အိန္ဒိယနိုင်ငံ၌ သင်တန်းတက်ရောက်ပြီး ပြန်လည်ရောက်ရှိလာသည့် အရာရှိ၊ စစ်သည်များ အနက်မှ ထပ်မံ၍ စစ်သည် ၃ ဦးတွင် COVID-19 ရောဂါပိုး တွေ့ရှိ

 

အိန္ဒိယနိုင်ငံ၌ သင်တန်းတက်ရောက်ပြီး ပြန်လည်ရောက်ရှိလာသည့် အရာရှိ၊ စစ်သည်များ အနက်မှ ထပ်မံ၍ စစ်သည် ၃ ဦးတွင် COVID-19  ရောဂါပိုး တွေ့ရှိ

နေပြည်တော်၊ ဇူလိုင် - ၁၁
    
အိန္ဒိယနိုင်ငံ၌ သင်တန်းတက်ရောက်ပြီးဆုံး၍ ဇွန် ၂၆ ရက်တွင် တပ်မတော် လေယာဉ်ဖြင့် အိန္ဒိယနိုင်ငံမှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိလာပြီး ရန်ကုန်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း အသွားအလာကန့်သတ် သီးခြားစောင့်ကြည့် ထားသည့် အရာရှိ၊ စစ်သည် ၄၈ ဦးအနက် စစ်သည် ၈ ဦးတွင်  COVID-19  ရောဂါပိုး တွေ့ရှိမှု သတင်းအား ဇွန် ၂၇ ရက်၊ ၂၈ ရက်၊ ဇူလိုင် ၃ ရက်နှင့် ၄ ရက်တို့တွင် ထုတ်ပြန် ခဲ့ပြီးဖြစ်သည်။
    
COVID-19  ရောဂါပိုး တွေ့ရှိခဲ့သည့် စစ်သည်များနှင့် ထိတွေ့ဆက်စပ်မှုရှိခဲ့သော လေယာဉ်တစ်စီးတည်းလိုက်ပါစီးနင်းခဲ့သည့် ကျန်ရှိသည့် အရာရှိ၊ စစ်သည် ၄၀ ဦးကို သီးခြားစောင့်ကြပ်ကြည့်ရှုခြင်းများ ဆောင်ရွက်ခဲ့ပြီး ယနေ့တွင် ၎င်းတို့၏ နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်တို့အားရယူ၍ မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်ဆေးရုံကြီး(ခုတင်-၁၀၀၀)၌ Polymerase Chain Reaction (PCR) နည်းဖြင့် ထပ်မံဓာတ်ခွဲစစ်ဆေးခဲ့ရာ ၎င်းတို့အနက်မှ စစ်သည် ၃ ဦးတွင် COVID-19 ရောဂါပိုးတွေ့ရှိ(တွေ့ရှိ)ရကြောင်းသိရှိရသည်။ ရောဂါပိုး တွေ့ရှိရသော စစ်သည်များအား တပ်မတော်က ကြိုတင်စီစဉ်ထားသည့် တပ်မတော်အသည်း ရောဂါအထူးကုဆေးရုံကြီး(မင်္ဂလာဒုံ)သို့ ပို့ဆောင်၍ ဆေးဝါးကုသမှုခံယူစေလျက်ရှိကြောင်းနှင့် ၎င်းတို့၏ ကျန်းမာရေးအခြေအနေမှာ တည်ငြိမ်ကောင်းမွန်လျက်ရှိကြောင်း သိရှိရသည်။
    
COVID-19  ရောဂါပိုးတွေ့ရှိခဲ့သည့်စစ်သည်နှင့် ဆက်စပ်ထိတွေ့မှုရှိခဲ့သူများ၊ လေယာဉ်တစ်စီးတည်း လိုက်ပါစီးနင်းခဲ့သူများကိုလည်း လိုအပ်သည့်ရောဂါရှာဖွေ ဖော်ထုတ်ခြင်း၊ အသွားအလာကန့်သတ်စောင့်ကြပ်ကြည့်ရှုခြင်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Recent News