COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ အထောက်အကူဖြစ်စေရန် အဟာရဖြည့် စားသောက်ဖွယ်ရာများနှင့် ဆေးရုံသုံးပစ္စည်းများ ဆက်လက်လှူဒါန်း

 

COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ အထောက်အကူဖြစ်စေရန် အဟာရဖြည့် စားသောက်ဖွယ်ရာများနှင့် ဆေးရုံသုံးပစ္စည်းများ ဆက်လက်လှူဒါန်း

နေပြည်တော်၊ ဇူလိုင် - ၁၀
        
ပြည်သူ့ဆေးရုံများ၊ တိုက်နယ်ဆေးရုံများနှင့် ကျေးလက်ကျန်းမာရေးဌာနများ၌ ဆေးရုံတက်ရောက်ကုသမှုခံယူနေသူများ၊ လူနာစောင့်များ၊ ကျန်းမာရေးဝန်ထမ်းများ အာဟာရပြည့်ဝရန်နှင့် ကျန်းမာကြံ့ခိုင်စေရန်အတွက် အဟာရဖြည့်စွက်စာများကို တိုင်းစစ်ဌာနချုပ်များအလိုက် တပ်မတော်သားများက သွားရောက်ပေးအပ်လှူဒါန်းလျက်ရှိ သည်။
    
ထို့ပြင် ယနေ့တွင်လည်း နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်၊ ကလေးအထူးကုဆေးရုံကြီးနှင့် သားဖွားမီးယပ်အထူးကုဆေးရုံကြီး၊ ပုဗ္ဗသီရိမြို့နယ်၊ ပြည်သူ့ဆေးရုံ၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်လန်ပြည်သူ့ဆေးရုံနှင့် နမ့်စလပ်တိုက်နယ်ဆေးရုံ၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ အမျိုးသမီးနှင့်ကလေးအထူးကုဆေးရုံကြီး၊ ညောင်ရွှေမြို့၊ ဟိုပုံးမြို့၊ ပင်လောင်းမြို့၊ ခိုလမ်မြို့နှင့် လင်းခေးမြို့တို့ရှိ ပြည်သူ့ဆေးရုံများ၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နှင့် မိုင်းတုံမြို့တို့ရှိ ပြည်သူ့ဆေးရုံများ၊ တနင်္သာရီ တိုင်းဒေသကြီး၊ မြိတ်မြို့၊ ကျွန်းစုမြို့နှင့် ဘုတ်ပြင်းမြို့များရှိ ပြည်သူ့ဆေးရုံများ၊ ဧရာဝတီတိုင်း ဒေသကြီး၊ ကွင်းကောက်မြို့၊ ငပုတောမြို့၊ ကျောင်းကုန်းမြို့၊ ရေကြည်မြို့နှင့် ကန်ကြီးထောင့်မြို့ များရှိ တိုက်နယ်ဆေးရုံများ၊ ရခိုင်ပြည်နယ်၊ အမ်းမြို့ ပြည်သူ့ဆေးရုံ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့ ခရိုင်ပြည်သူ့ဆေးရုံနှင့် ရွှေဘိုမြို့ ပြည်သူ့ဆေးရုံ၊ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင် မြို့နယ် ပြည်သူ့ဆေးရုံ၊ ယင်းတော်တိုက်နယ်ဆေးရုံနှင့် ကျောက်ဆည်မြို့နယ် ပြည်သူ့ဆေးရုံများ သို့ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တာဝန်ရှိသူများက ဘီစကစ်၊ ကြက်ဥ၊ နွားနို့၊ ကုလားပဲ၊ ငှက်ပျောသီး၊ ပေါင်မုန့်၊ ခေါက်ဆွဲခြောက်၊ အိုဗာတင်း၊ ရွှေဖီဦး လဖက်ရည်ထုပ်၊ နို့ဆီ၊ သကြား၊ ကော်ဖီမစ်(စ်)၊ တီးမစ်(စ်) စသည့် အာဟာရဖြည့် စားသောက်ဖွယ်ရာများကို သွားရောက် ပေးအပ်လှူဒါန်းခဲ့ကြသည်။
    
၎င်းအပြင် ပြည်သူ့ဆေးရုံများ၊ တိုက်နယ်ဆေးရုံများ၊ ကျန်းမာရေးဌာနခွဲများ၌ ကာကွယ်ကုသရေးများတွင် အဆင်ပြေချောမွေ့စေရေးအတွက် တပ်မတော်က လှူဒါန်းသည့် အထောက်အကူပြုပစ္စည်းများနှင့် ဆေးရုံသုံးပစ္စည်းများကို  ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့၊  ပြင်ရွာ တိုက်နယ်ဆေးရုံ၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ ဆိပ်ဖူးတောင် ကျေးလက်ကျန်းမာရေး ဌာနများသို့ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်မှ တိုင်းမှူးနှင့် တာဝန်ရှိသူများက သွားရောက် ပေးအပ် လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။

 

 

Recent News