ကိုကိုးကျွန်းမြို့နယ်၊ ပြည်သူ့ဆေးရုံသို့ Covid-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး ပစ္စည်းများ၊ ဆေးရုံသုံးပစ္စည်းများပေးအပ် လှူဒါန်း

 

ကိုကိုးကျွန်းမြို့နယ်၊ ပြည်သူ့ဆေးရုံသို့ Covid-19  ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး ပစ္စည်းများ၊ ဆေးရုံသုံးပစ္စည်းများပေးအပ် လှူဒါန်း

နေပြည်တော်၊  ဇူလိုင် - ၂၀
    
တပ်မတော်အနေဖြင့် (Covid-19 ) ရောဂါဖြစ်ပေါ်နေသည့် ကာလအတွင်း နိုင်ငံ အနှံ့ရှိ အထူးကုဆေးရုံကြီးများ ၊ အထွေထွေရောဂါကု ဆေးရုံကြီးများ၊ ခရိုင်ဆေးရုံများ၊ မြို့နယ်ဆေးရုံများ၊ တိုက်နယ်ဆေးရုံများနှင့် ကျေးလက်ကျန်းမာရေးဌာနများသို့ (Covid-19 ) ရောဂါကာကွယ်ရေးအထောက်အကူပြု ဆေးနှင့် ဆေးပစ္စည်းများ၊ အာဟာရဖြည့် စားသောက်ဖွယ်ရာများကို ပေးအပ်လှူဒါန်းလျက်ရှိပြီး ယနေ့မွန်းလွဲပိုင်းတွင်လည်း တပ်မတော်(ကြည်း၊ ရေ၊ လေ)က ကိုကိုးကျွန်းမြို့နယ်၊ ပြည်သူ့ဆေးရုံသို့ Coronavirus Disease 2019  (Covid-19 ) ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး ပစ္စည်းများ၊ ဆေးရုံသုံးပစ္စည်းများ ပေးအပ်လှူဒါန်းသည်။
    
အဆိုပါ လှူဒါန်းပွဲအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ညွန့်ဝင်းဆွေနှင့် မြို့နယ်ကုသရေးဦးစီးဌာနမှူး၊ ဆေးရုံအုပ်ကြီး ဒေါက်တာ သန့်ဇင် နှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။
    
ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များအား ဆေးရုံအုပ်ကြီးနှင့် အဖွဲ့ဝင်များက ကြိုဆိုနှုတ်ဆက်ကြပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဆေးရုံအတွင်း လှည့်လည်ကြည့်ရှုရာ ဆေးရုံအုပ်ကြီးက လိုက်လံရှင်းလင်းပြသသည်။
    
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က Coronavirus Disease 2019 (Covid-19)  ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး ပစ္စည်းများနှင့် ဆေးရုံသုံးပစ္စည်းများ ပေးအပ် လှူဒါန်းခြင်းနှင့် ပတ်သက်၍ အမှာစကားပြောကြားရာတွင် ကိုကိုးကျွန်း ဒေသသည် သွားလာမှုခက်ခဲသဖြင့် ကူးစက်ရောဂါဖြစ်ပွားလာပါက မြို့နယ်အဆင့် နှင့်အညီ ရောဂါကာကွယ်ကုသနိုင်ရေး တပ်မတော်မှ ကူညီဆောင်ရွက်ပေးလျက်ရှိပြီး ယခု တွင်လည်း (Covid-19)  ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် အထောက်အကူ ဖြစ်စေရေးအတွက် ယခုကဲ့သို့ လာရောက် လှူဒါန်းခြင်းဖြစ်ကြောင်း၊ (Covid-19) ရောဂါ ဖြစ်ပွားမှုသည် ဇန်နဝါရီလခန့် မှစ၍ ယခုဆိုလျင် ၇ လခန့်ရှိပြီဖြစ်ပြီး မိမိတို့နိုင်ငံ၌ မတ်လ ၂၃ ရက်တွင် စတင်ဖြစ်ပေါ်ခဲ့ကြောင်း၊ ယနေ့နံနက်ပိုင်းအထိ ကမ္ဘာတစ်ဝန်းတွင် ကူးစက်ခြင်းခံရသူ ၁၄ သန်း ကျော်ရှိပြီဖြစ်ပြီး နေ့စဉ် လူဦးရေ ၂ သိန်းခွဲခန့်ကူးစက်ခံနေရကြောင်း၊ ကမ္ဘာတစ်ဝန်းနှင့်ယှဉ်၍ ကြည့်မည်ဆိုပါက မိမိတို့ နိုင်ငံ၏ ဖြစ်ပွားမှုပမာဏနည်းပါးသည်ဆိုသော်လည်း သတိဖြင့် ဆင်ခြင်နေထိုင်ကြ ရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၌ (Covid-19)  ရောဂါဖြစ်ပွားမှုများမှာလည်း ပြည်တွင်း ကူးစက်မှုနည်းပါးပြီး ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူများမှ ကူးစက်မှုများပြားသည့် အတွက် ထပ်မံဖြစ်ပေါ်လာနိုင်သည့် ရောဂါကူးစက်မှုအခြေအနေများအတွက် ကြိုတင် ပြင်ဆင်ကြရမည်ဖြစ်ကြောင်း၊ ကာကွယ်ခြင်းသည် ကုသခြင်းထက်ပိုမိုထိရောက်ကောင်း မွန်သည် ဖြစ်သောကြောင့် အသိတရားဖြင့် လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း၊ တပ်မတော် မှလည်း ကျန်းမာရေးနှင့် ပတ်သက်၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိပြီး ကိုကိုးကျွန်းဒေသသို့လည်း ဆေးရုံသင်္ဘောများစေလွှတ် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ကိုကိုးကျွန်းဒေသ၏ ကျန်းမာရေးအတွက် နယ်မြေခံ တပ်မှ ဆေးတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ ထိထိရောက်ရောက် ဆောင်ရွက်ပေးသွားကြ ရမည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။
    
ထို့နောက် ကိုကိုးကျွန်းမြို့နယ်၊ ပြည်သူ့ဆေးရုံအတွက် Coronavirus Disease 2019(Covid-19) ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး ပစ္စည်းများနှင့် ဆေးရုံသုံးပစ္စည်း များဖြစ်သည့် Surgical Masks    ၂၀၀၀ ခု၊Glove  ၁၀ဘူး၊ OT Gown  ၃၀၀ စုံ၊ Hand Wash ၅၀ ဘူး၊ Face Shield   ၃၀၀ခု၊Suction Machines ၁ လုံး၊Ultrasound Printer  ၁ လုံး၊ Bp Cuff  ၂ ခု၊ OT Caps ၃၀၀၊ Stethoscope  ၂ ခု၊ Goggles  ၁၀၀ ခု၊ Thermogun  ၅ ခုနှင့် Pluse Oxymeter  ၂ ခုတို့ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့် စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်းတို့က ပေးအပ်လှူဒါန်းရာ ဆေးရုံအုပ်ကြီး ဒေါက်တာ သန့်ဇင်က လက်ခံရယူသည်။
    
ယင်းနောက် ဆေးရုံအုပ်ကြီးက ကျေးဇူးတင်စကားပြန်လည် ပြောကြားရာတွင် ယခုကဲ့သို့ (Covid-19)  ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး ပစ္စည်းများနှင့် ဆေးရုံ သုံးပစ္စည်းများ ပေးအပ်လှူဒါန်းသည့်အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများကို အထူးပင် ကျေးဇူးတင်ရှိပါကြောင်း၊ ကိုကိုးကျွန်းဒေသ၏ ကျန်းမာရေးအတွက် မိမိတို့ ကျန်းမာရေးဝန်ထမ်းများ၊ တပ်မတော် နှင့် ဒေသခံပြည်သူများစုပေါင်း၍ ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖြင့် ပြန်လည်ပြောကြားသည်။
    

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အဖွဲ့ဝင်များသည် ဆေးရုံအုပ်ကြီးနှင့် အခမ်းအနားသို့ တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။

Recent News