တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများက မြန်မာနိုင်ငံသတင်းမီဒီယာများ၊ အနုပညာ ရှင်များနှင့် ရိုးရာလက်ဝှေ့အဖွဲ့တို့အတွက်  COVID-19  ရောဂါဖြစ်ပွားမှုကာလအတွင်း စားသောက်ရေးအဆင်ပြေစေရန် ဆန်၊ ဆီ၊ ပဲ၊ ဆား ရိက္ခာအမယ်လေးမျိုး ပေးအပ် လှူဒါန်း

တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများက မြန်မာနိုင်ငံသတင်းမီဒီယာများ၊ အနုပညာ ရှင်များနှင့် ရိုးရာလက်ဝှေ့အဖွဲ့တို့အတွက်  COVID-19  ရောဂါဖြစ်ပွားမှုကာလအတွင်း စားသောက်ရေးအဆင်ပြေစေရန် ဆန်၊ ဆီ၊ ပဲ၊ ဆား ရိက္ခာအမယ်လေးမျိုး ပေးအပ် လှူဒါန်း

နေပြည်တော်၊ ဇူလိုင် - ၁၀
    
 COVID-19 ရောဂါဖြစ်ပွားမှုကာလအတွင်း မြန်မာနိုင်ငံသတင်းမီဒီယာများ၊ အနု ပညာရှင်များနှင့် ရိုးရာလက်ဝှေ့အဖွဲ့တို့အတွက် စားသောက်ရေးအဆင်ပြေစေရန် တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများက ဆန်၊ ဆီ၊ ပဲ၊ ဆား ရိက္ခာအမယ်လေးမျိုး ပေးအပ်လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်ရှိ တပ်မတော်ခန်းမ၌ ကျင်းပပြုလုပ်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တက်ရောက်၍ ရိက္ခာအမယ်လေးမျိုးကို ပေးအပ်လှူဒါန်းသည်။
    
အခမ်းအနားသို့ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဋ္ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ညွှန့်ဝင်းဆွေ၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ဥက္ကဋ္ဌ ဟံသာဝတီ ဦးအုန်းကြိုင်၊ မြန်မာနိုင်ငံသဘင်အစည်းအရုံး ဒုတိယဥက္ကဋ္ဌ ဦးမိုးဝင်း၊ မြန်မာနိုင်ငံ ပန်းချီပညာရှင်များအဖွဲ့ (Win Foundation) ဥက္ကဋ္ဌ ဦးလှတင်ထွန်း၊ မြန်မာနိုင်ငံ အားကစားမီဒီယာများအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦး ဉာဏ်ထွန်း၊ မြန်မာနိုင်ငံ ဆိုင်းပညာရှင်များအဖွဲ့ အတွင်းရေးမှူး မွန်ပြည်နယ် ကိုကိုနိုင်၊ မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးသိန်းအောင်၊ မြန်မာနိုင်ငံဂီတအစည်းအရုံး (ဗဟို) ဥက္ကဋ္ဌ ဦးတင်ဦးလေး၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးညီညီထွန်းလွင်တို့နှင့် နိုင်ငံကျော် အနုပညာရှင်များ တက်ရောက်ကြသည်။
    
ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မြန်မာနိုင်ငံသတင်းမီဒီယာများ၊ အနု ပညာရှင်များနှင့် ရိုးရာလက်ဝှေ့အဖွဲ့တို့အတွက် တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစု များက ဆန်၊ ဆီ၊ ပဲ၊ ဆား ရိက္ခာအမယ်လေးမျိုး ပေးအပ်လှူဒါန်းခြင်းနှင့် ပတ်သက်၍ ပြောကြားရာတွင် Covid-19  ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း စားရေးသောက်ရေး နှင့် ပတ်သက်၍ လိုအပ်ချက်ရှိနိုင်သည့်အဖွဲ့များကို လှူဒါန်းခြင်းပင်ဖြစ်ပါကြောင်း၊ ယခု ကဲ့သို့ အဖွဲ့များ စုံစုံလင်လင်ဖြင့် လှူရသည်ဖြစ်သည့်အတွက် Social Distancing Rulesများအတိုင်းနေရာချပြီး လှူဒါန်းရခြင်းဖြစ်ပါကြောင်း၊ တန်ဖိုးအားဖြင့် မများသော်လည်း အထောက်အကူဖြစ်မည်ဟု ယုံကြည်ပါကြောင်း၊ လှူဒါန်းခွင့် ရသည့် အတွက်လည်း များစွာဝမ်းမြောက်မိပါကြောင်း ပြောကြားသည်။
    
ယနေ့နံနက် ၇ နာရီအထိ တစ်ကမ္ဘာလုံးတွင် Covid-19  ရောဂါကူးစက်ခံရသူ ၁၂ သန်းကျော်သွားပြီဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင်လည်း မတ်လ ၂၃ ရက်မှစ၍ ဖြစ်ပွားခဲ့ကာ ယနေ့အထိ ကူးစက်ခံရသူ ၃၁၉ ဦး၊ သေဆုံးသူ ၆ ဦး၊ ရောဂါပျောက်ကင်း သက်သာလာသူ ၂၅၀ ဦးရှိပြီဖြစ်ကြောင်း၊ တစ်ကမ္ဘာလုံးနီးပါးရောဂါဖြစ်ပွားနေချိန်တွင် ရောဂါကြိုတင်ကာကွယ် ရေးလုပ်ငန်းများကို ဝိုင်းဝန်းလုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ ရောဂါဖြစ်ပွားမှုကြောင့် ကန့်သတ်ချက်များရှိလာသဖြင့် လုပ်ငန်းများရပ်တန့်ထားရ ကြောင်း၊ လုပ်ငန်းများရပ်တန့် ထားသဖြင့် ဝင်ငွေမရှိဖြစ်လာကြောင်း၊ ဝင်ငွေမရှိသဖြင့် မသုံးနိုင်ဖြစ်လာကြရကြောင်း၊ လုပ်ငန်းတစ်ခုတည်းတွင် ရပ်တည်နေသူများအတွက် အခက်အခဲများဖြစ်ပေါ်လာရ ကြောင်း၊ ဆိုးဆိုးဝါးဝါးအခြေအနေဖြစ်မလာစေရန်အတွက် ပြည်သူပြည်သားအားလုံးမှ ပူးပေါင်းဆောင်ရွက်ရန်လိုပါကြောင်း၊ အတတ်နိုင်ဆုံး ဆင်ခြင်နေထိုင်ခြင်း သည် အကောင်းဆုံးဖြစ်မည် ဖြစ်ပြီး အနုပညာရှင်များအနေဖြင့် အားပေးသည့် ပရိသတ်များကို ထိုကဲ့သို့ နေထိုင်နိုင်ရန် တိုက်တွန်းပညာပေးမှုများ ပြုစေလိုကြောင်း။
    
တပ်မတော်အနေဖြင့် ရောဂါစတင်ဖြစ်ပွားစဉ် ဇန်နဝါရီလကတည်းကပင် ကြိုတင်ပြင်ဆင်မှုများ ကိုဆောင်ရွက်ခဲ့ပါကြောင်း၊ တစ်ကမ္ဘာလုံးတွင် ရောဂါဖြစ်ပွားမှုနှင့် ကူးစက်မှုနှုန်း မြင့်တက် လာသည့်အတွက် ဆွေးနွေးတိုင်ပင်မှုများပြုလုပ်ခဲ့ကာ မတ်လ ၂၇ ရက်တွင် ကျရောက်သည့် (၇၅)နှစ်မြောက်စိန်ရတုတပ်မတော်နေ့စစ်ရေးပြ အခမ်း အနားကိုပင် ဆိုင်းငံထားရှိခဲ့ကြောင်း၊ ဆေးတပ်ဖွဲ့ဝင်များဖြင့် လုပ်ဆောင်ပေးနိုင်သည် မှန်သမျှကို ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ရောဂါကာကွယ်ရေးလုပ်ငန်းများ၊ သန့်ရှင်းရေး လုပ်ငန်းများကို အများပြည်သူနှင့် ပတ်သက်သည့် နေရာတိုင်း၌ ဆောင်ရွက်ပေး ခဲ့ခြင်းဖြစ်ကြောင်း၊ တပ်မတော် သည် ပြည်သူ၏ အစိတ်အပိုင်းဖြစ်ပြီး ပြည်သူကြားမှ ပေါက်ဖွားလာသည်ဖြစ်သည့်အတွက် တိုင်းပြည်ကာကွယ်ရန်နှင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ် စောင့်ရှောက်ရန် တာဝန်ရှိပါကြောင်း။
    
ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်မှုတွင် ဖွံ့ဖြိုးပြီးနိုင်ငံများပင်လျင် လိုအပ်ချက် များရှိနေသည့်အတွက် မိမိတို့ကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ပြည်သူလူထုက ဝိုင်းဝန်း ပါဝင်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် တပ်မတော်သားများ၊ အရပ်သား အစားခန့်ဝန်ထမ်းများ၏ လုပ်ခလစာငွေများမှ ပထမအကြိမ်နှင့် ဒုတိယအကြိမ် လှူဒါန်း ရရှိသည့် စုစုပေါင်းငွေကျပ် ၄ ဒသမ ၅ ဘီလီယံကျော်ဖြင့် ဆေးအကာကွယ် ပေးပစ္စည်းများ၊ အာဟာရဖြည့်စားသောက်ဖွယ်ရာများကို လှူဒါန်းပေးလျက်ရှိပါကြောင်း၊ စစ်မှုထမ်းဟောင်းများ၊ ရဲမှုထမ်းဟောင်းများကို ဦးစားပေးစဉ်းစားဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အခြားလိုအပ်ချက်ရှိနေသည့် အဖွဲ့အစည်းများကိုလည်း သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ် များအလိုက်လှူဒါန်းစေခဲ့ပါကြောင်း၊ တပ်မတော်အနေဖြင့် အတိုင်းအတာတစ်ခုအထိ အထောက်အကူပြုဆောင်ရွက်ပေးနိုင်ခဲ့သည့်အတွက် ဝမ်းမြောက်မိပါကြောင်း။
    
ကျန်းမာရေးနှင့် ပတ်သက်၍ မိမိတို့တွင် အားနည်းချက်များ ရှိပြီး စားသောက် နေထိုင်မှုများတွင် လိုအပ်ချက်များရှိပါကြောင်း၊ ကျန်းမာရေးနှင့် မညီညွတ် မလျော်ညီ သည့် နေထိုင်စားသောက်မှုများကို ရှောင်ရှားကြရမည်ဖြစ်ကြောင်း၊ ဆေးလိပ် သောက် ခြင်းနှင့် ကွမ်းစားသုံးခြင်းများသည် ကျန်းမာရေးကို ထိခိုက်စေနိုင်သောကြောင့် ရှောင်ရှား ရန်လိုကြောင်း၊ ထို့ပြင် အမှိုက်စနစ်တကျစွန့်ပစ်မှုများကို ပြုလုပ်ရမည်ဖြစ်ပြီး  ထိန်းသိမ်း ခြင်းနှင့် ပတ်သက်၍ တာဝန်ရှိသူများက လုပ်ဆောင်သည်များရှိသကဲ့သို့ ပြည်သူများ ကလည်း ဝိုင်းဝန်းဆောင်ရွက်မှသာ သန့်ရှင်းသပ်ရပ်ပြီး ရောဂါဖြစ်ပွားစေနိုင်သည့် ပိုးမွှား များ မပေါက်ဖွား၊ မခိုအောင်းနိုင်မည်ဖြစ်ကြောင်း။
    
စားကုန်၊ သောက်ကုန်၊ သုံးကုန်ပစ္စည်းများသည် လူသားတို့အတွက် မရှိမဖြစ် လိုအပ်ချက်များပင်ဖြစ်ကြောင်း၊ ထို့ကြောင့် စားရေးအား အတိုင်းအတာတစ်ခု အထိ အထောက်အကူဖြစ်စေရန် လှူဒါန်းပေးရခြင်းဖြစ်ကြောင်း၊ ထို့ကြောင့်လည်း တပ်မတော် တွင် စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများကို မပြတ်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ရောဂါ ဖြစ်ပွားနေမှုကို အကြောင်းပြပြီး လက်မှိုင်ချနေ၍မရဘဲ လုပ်နိုင်သည့်အပိုင်းမှ ဝိုင်းဝန်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မိုးရာသီရောက်ရှိလာပြီဖြစ်သည့်အတွက် သဘာဝဘေး အန္တရာယ်များအတွက်လည်း ကြိုတင်စဉ်းစားကြရမည်ဖြစ်ကြောင်းနှင့် တပ်မတော် အနေဖြင့် ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများကို   တတ်နိုင်သရွေ့ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။
    
ထို့နောက် တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများက ပေးအပ်လှူဒါန်းသည့် ဆန် ၅၀၀ အိတ်၊ ဆီ ၁၀၀၀ ပိဿာ၊ ပဲ ၁၀၀၀ ပိဿာနှင့် ဆား ၁၀၀၀ ပိဿာတို့ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပေးအပ်လှူဒါန်းရာ မြန်မာနိုင်ငံသတင်းမီဒီယာများ၊ အနုပညာရှင်များနှင့် ရိုးရာလက်ဝှေ့အဖွဲ့တို့ ကိုယ်စား မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးညီညီထွန်းလွင်က လက်ခံရယူသည်။
    
ယင်းနောက် အစည်းအရုံးများကိုယ်စား မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ဥက္ကဋ္ဌ ဟံသာဝတီ ဦးအုန်းကြိုင်က ကျေးဇူးတင်စကားပြန်လည်ပြောကြားရာတွင် ယခုကဲ့သို့ စားရေးအခက်အခဲဖြစ်ပေါ်နေသည့် ပုဂ္ဂိုလ်များ၏ လိုအပ်ချက်များကို ကြည့်ရှုပေးသည့် အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစု များကို များစွာကျေးဇူးတင်ရှိပါကြောင်း၊ တပ်မတော်အနေဖြင့် ၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရရှိပြီးချိန် ကတည်းကပင် အခက်အခဲ၊ အကြပ်အတည်းများကြုံတွေ့လာတိုင်း ပြည်သူ များရှေ့က မားမားမတ်မတ်ရပ်တည်ပေးခဲ့ပါကြောင်း၊ ၁၉၄၉ ခုနှစ် ရန်ကုန်၊ အင်းစိန် တိုက်ပွဲများဖြစ်ပွားပြီး မိမိတို့ သတင်းထောက်များအပါအဝင် ပြည်သူအချို့ ရန်ကုန်မြို့ အတွင်း ပြောင်းရွှေ့နေထိုင်ခဲ့ရရာ ၎င်းအချိန်၌ စားရေးရိက္ခာ ပထမဆုံးထောက်ပံ့ပေး ခဲ့သူမှာ တပ်မတော်ပင်ဖြစ်ကြောင်း၊ ယခုအခါ ရောဂါဖြစ်ပွားမှုကြောင့် သတင်း မီဒီယာ များ လူအင်အားလျှော့၍ အလုပ်အကိုင်ရပ်ဆိုင်းခဲ့ရမှုများရှိခဲ့ကာ စားဝတ်နေရေး အခက် အခဲများ ဖြစ်ပေါ်ခဲ့ပါ ကြောင်း၊ သတင်းမီဒီယာကောင်စီအနေဖြင့် Covid-19   ရောဂါဖြစ် ပွားနေသည့် ကာလအတွင်း ရန်ပုံငွေများကောက်ခံစုဆောင်း၍ မီဒီယာသမားများ၏ အခက်အခဲများကို ကူညီထောက်ပံ့ပေးခဲ့ပါကြောင်း၊ လက်ရှိတွင် လျှောက်လွှာများ ထပ်မံရောက်ရှိလာပြီး လက်ကျန်များစားသောက်ဖွယ်ရာများ လျော့နည်းလျက်ရှိချိန်တွင် တပ်မတော်က ယခုကဲ့သို့ ထပ်မံလှူဒါန်းပေးခဲ့သည့်အတွက် အားတက်ခဲ့ရပါကြောင်း၊ ဝမ်းမြောက်ဝမ်းသာဖြင့် သာဓုခေါ်ပါကြောင်း၊ လက်ရှိတွင် တပ်မတော်အနေဖြင့် ပြည်သူနှင့် ပိုမိုနီးကပ်လာသည်ဟု ခံစားရပါကြောင်းနှင့် အလွှာအသီးသီးကို လှူဒါန်းမှုများ တွေ့ရှိရသည့်အတွက်လည်း များစွာဝမ်းသာမိပါကြောင်းဖြင့် ပြောကြားသည်။
    
အခမ်းအနားအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များက တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကာ စားသောက်ဖွယ်ရာ များဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သတင်းရရှိသည်။

Recent News