မိုင်းရယ်မြို့နယ်အတွင်း ငွေကျပ်သိန်းပေါင်း ၆၀၀၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

 

မိုင်းရယ်မြို့နယ်အတွင်း ငွေကျပ်သိန်းပေါင်း ၆၀၀၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော်၊ ဇူလိုင် - ၁၁
    
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော ပူးပေါင်းတပ်ဖွဲ့ဝင်များသည် ဇူလိုင် ၁၀ ရက် ည ၈ နာရီခန့်တွင် အဆိုပါမြို့နယ်၏ မြောက်ဘက် မီတာ ၁၀၀၀ ခန့်အကွာ၌ ယာဉ် ဝင် / ထွက်မှုများစစ်ဆေး ဆောင်ရွက်စဉ် ကျေးသီးမြို့ ဘက်မှ လားရှိုးမြို့ဘက်သို့ ယာဉ်မောင်း ကျင်ရှန်ရှုံး(ဘ)ဦးလောက်အယ် မောင်းနှင်လာသည့် မက်ခ်တူးအမျိုးအစား မော်တော်ယာဉ်အမှတ်၊ YGN 6N/---အား ရပ်တန့်စစ်ဆေးနေစဉ် နောက်မှလိုက်ပါလာသော လင်ခရူဇာအမျိုးအစား မော်တော်ယာဉ် အမှတ်၊YGN 6E/--- သည် မီတာ ၁၀၀ ခန့်အကွာတွင်ရပ်တန့်၍ ယာဉ်ပေါ်ပါ အမျိုးသား ၂ ဦးမှာ လမ်း၏ အနောက်ဖက် ကျွန်းတောအတွင်းသို့ထွက်ပြေး သွားခဲ့သဖြင့် လိုက်လံ ဖမ်းဆီးရာ ယာဉ်မောင်း ဟွယ်ရှန်(ဘ)ဦးရှောက်စီးအား ဖမ်းဆီးရမိ၍ အားချန်(ဘ) ဦးတာတီးမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး အဆိုပါ လင်ခရူဇာ မော်တော်ယာဉ်အား ရှာဖွေစစ်ဆေးရာ ၎င်းယာဉ်ပေါ်မှ မက်သာဖက်တမင်း  (ICE)  ၁ ကီလိုဂရမ်ခန့်စီပါ ၃၀ ထုပ်(ခန့်မှန်းတန်းဖိုငွေကျပ်သိန်းပေါင်း ၆၀၀၀ ခန့်)နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
    
အဆိုပါ ဖမ်းဆီးရမိသူယာဉ်မောင်း ၂ ဦး၊ မော်တော်ယာဉ်များနှင့် မူးယစ် ဆေးဝါးများကို မိုင်းရယ်မြို့မရဲစခန်းသို့ စနစ်တကျလွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်း ရရှိသည်။

 

Recent News