သီတဂူဆရာတော်ဘုရားကြီး ဖားကန့်မြို့နယ်၊ ဆိတ်မူကျေးရွာအုပ်စု၊ ဝှေခါကျေးရွာအနီး မြေစာပုံပြိုကျသည့်နေရာသို့ ကြွရောက်တော်မူပြီး ကွယ်လွန်ကြသူများအတွက် ရည်စူးလှူဒါန်းမှု ပြုလုပ်

 

သီတဂူဆရာတော်ဘုရားကြီး ဖားကန့်မြို့နယ်၊ ဆိတ်မူကျေးရွာအုပ်စု၊ ဝှေခါကျေးရွာအနီး မြေစာပုံပြိုကျသည့်နေရာသို့ ကြွရောက်တော်မူပြီး ကွယ်လွန်ကြသူများအတွက် ရည်စူးလှူဒါန်းမှု ပြုလုပ်

နေပြည်တော်၊ ဇူလိုင် - ၁၄
    
 သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များနှင့် သီတဂူဆေးရုံတော်များ၏ အဓိပတိ၊ အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာ ပဏ္ဍိတ၊ မဟာဓမ္မကထိက၊ ဗဟုဇနဟိတဓရ၊ တွဲဖက် ရွှေကျင်သာသနာပိုင်၊ သီတဂူဆရာတော် ဒေါက်တာ ဘဒ္ဒန္တ Óဏိဿရ သည် ဇူလိုင် ၁၂ ရက် နံနက်ပိုင်းတွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှ ဖားကန့်မြို့သို့ တပ်မတော်ရဟတ်ယာဉ် ဖြင့် ကြွရောက်တော်မူပြီး ဝှေခါကျေးရွာသို့ သွားရောက်ကာ မြေစာပုံပြိုကျသည့် အခင်းဖြစ်ပွားရာ  နေရာသို့ ကြည့်ရှုတော်မူသည်။
    
သီတဂူဆရာတော်ဘုရားကြီးသည် ဇူလိုင်လ ၁၃ ရက် နေ့လယ်ပိုင်းတွင် အခင်း ဖြစ်ပွားရာ နေရာအနီးတွင် မြေစာပုံပြိုကျမှုကြောင့် ကွယ်လွန်သွားကြသူများအတွက် မေတ္တာ ပို့သပြီး ကွယ်လွန်သူများအား ရည်စူး၍ ဖားကန့်မြို့နယ်အတွင်းမှ သံဃာတော် ၂၀၀ ပါး အတွက် သင်္ကန်း ၁ စုံနှင့် နဝကမ္မအလှူငွေ ၁ သိန်းကျပ်စီကို သီတဂူဆရာတော်ဘုရားကြီး ဦးဆောင်သည့် သီတဂူသာသနာပြုအဖွဲ့က လှူဒါန်းတော်မူကြသည်။ ထို့နောက် ကွယ်လွန်သွား ကြသူများအတွက် ကုသိုလ်ဝေစုကို သာဓုခေါ်ဆိုနိုင်ရန် အနုမောဒနာတရားနာကြား၍ လှူဒါန်းမှုအစုစုအတွက် အမျှတန်းပေးဝေကာ ကုသိုလ်ဝေစုအမျှရကြ၍ ကောင်းရာသုဂတိ လားကြပါစေကြောင်းနှင့် ဖြစ်လေရာ ဘဝတိုင်းတွင် အသက်ရင်း၍ တဝမ်းတခါးရှာစားကြရ သည့်အဖြစ်ဆိုးများ မကြုံဆုံကြစေရန်အတွက်လည်း အထူးမေတ္တာပို့ကာ ဆုမွန်ကောင်းတောင်း ပေးအပ်သည်။
    
ယင်းနောက် သီတဂူဆရာတော်ဘုရားကြီးနှင့် အဖွဲ့ဝင်များသည် ဖားကန့်မြို့၊ သီတဂူ စက္ခုဒါနဆေးရုံရှိ စံကျောင်းသို့ ပြန်လည်ကြွရောက်တော်မူကြသည်။ ကချင်ပြည်နယ်တွင် သီတဂူဆရာတော်ဘုရားကြီး၏ ဦးဆောင်လမ်းညွှန်မှုဖြင့် တည်ဆောက်ထားသော သီတဂူ စက္ခုဒါနဆေးရုံတော်များမှာ မြစ်ကြီးနား၊ ဗန်းမော်၊ ဖားကန့်တို့တွင် တည်ရှိပြီး ဖားကန့်ဆေးရုံ သည် ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလတွင် ဖွင့်လှစ်ခဲ့ပြီး ၂၀၁၉ ခုနှစ်အထိ စမ်းသပ်စစ်ဆေးပေးနိုင်သူ လူနာပေါင်းမှာ ၆၉၄၉ ဦး၊ ခွဲစိတ်ကုသပေးသည့် လူနာပေါင်းမှာ ၆၈၇ ဦး စက္ခုဒါနအလင်း ပေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

Recent News