြီး ဘေးအန္တရာယ် ကင်းဝေးပါစေကြောင်း၊ နိုင်ငံနှင့် ပြည်သူများအား ဆထက်ထမ်းပိုး ကာကွယ်စောင့်ရှောက်ပေးနိုင်ပါစေကြောင်းဖြင့် ပြောကြားသည်။
    
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အဖွဲ့ဝင်များသည် အခမ်းအနားသို့ တက်ရောက်လာကြသော အလှူရှင်များနှင့် ဧည့်သည်တော်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြသည်။
    
အဆိုပါ ဗဟိုအမျိုးသမီးဆေးရုံကြီး(ခုတင်-၈၀၀)ကို ၁၈၉၈ နှစ်ဦးပိုင်းတွင် ယခု အဆောက်အဦနေရာ၌ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး "ဒပ်ဖရင်ဆေးရုံကြီး" အဖြစ်စတင် အမည် တွင်ခဲ့ရာမှ ၁၉၆၃ ခုနှစ်တွင် ဗဟိုသားဖွားဆေးရုံကြီး (Central Maternily Hospital) ဟု ပြောင်းလဲခေါ်ဝေါ်ခဲ့ကြောင်း၊ သားဖွားခြင်းတစ်ခုတည်းသာမက အမျိုးသမီးများနှင့် ပတ်သက်သော ရောဂါများကိုပါ လက်ခံကုသပေးခြင်းဖြစ်သဖြင့် ဗဟိုသားဖွားနှင့် မီးယပ် ရောဂါကုဆေးရုံကြီး (သို့မဟုတ်) ဗဟိုအမျိုးသမီး ဆေးရုံကြီးဟု ခေါ်တွင်သင့်ကြောင်း အကြံပြုကြရာမှ ၁၉၆၉ ခုနှစ် ဧပြီ ၂ ရက်မှစတင်၍ ဗဟိုအမျိုးသမီး ဆေးရုံကြီး(Central Women's Hospital)  ဟူ၍ သတ်မှတ်ခဲ့ရာ ယနေ့ထိတိုင် ၎င်းအမည်ကို ခေါ်တွင် လျက်ရှိကြောင်း သိရှိရသည်။
    

Recent News