တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ Politic မဂ္ဂဇင်းတို့၏ မေးမြန်းဖြေကြားမှုများကို Politic မဂ္ဂဇင်း၌ ထည့်သွင်းဖော်ပြ

 

"တပ်မတော်သည် နိုင်ငံတစ်နိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် အချုပ်အခြာ အာဏာနယ်နိမိတ် တည်တံ့ခိုင်မြဲရေးအတွက် အာမခံချက်ဖြစ်သည်" ဟူသောခေါင်းစဉ်ဖြင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ Politic မဂ္ဂဇင်းတို့၏ မေးမြန်းဖြေကြားမှုများကို Politic မဂ္ဂဇင်း၌ ထည့်သွင်းဖော်ပြ

 

နေပြည်တော်၊ ဩဂုတ် - ၇

    ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌  Politic မဂ္ဂဇင်းသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ အစိုးရ အဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီများနှင့်  လွှတ်တော်အသိုင်းအဝိုင်းတို့အတွက် အကန့် အသတ်ဖြင့် သီးသန့်ထုတ်ဝေဖြန့်ချိသော ဩဇာကြီးမားသည့် မဂ္ဂဇင်းတစ်ခုဖြစ်ပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ Vladimir Putin ကိုယ်တိုင် စိတ်ဝင်တစားစောင့်ကြည့် ဖတ်ရှုသည့် မဂ္ဂဇင်းလည်းဖြစ်သည်။ အဆိုပါ Politic မဂ္ဂဇင်းသည် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့ ယခုနှစ် ဇွန်လ ၂၄ ရက်တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ ကျင်းပ ပြုလုပ်ခဲ့သည့် Victory Day of Great Patriotic War (၇၅)နှစ်မြောက် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားသို့ ပါဝင်တက်ရောက်ခဲ့သည့် ခရီးစဉ်အတွင်း၌လည်း ရုရှား ဖက်ဒရေးရှင်းနိုင်ငံမှ Arguments and Facts သတင်းဌာန၊ ZVEZDA သတင်းဌာန၊ RT သတင်းဌာန၊ Red star  သတင်းဌာနနှင့် Politic မဂ္ဂဇင်း တို့မှ အယ်ဒီတာချုပ်များ၊  သတင်းထောက်များနှင့်အတူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား သီးခြားစီတွေ့ဆုံ၍ သိရှိလိုသည်များကို မေးမြန်းခဲ့သည်။
    ထို့ပြင် အဆိုပါ Politic မဂ္ဂဇင်းမှ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံသို့  ဇူလိုင် ၂ ရက်တွင် အွန်လိုင်းမှတဆင့် သိရှိလိုသည့် မေးခွန်းများ ထပ်မံပေးပို့မေးမြန်းခဲ့ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြန်လည် ဖြေကြား ပေးပို့ခဲ့သည်။ အဆိုပါ မေးမြန်းဖြေကြားမှုအပြည့်အစုံကို ဩဂုတ် ၇ ရက်ထုတ် Politic မဂ္ဂဇင်း၊ အတွဲအမှတ် ၁၁၇၊ နိုင်ငံတကာ ဆက်ဆံရေးကဏ္ဍတွင် "တပ်မတော်သည် နိုင်ငံတစ်နိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် အချုပ်အခြာ အာဏာနယ်နိမိတ် တည်တံ့ခိုင်မြဲ ရေးအတွက် အာမခံချက်ဖြစ်သည်" ဟူသောခေါင်းစဉ်ဖြင့် အင်တာဗျူးဆောင်းပါးကို ထည့်သွင်းဖော်ပြခဲ့သည်။ အဆိုပါ အင်တာဗျူးဆောင်းပါးအပြည့်အစုံကို အောက်ပါအတိုင်း ဖော်ပြလိုက်ပါသည်---- 

 

 

 

 

ပုံ - ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ Politic မဂ္ဂဇင်း၏ ဩဂုတ်လ ၇ ရက်ထုတ် ၊ အတွဲအမှတ် ၁၁၇ နိုင်ငံတကာဆက်ဆံရေးကဏ္ဍတွင် ဖော်ပြခဲ့သည့် အင်တာဗျူးသတင်း

 

 

၂၀၀၈ ခုနှစ်၊ မေလမှာ လူထုဆန္ဒခံယူပွဲဖြင့် အတည်ပြုခဲ့သော ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အဆွေတော်အနေဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် (စစ်သေနာပတိချုပ်)အဖြစ် ၉ နှစ်တာ တာဝန်ထမ်းဆောင်ခဲ့ပြီးပါပြီ၊ အဆွေ တော် အနေနဲ့ ဗိုလ်လောင်းဘဝကနေ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အထိ ဘဝကို ဖြတ်သန်းလာခဲ့တာ ဖြစ်ပါတယ်။ အဆွေတော်ရဲ့ ဘဝအကြောင်း၊ မိသားစုနောက်ခံ အကြောင်း၊ ကလေးဘဝဖြတ်သန်းပုံအကြောင်းနှင့် စစ်မှုထမ်း တစ်ဦးဖြစ်လာပုံလေး ကို နည်းနည်းရှင်းပြပေးပါလား။

        ကျွန်တော်ရဲ့မိဘများက နိုင်ငံရဲ့တောင်ဘက်ဒေသမှာရှိတဲ့ ထားဝယ်ဇာတိဖြစ်ပြီး ကျွန်တော့်ဖခင်က ဦးခင်လှိုင်(ပန်းချီ ဦးခင်လှိုင်-ထားဝယ်)၊ မိခင် ဒေါ်လှမူ ဖြစ်ပါတယ်။ မွေးချင်းညီအစ်ကိုမောင်နှမ ၅ ဦးအနက် စတုတ္ထမြောက်သားဖြစ်ပါတယ်။ ၁၉၆၁ ခုနှစ်မှ ၁၉၆၆ ခုနှစ်အထိ မန္တလေးမြို့၊ ၁၉၆၇ ခုနှစ်မှ ၁၉၇၂ ခုနှစ်အထိ ရန်ကုန်မြို့ တို့မှာ ပညာသင်ကြားခဲ့ပြီး ၁၉၇၂ ခုနှစ်မှာ အခြေခံပညာအထက်တန်း အောင်မြင်ခဲ့ပါတယ်။ ၁၉၇၂ ခုနှစ်မှ ၁၉၇၃ ခုနှစ်အထိ ရန်ကုန် ဝိဇ္ဇာနှင့် သိပ္ပံ တက္ကသိုလ်တွင် ဥပဒေပညာအဓိကဖြင့် ဒုတိယနှစ်သင်တန်းအထိ တက်ရောက်ခဲ့ပြီး ဥပဒေနဲ့ပတ်သက်လို့ အခြေခံများရှိပြီး ဥပဒေအပေါ် စိတ်ဝင်စားမှုရှိပါတယ်။ ၁၉၇၄ ခုနှစ်မှာ စစ်တက္ကသိုလ် ဗိုလ်လောင်း သင်တန်းအမှတ်စဉ်(၁၉)သို့ တက်ရောက်ခဲ့ပြီး သိပ္ပံဘွဲ့ ရရှိခဲ့ပါတယ်။ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှာ မဟာဝိဇ္ဇာ (ကာကွယ်ရေး)ဘွဲ့ရရှိခဲ့ ပါတယ်။ စစ်ဘက်ဆိုင်ရာအဆင့်လိုက် သင်တန်းအားလုံးနဲ့ စီမံခန့်ခွဲမှု ဆိုင်ရာသင်တန်းများ တက်ရောက်ခဲ့ပါ တယ်။

       ၁၉၈၀ ခုနှစ်မှာ ဒေါ်ကြူကြူလှနဲ့ လက်ထပ်ခဲ့ပြီး သမီးတစ်ယောက်၊ သားတစ်ယောက် မွေးဖွားခဲ့ပါတယ်။ မြန်မာ့တပ်မတော်မှာ တာဝန်ထမ်းဆောင်မှုအနေနဲ့ ၁၉၇၇ ခုနှစ်မှ ၁၉၉၀ ခုနှစ်အထိ အရာရှိငယ် ဗိုလ်ကြီးအဆင့်အထိ၊ ၁၉၉၀ ခုနှစ်မှ ၁၉၉၅ ခုနှစ်အထိ ဗိုလ်မှူးအဆင့်၊ ၁၉၉၆ ခုနှစ်မှာ ဒုတိယဗိုလ်မှူးကြီး၊ ၁၉၉၉ ခုနှစ်မှာ ဗိုလ်မှူးကြီးအဆင့်၊ ၂၀၀၁ ခုနှစ်မှာ ဗိုလ်မှူးချုပ်အဆင့်နဲ့တပ်မမှူး၊ စစ်တက္ကသိုလ်ကျောင်း အုပ်ကြီး တာဝန်များကို ထမ်းဆောင်ခဲ့ပါတယ်။ ၂၀၀၄ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိ ဗိုလ်ချုပ်အဆင့်နဲ့ တိုင်းမှူးတာဝန်၊ ၂၀၀၈ ခုနှစ်မှ ၂၀၁၀ ခုနှစ်အထိ ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ဖြင့် စစ်ဆင်ရေးအထူးအဖွဲ့မှူး တာဝန်၊ ၂၀၁၀ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ ဗိုလ်ချုပ်ကြီးအဆင့်ဖြင့် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ)တာဝန်၊ ၂၀၁၂ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ ဒုတိယဗိုလ်ချုပ်မှူးကြီးအဆင့်၊ ၂၀၁၃ ခုနှစ်မှ ယနေ့အထိ ဗိုလ်ချုပ်မှူးကြီးအဆင့်နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပါတယ်။

    မြန်မာ့တပ်မတော်မှာ စတင်တာဝန်ထမ်းဆောင်သည်မှ ယနေ့အထိ နိုင်ငံတော်မှချီးမြှင့်တဲ့ စစ်မှုထမ်းကောင်းတံဆိပ်၊ စစ်မှုထမ်းသင်္ဂဟတံဆိပ်၊ သရေစည်သူဘွဲ့တံဆိပ်၊ မဟာသရေစည်သူဘွဲ့တံဆိပ်၊ ဗုဒ္ဓ ဘာသာကလျာဏယုဝအသင်း (YMBA)မှ ချီးမြှင့်တဲ့ မဟာမင်္ဂလဓမ္မဇောတိကဓဇဘွဲ့တံဆိပ်၊ အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇဘွဲ့တံဆိပ်၊ ထိုင်းနိုင်ငံအစိုးရမှ ချီးမြှင့်တဲ့ Knight Grand Cross (First Class) of the Most Nobel Order of the Crown of Thailand တော်ဝင်ဘွဲ့တံဆိပ်၊ မလေးရှားနိုင်ငံမလေးရှားဘုရင်ကချီးမြှင့်တဲ့ HONOURARY MALAYSIAN ARMEDFORCES ORDER FOR VALOUR (First Degree) Gallant Commanderof the Malaysian Armed Forces ဘွဲ့တံဆိပ်၊ ထိုင်းနိုင်ငံဘုရင်မင်းမြတ်ကချီးမြှင့်တဲ့ မြင့်မြတ်သောဆင်ဖြူတော်ဝင် သူရဲကောင်းဘွဲ့တံဆိပ်(ပထမအဆင့်) "The Knight Grand Cross (First Class)of the MostExalted Order of the White Elephant ဘွဲ့တံဆိပ်" ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးမှ ချီးမြှင့် တဲ့ Army Games International ဂုဏ်ထူးဆောင်တံဆိပ်၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာနမှပေးအပ်ချီးမြှင့်တဲ့ "စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတည်တံ့ခိုင်မြဲရေး" ဂုဏ်ထူးဆောင်တံဆိပ်များ ရရှိခဲ့ပါတယ်။ အရာရှိငယ်ဘဝကနေ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်ထမ်း‌ဆောင်သည့်အချိန်အထိ ရာထူးတာဝန်အမျိုးမျိုးနဲ့ စစ်ဘက်၊ နယ်ဘက်တာဝန်များကို ထမ်းဆောင်ခဲ့ပါတယ်။  

မြန်မာ့တပ်မတော်ဟာ မြန်မာနိုင်ငံ၏လူမှုဘဝ၊ နိုင်ငံရေးစနစ်အတွင်းမှာ ပါဝင်နေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပါ အဖွဲ့အစည်းတစ်ရပ်ဖြစ်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ လွှတ်တော်အသီးသီးရှိ ကိုယ်စားလှယ်အားလုံးရဲ့ ၂၅ ရာခိုင်နှုန်း  ဟာ အဆွေတော် ခန့်အပ်တာဝန်ပေးထားသူတွေဖြစ်ပါတယ်။ သမိုင်းကြောင်းအရ အခြေအနေတစ်ခုမှာ မြန်မာ့တပ်မတော်ဟာ ငြိမ်းချမ်းရေး၊ အချုပ်အခြာအာဏာရဲ့ ပိုင်နက်နယ်မြေကို ကာကွယ်စောင့်ရှောက်သူ ဖြစ်ခဲ့ပါတယ်။ ဒါက အမှန်တရား ဖြစ်ပါတယ်။ လက်ရှိမှာတော့ မြန်မာနိုင်ငံဟာ ဒီမိုကရေစီအသွင်ကူးပြောင်းမှု လမ်းကြောင်းပေါ်ကို လျှောက်လှမ်းနေပြီ ဖြစ်ပါတယ်။ အဆွေတော်ရဲ့အမြင်အရ ဘယ်လိုအခြေအနေမျိုးမှာ တပ်မတော်အနေနဲ့ လွှတ်တော်အသီးသီးရှိ ကိုယ်စားလှယ် ပမာဏ လျှေော့ချဖျက်သိမ်း သွားနိုင်ပါ သလဲ။

       မြန်မာ့တပ်မတော်ရဲ့သမိုင်းကြောင်းနဲ့ နိုင်ငံတော်ရဲ့သမိုင်းကြောင်းဟာ ခွဲခြားလို့မရပါဘူး။ တပ်မတော်သည် နိုင်ငံတော်လွတ်လပ်ရေးကို ပြည်သူနဲ့အတူလက်တွဲပြီး ရယူဆောင်ရွက်ပေးခဲ့တယ်။ ၁၈၈၅ ခုနှစ်မှာ ကျွန်တော်တို့ နိုင်ငံလွတ်လပ်ရေးဆုံးရှုံးခဲ့တယ်။ လွတ်လပ်ရေးဆုံးရှုံးပြီး နောက်ပိုင်းမှာ လွတ်လပ်ရေးအတွက် ကျွန်တော်တို့နိုင်ငံသားတွေအားလုံး၊ တိုင်းရင်းသားတွေအားလုံး နယ်ချဲ့ကိုတော်လှန်ခဲ့ကြတယ်။ သို့သော် အဲဒီတုန်းကခေတ်မီတဲ့ တပ်မတော်တစ်ရပ်အနေနဲ့ စုစုစည်းစည်း တော်လှန်ခဲ့တာမဟုတ်ဘဲ နယ်မြေဒေသအလိုက်သာ ဆောင်ရွက်ခဲ့ကြတာဖြစ်လို့ နယ်ချဲ့ရဲ့နှိမ်နင်းမှုခံခဲ့ရတယ်။ နောက်ပိုင်းမှာ ပြည်သူ လူထုကပေါက်ဖွားလာတဲ့ မျိုးချစ်လူငယ် ၃၀ ဦးနဲ့ တပ်မ တော်ကို ၁၉၄၁ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တယ်။ လွတ်လပ်ရေး တိုက်ပွဲဝင်ခဲ့တယ်။ တပ်မတော်ဖွဲ့စည်းအပြီး ၇ နှစ်အကြာမှာ မြန်မာ့လွတ်လပ်ရေးရခဲ့တယ်။ ဒါ့ကြောင့် တပ်မတော်ရဲ့သမိုင်း၊ မြန်မာ့ လွတ်လပ်ရေးသမိုင်းနဲ့ မြန်မာနိုင်ငံသမိုင်းတို့ဟာ ခွဲခြား၍မရဘူးလို့ ပြောရခြင်းဖြစ်ပါတယ်။

         ကျွန်တော်တို့နိုင်ငံဟာ ရုရှားနိုင်ငံလိုပဲ ရှေးနှစ်ပေါင်းများစွာကတည်းက ကိုယ့်မင်း၊ ကိုယ့်ချင်းနဲ့နေလာတဲ့ ပြည်ထောင်စုနိုင်ငံတစ်ခု ဖြစ်ပါတယ်။ ဘုရင့်နိုင်ငံအဖြစ်ရှိနေချိန်မှာ ကျန်ကမ္ဘာ့နိုင်ငံတွေလိုပဲ အတက်၊ အကျ တွေရှိခဲ့ပါတယ်။ ဘုရင်ခေတ်က ပထမမြန်မာနိုင်ငံ၊ ဒုတိယ မြန်မာ နိုင်ငံနဲ့ တတိယမြန်မာနိုင်ငံဆိုပြီး ထင်ရှားခဲ့တဲ့ခေတ်ကာလ ၃ ခုရှိခဲ့ ပါတယ်။ အဲဒီခေတ်ကာလတွေကို သုံးသပ်ကြည့်ရင်တူညီတဲ့ တွေ့ရှိချက် တစ်ခုကတော့ နိုင်ငံရဲ့တပ်မတော်အင်အား တောင့်တင်း ရင်၊ နိုင်ငံသူ၊ နိုင်ငံသား၊ တိုင်းရင်းသားတွေစည်းလုံးညီညွတ်ရင် မြန်မာ ဟာ ဖွံ့ဖြိုး တိုးတက်မှုအရှိန်ကောင်းခဲ့တယ်။ ဒီနှစ်ချက်ယုတ်လျော့ရင် မြန်မာဟာ အင်အားချိနဲ့သွားတယ်ဆိုတာပဲဖြစ်ပါတယ်။

          ကျွန်တော်တို့ လွတ်လပ်ရေးရပြီးနောက်ပိုင်းမှာ မြန်မာနိုင်ငံဟာ ဖွံ့ဖြိုး တိုးတက်ပြီး အင်အားတောင့်တင်းမယ့်နိုင်ငံအဖြစ် အားလုံးကမျှော်လင့်ခဲ့ကြပါတယ်။ သို့သော် ကံမကောင်းစွာဘဲ အယူဝါဒအမျိုးမျိုး၊ အယူအဆ အမျိုးမျိုးကြောင့် လွတ်လပ်ရေးနဲ့အတူ လက်နက်ကိုင်သောင်းကျန်းသူတွေ ပေါ်ပေါက်လာပြီး လက်နက်ကိုင်ပဋိပက္ခတွေ ရင်ဆိုင်ခဲ့ရတယ်။ အယူဝါဒကြောင့် ပေါ်ပေါက်လာတဲ့ ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) လို အင်အားကောင်းတဲ့ လက်နက်ကိုင်အဖွဲ့တွေရှိခဲ့သလို အယူအဆကြောင့် ဖြစ်လာခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ပေါ်ပေါက်လာခဲ့တယ်။ လွတ်လပ်ရေးရပြီးစ မြန်မာနိုင်ငံအခြေအနေဟာ တော်တော်ဆိုးဝါးခဲ့ပါတယ်။ ဒီလို ဖြစ်ခဲ့ရတဲ့ နောက်ခံအကြောင်း အရင်းတွေကတော့များစွာ ရှိပါတယ်။ ဥပမာအနေနဲ့ပြောရရင် နယ်ချဲ့လက်အောက်မှာ ပြည်မ(ဗမာအများစု နေထိုင်တဲ့ မြေပြန့်ဒေသ)နဲ့ တောင်တန်း (တိုင်းရင်းသားအများစုနေထိုင်တဲ့ဒေသ)တွေကို ခွဲခြားအုပ်ချုပ်တဲ့ သွေးခွဲအုပ်ချုပ်တဲ့စနစ်က စတာပါပဲ။ ဒါတွေကို လွတ်လပ်ရေးရပြီး နောက်ပိုင်းမှာ ထပ်မံသွေးထိုး လှုံ့ဆော်မှုနဲ့ပေါင်းလိုက်တော့ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခကပိုကြီးလာပါတယ်။ လွတ်လပ်ရေး ရပြီးကာစ တိုင်းပြည်ထူထောင်ရေးကို လုပ်ရမယ့်အချိန်မှာ ဒါတွေ လုံးဝမလုပ်နိုင်ဘဲ တိုက်ပွဲတွေနဲ့အချိန်ကုန်ခဲ့ရပါတယ်။ အဲဒီအချိန်က မြန်မာနိုင်ငံရဲ့မြို့တော် ရန်ကုန်ကိုသာအစိုးရရဲ့ အာဏာစက်က သက် ရောက်ပြီး နိုင်ငံတကာက ရန်ကုန်အစိုးရလို့ လှောင်ပြောင်ခေါ်ဝေါ် သမုတ်နေကြချိန် ဖြစ်ပါတယ်။ ဘယ်လောက် ဆိုးဝါးတဲ့အခြေအနေလည်း ခန့်မှန်းကြည့်ပါ။  မြန်မာနိုင်ငံရဲ့ အကျယ်အဝန်းဟာ ဧရိယာ စတုရန်းမိုင် ၂သိန်း ၆သောင်းကျော် ရှိပါတယ်။ အစိုးရရဲ့ အုပ်ချုပ်မှု ထိရောက်မှုဟာ ရန်ကုန်မြို့တွင်း မိုင် ၃၀ ပတ်လည်လောက်ပဲ ရှိပါ တော့တယ်။ ဒီအခြေအနေကနေ တပ်မတော်က ရုန်းထွက်ခဲ့ရတာပါ။ ရရှိပြီးတဲ့လွတ်လပ်ရေးမဆုံးရှုံးအောင် တည်တံ့ခိုင်မြဲအောင် လုပ်ခဲ့ ရတာ ဖြစ်ပါတယ်။

                  တပ်မတော်ဟာ ပြည်သူနဲ့လက်တွဲပြီး ဒီအခြေအနေဆိုးတွေကနေ လွတ်မြောက်အောင် ဆောင်ရွက်ခဲ့တယ်။ လက်နက်ကိုင်ပဋိပက္ခတွေ အတော်အသင့်ချုပ်ငြိမ်းပြီး အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခုဟာ အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်ခုနဲ့ တူလာတဲ့အချိန်မှာပဲ အာဏာရပါတီအတွင်းမှာ နိုင်ငံရေးအရကွဲပြားမှုတွေ၊ အားပြိုင်မှုတွေ ထပ်ဖြစ်လာခဲ့ပါတယ်။ ပြည်နယ်အချို့ဟာလည်း ပြည်ထောင်စုက ခွဲထွက်ဖို့ လှုပ်ရှားမှုတွေ ဆောင်ရွက်လာခဲ့ပါတယ်။ ၁၉၅၈ ခုနှစ်မှ  ၁၉၆၂ ခုနှစ် ပတ်ဝန်းကျင်ပေါ့။ ဒီမှာတပ်မတော်ကပဲ အိမ်စောင့်အစိုးရအနေနဲ့၊ တော်လှန်ရေးကောင်စီအစိုးရအနေနဲ့ နိုင်ငံတော်တာဝန်တွေယူပြီး ဒီအန္တရာယ်တွေကို တားဆီးခဲ့ရပါတယ်။ စစ်ဆင်ရေးနဲ့ လုံခြုံရေး တာဝန်တွေ ထမ်းဆောင်ရင်း နိုင်ငံတော်ထူထောင်ရေးတာဝန်တွေကိုပါ လုပ်ဆောင်ခဲ့ရပါတယ်။ လွတ်လပ်ရေးရပြီးကတည်းက ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တွေ မရှိသလောက်အားနည်းခဲ့တဲ့ တိုင်းပြည်ကို လွတ်လပ်ရေး အာမခံချက်၊ ပြည်ထောင်စုမပြိုကွဲရေး အာမခံချက်၊ လုံခြုံရေး အာမခံချက်၊ ကာကွယ်ရေးအာမခံချက်တွေ ရရှိအောင် ဘယ်လောက်ခက်ခက်ခဲခဲ ဆောင်ရွက်ရမယ်ဆိုတာကို သုံးသပ်ကြည့် ရင်သိနိုင်ပါတယ်။ နောက်ပိုင်းမှာ ကျွန်တော်တို့ ပါလီမန်ဒီမိုက ရေစီစနစ်ကနေ ဆိုရှယ်လစ်စနစ်ကို နိုင်ငံရေးအရပြောင်းလဲခဲ့တယ်။ တပ်မတော်အနေနဲ့ ကျွန်တော်တို့ပင်မတာဝန်ဖြစ်တဲ့ နိုင်ငံတော် ကာကွယ်ရေး တာဝန်အပြင် နိုင်ငံတော်ရဲ့ ဆိုရှယ်လစ်လူ့ဘောင်တည်ဆောက်ရေးလုပ်ငန်းတွေမှာ ထဲထဲဝင်ဝင်ပါဝင်ခဲ့ရတယ်။ ၁၉၈၈ ခုနှစ်မှာ ကျွန်တော်တို့နိုင်ငံမှာလည်း အဲဒီခေတ်က ကမ္ဘာ့နိုင်ငံတော် တော်များများမှာ ကြုံခဲ့ရတဲ့ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး တောင်း ဆိုမှု၊ လှုပ်ရှားမှုတွေဖြစ်ခဲ့တယ်၊ ပြည်သူလူထုလိုလားတောင်း ဆိုတဲ့ ဒီစနစ်ပြောင်းလဲရေးလှုပ်ရှားမှုဟာ မူလအနေအထားအရကြည့်ရင် ပြည်သူ့လိုလားချက်၊ ပြည်သူ့ဆန္ဒလို့ပြောလို့ရပေမယ့် နောက်ကွယ်မှာ ဖြစ်ပွားခဲ့ရတဲ့ ဖြစ်စဉ်ဖြစ်ရပ်တွေ၊ သွေးထိုးလှုံ့ဆော်မှုတွေများစွာရှိခဲ့ ပါတယ်။ ဒါတွေကြောင့်လည်း ဒီမိုကရေစီလှုပ်ရှားမှုဟာ အရုပ်ဆိုး အကျည်းတန်သွားပြီး မင်းမဲ့စရိုက်ဆန်ဆန်လှုပ်ရှားမှုတွေဖြစ်လာခဲ့ရတယ်။ မြန်မာ့ယဉ်ကျေးမှုနဲ့လားလားမှ မသက်ဆိုင်တဲ့ လမ်းလယ်ခေါင်၊ လူတွေအကြားမှာ ခေါင်းဖြတ်သတ်တာ တွေဖြစ်လာတယ်။ အစိုးရစက်ရုံတွေ၊ အလုပ်ရုံတွေ၊ အများနဲ့သက်ဆိုင်တဲ့နေရာတွေ ဖျက်စီးခံရတယ်။ နိုင်ငံတကာအမြင်မှာ မြန်မာဟာ အရိုင်းအစိုင်း နိုင်ငံ၊ ယဉ်ကျေးမှု ကင်းမဲ့တဲ့နိုင်ငံအဖြစ် ထင်မြင်လာတဲ့အထိ မြန်မာ့ ပုံရိပ်ထိခိုက်ခဲ့တယ်။ ပြည်တွင်းမှာလည်း အစိုးရရဲ့အုပ်ချုပ်မှုယန္တရားပျက်စီးသွားခဲ့တယ်။ ဒါတွေကို တပ်မတော်ကပဲ နိုင်ငံတော်တာဝန်ကိုယူပြီး ထိန်းသိမ်းခဲ့ရတယ်။ အဲဒီမှာ ကျွန်တော်တို့ဟာ ပြည်သူ့ဆန္ဒ၊ ပြည်သူ့လိုလားချက်ကို လုံးဝမပစ်ပယ်ခဲ့ဘူး။ အဲဒီအချိန်မှာ နိုင်ငံတော်တာဝန်ကိုတာဝန်ယူနေရတဲ့ တပ်မတော်အစိုးရ၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ရဲ့ ပထမဆုံးထုတ်ပြန်ချက်ဖြစ်တဲ့ ကြေညာချက်အမှတ် ၁/၈၈ ကို ကြည့်ရင်သိနိုင်တယ်။ ပြည်သူတို့လိုလားတောင့်တခဲ့တဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို တည်ဆောက်မယ်လို့ တာဝန်ယူတာနဲ့တစ်ပြိုင်နက်ပြောခဲ့တယ်။ လက်တွေ့အကောင်အထည်ဖော်ခဲ့တယ်။ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲခဲ့ပြီး ၂၀၁၀ ပြည့်နှစ်မှာ ယခုကျွန်တော်တို့နိုင်ငံ ကျင့်သုံးနေတဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို ဖော်ဆောင်ခဲ့တယ်။ ယခုဆိုရင် ပါတီစုံ ဒီမိုကရေစီစနစ်ဟာ အစိုးရရဲ့ ၅ နှစ် သက်တမ်းနှစ်ခုရှိပြီဖြစ်တယ်။ တပ်မတော်သည် ပြည်သူ့အတွက်ဖြစ်တယ်။ ပြည်သူသာအမိ၊ ပြည်သူသာ အဖဖြစ်တယ်။ ပြောတဲ့အတိုင်း ကျွန်တော်တို့လုပ်ဆောင်ခဲ့တယ်။ ပျက်ကွက်ခဲ့တာမရှိပါဘူး။

                  ဒီကျွန်တော်ပြောခဲ့တဲ့ မြန်မာ့သမိုင်းကို သုံးသပ်ကြည့်ရင် တပ်မတော်ဟာ နိုင်ငံတော်ကို ကာကွယ်နေတဲ့အဓိကအဖွဲ့အစည်း (State Defender) သာမက ခေတ်အဆက်ဆက်မှာ နိုင်ငံတော်ကို တည်ဆောက်သူ (State Builder)အဖြစ် တာဝန်တွေကို ကျေကျေပွန်ပွန် ထမ်းဆောင်ခဲ့ကြောင်း တွေ့ရမှာဖြစ်ပါတယ်။ ဒါ့ကြောင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ(၂၀၀၈ခုနှစ်)မှာ "နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးတို့ကို အစဉ်တစိုက်ဦးတည်သည်" လို့ ပြဋ္ဌာန်းထားပြီး ခုမေးတဲ့တပ်မတော်သား ၂၅ ရာခိုင်နှုန်း လွှတ်တော်ထဲမှာပါဝင်တဲ့ ပြဋ္ဌာန်းချက်ကစလို့ တပ်မတော်နဲ့ပတ်သက်တဲ့ အခြားအရေးကြီးတဲ့ ပြဋ္ဌာန်းချက်တွေ ပါဝင်နေရခြင်းဖြစ်ပါတယ်။

                  နောက်တစ်ချက်ကတော့ ကျွန်တော်တို့နိုင်ငံမှာ ခုအချိန်ထိ လွတ်လပ်ရေးရပြီးခါစက စတင်ခဲ့တဲ့ လက်နက်ကိုင်ပဋိပက္ခတွေရှိနေဆဲ ဖြစ်ပါတယ်။ အစိုးရအဆက်ဆက် တွေ့ဆုံညှိနှိုင်းဆွေးနွေးရေးနည်းလမ်းအပါအဝင် နည်းလမ်းမျိုးစုံနဲ့ ကြိုးပမ်းခဲ့သော်လည်း ဒီနေ့အထိရှိနေဆဲဖြစ်ပါတယ်။ ဒါတွေဟာ ကျွန်တော်တို့ ယနေ့လျှောက်လှမ်းနေတဲ့ "ပါတီစုံဒီမိုကရေစီ" စနစ်နဲ့" ခေတ်မီဖွံ့ဖြိုးတိုးတက်သောနိုင်ငံ "တည်ဆောက်ရေးအတွက် အနှောင့်အယှက်နဲ့အန္တရာယ်တွေပါပဲ။ ကျွန်တော်မကြာခဏပြောသလို ဒီမိုကရေစီစနစ်မှာ မိမိတို့လိုအင်ဆန္ဒကို လက်နက်ဆွဲကိုင်တောင်းဆိုတာဟာ အန္တရာယ်ပါပဲ။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ အဓိကတောင်းဆိုနေတာက "ဖက်ဒရယ်"စနစ်လို့ ပြောကြပါတယ်။ ကျွန်တော်တို့ကလည်း "ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စု"ကို တည်ဆောက်မယ်လို့ပြောခဲ့၊ အာမခံခဲ့ပြီးဖြစ်ပါတယ်။ ဒါဆိုခုအချိန်အထိ ဒီလက်နက်ကိုင်ပဋိပက္ခတွေရှိနေသလဲ၊ ညှိနှိုင်း ဆွေးနွေးမှုတွေ မအောင်မြင်သေးတာလဲ၊ အဖြေက ပိုမိုနက်ရှိုင်းပြီး နောက်ခံအကြောင်းတရားမျိုးစုံရှိနေတယ်လို့ ပြောချင်ပါတယ်။

                  ဒီနေရာမှာ ကျွန်တော် ထပ်ပြောချင်တာက အချို့သောအဖွဲ့အစည်း တွေက မြန်မာနိုင်ငံရဲ့ ဒေသအချို့၊ နေရာအချို့ဟာ ယခင်ကတည်းက မြန်မာနိုင်ငံထဲမှာ မရှိသယောင်၊ လွတ်လပ်တဲ့ဒေသ၊ နေရာတစ်ခုအဖြစ် သမိုင်းအဆက်ဆက်ရပ်တည်ခဲ့သယောင် ပြောနေ၊ ဆိုနေ၊ ရေးနေ၊ လှုံ့ဆော်နေတာတွေပိုများလာပါတယ်။ ပြည်ထောင်စုအတွက် တကယ့်အန္တရာယ်ပဲဖြစ်ပါတယ်။ သမိုင်းကြောင်းမှာ ကျွန်တော်တို့ တိုင်းရင်းသားတွေဟာ အေးအတူ၊ ပူအမျှစုပေါင်းနေထိုင်လာကြတာ ဖြစ်ပါတယ်။ ဝေးလံလှတဲ့သမိုင်းကြောင်းကို ကျွန်တော်မပြောတော့ဘူး၊ အနီးစပ်ဆုံး အကြောင်းအချက် အခိုင်လုံဆုံးအထောက်အထားကိုပဲ ပြောပါ့မယ်။ ကျွန်တော်တို့မှာ အိမ်နီးချင်းနိုင်ငံ ၅ နိုင်ငံရှိတယ်။ သက်ဆိုင်ရာ နိုင်ငံတွေနဲ့နယ်နိမိတ်ဆိုင်ရာ သဘောတူစာချုပ်တွေ၊ နားလည်မှု စာချွန်လွှာတွေ၊ ဆွေးနွေးမှုတွေ ယခင်အင်္ဂလိပ်ကိုလိုနီလက်ထက် ကတည်းက သဘောတူညီချက်တွေရှိခဲ့ကြတယ်။ ဒီစာချုပ်တွေ၊ နားလည်မှု စာချွန်လွှာတွေ၊ ဆွေးနွေးမှုတွေ၊ နယ်မြေမှာထင်ထင်ရှားရှားရှိနေတဲ့ နယ်ခြားမှတ်တိုင်တွေ၊ အမှတ်အသားတွေကို သူတို့အားလုံးသိပြီးဖြစ်ပါတယ်။ သူတို့သည် မြန်မာနိုင်ငံထဲမှာ နေထိုင်ကြတဲ့ မြန်မာတွေ၊ သူတို့နယ်မြေဒေသတွေသည် မြန်မာနိုင်ငံရဲ့အစိတ်အပိုင်း၊ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာထဲမှာ အားလုံးပူးပေါင်းနေထိုင်လာခဲ့ကြတယ် ဆိုတာ သိပြီးဖြစ်လို့ဖြစ်ပါတယ်။ ဒါတွေကို အခုချိန်မှာအတွေးမှား၊ အမြင်မှား၊ အယူအဆမှားအောင် နိုင်ငံတကာမှာလည်း ထင်ယောင်ထင်မှား ဖြစ်လာအောင် ကြိုးစားလာကြတာကိုတွေ့ရပါတယ်။

            ဒါ့ကြောင့်လည်း တပ်မတော်သည် အမျိုးသားနိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍ၊ လွှတ်တော်မှာ အမတ် ၂၅ ရာခိုင်နှုန်းပါနေရတာ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ မကြာခဏပြောခဲ့ပြီးဖြစ်ပါတယ်။ တိုင်းပြည်မှာ နိုင်ငံရေးအရ တည်ငြိမ်အေးချမ်းအာမခံချက်ရှိလာရင်၊ လုံခြုံရေးအရ တည်ငြိမ်အေးချမ်းအာမခံချက်ရှိလာရင်၊ လက်နက်ကိုင် ပဋိပက္ခတွေကို ဖြေရှင်းနိုင်တဲ့ စိတ်ချရတဲ့ အနေအထားရောက်လာရင် တပ်မတော်ဟာ  ဒီမိုကရေစီစနစ်နဲ့အညီ ဆောင်ရွက်သွားမှာပဲဖြစ်ပါတယ်။

တပ်မတော်၊ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ နယ်ခြားစောင့်တပ်ဖွဲ့ဝင်များဟာ အဆွေတော်ရဲ့ ကွပ်ကဲမှုအောက်မှာရှိပါတယ်။ ပြည်ထဲရေးဝန်ကြီးနဲ့ နယ်စပ်ရေးရာ ဝန်ကြီးတို့ကို အဆွေတော်က အမည်စာရင်းပေး အဆိုပြုပါတယ်။ အဆိုပါဝန်ကြီး တွေရဲ့ မူဝါဒတွေကို ဘယ်လိုကွပ်ကဲအကောင်အထည်ဖော်ပါသလဲ။

       ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ခုနှစ်) ပြဋ္ဌာန်းချက် ၂၃၂ အရ ကာကွယ်ရေး၊ ပြည်ထဲရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးဌာနတွေအတွက် ဝန်ကြီးများအမည်စာရင်းကို ကျွန်တော်ကတင်သွင်းရတာဖြစ်ပါတယ်။ သို့သော် ကျွန်တော်အမည်စာရင်း တင်သွင်းပြီး သမ္မတကအတည်ပြုလိုက်တာနဲ့သူတို့ဟာ ပြည်ထောင်စုအစိုးရ အဖွဲ့ဝင်(Union Cabinet အဖွဲ့ဝင်) ဝန်ကြီးများဖြစ်ပါတယ်။ ဒါ့ကြောင့်သူတို့ကို နိုင်ငံတော်သမ္မတက ကွပ်ကဲပြီးဝန်ကြီးများကလည်း နိုင်ငံတော်သမ္မတကို တာဝန်ခံရပါတယ်။ တချို့ကိစ္စတွေမှာတော့ အလုပ်အကိုင်ခွဲခြားလုပ်ရတာတွေ ရှိပါတယ်။ ဥပမာ နိုင်ငံတကာကာကွယ်ရေးကဏ္ဍနှင့်ပတ်သက်ပြီး ကာကွယ်ရေးဝန်ကြီးက တာဝန်ယူရသလိုကျွန်တော်တို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးကလည်း တပ်မတော်အချင်းချင်းဆက်သွယ်ဆက်ဆံရေး၊ အာဆီယံတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များအစည်းအဝေးတို့၊ ကြည်း၊ ရေ၊ လေ ဦးစီးချုပ်များ အစည်းအဝေးတို့ကို တာဝန်ယူလုပ်ဆောင်ရပါတယ်။ နောက်တစ်ခုက ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)ပြဋ္ဌာန်းချက် ၃၃၈အရ "နိုင်ငံတော်အတွင်းရှိ လက်နက်ကိုင်အဖွဲ့အစည်းအားလုံးသည် တပ်မတော်၏ကွပ်ကဲမှုအောက်တွင် ရှိရမည်"လို့ ပြဋ္ဌာန်းထားပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးအပ်ထားတဲ့တာဝန်အရ ကျွန်တော်ကလက်နက်ကိုင်အဖွဲ့အစည်းအားလုံး၊ ဥပမာ ကျွန်တော်တို့နိုင်ငံမှာဆိုရင် တပ်မတော်၊ ရဲတပ်ဖွဲ့၊ ပြည်သူ့စစ်အဖွဲ့၊ အကျဉ်းထောင် ဝန်ထမ်း၊ အခြားလုံခြုံရေးနဲ့ သတင်းရယူရေးအဖွဲ့တွေကို ကွပ်ကဲဖို့တာဝန်ရှိပါတယ်။ သို့သော် တပ်မတော်နဲ့ တပ်မတော်က ဖွဲ့စည်းပေးထားတဲ့ လက်နက်ကိုင်တပ်ဖွဲ့များမှအပ ကျန်လက်နက်ကိုင်အဖွဲ့တွေကို ကျွန်တော်က အချိန်တိုင်း၊ နေရာတိုင်းနဲ့အခြေအနေတိုင်းမှာ ကွပ်ကဲနေတာမဟုတ်ပါဘူး။ ဥပမာ-နယ်ခြားစောင့်ရဲတပ်ဖွဲ့ဆိုရင် လုံခြုံရေးနဲ့ပတ်သက်ပြီး တပ်မတော်နဲ့ ချိတ်ဆက်ပြီး လိုအပ်တာတွဆောင်ရွက်ပေးတယ်။ ကူညီပေးတယ်။ ကျန်တာက လွတ်လွတ်လပ်လပ်ပါပဲ။ နယ်စပ်ရေးရာဝန်ကြီးဌာနဆိုရင် တိုင်းရင်းသားတွေ နေထိုင်ရာ နေရာဒေသအများစုနဲ့ ပဋိပက္ခတွေဖြစ်နေတဲ့နေရာတွေမှာ တာဝန် ယူပြီး လုပ်ငန်းတွေလုပ်နေရတယ်။ အဲဒီဒေသမှာရှိတဲ့ တိုင်းရင်းသားတွေရဲ့ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ဖို့အတွက် ကျွန်တော်ကအကြံဉာဏ်ပေးတာတွေ၊ လုံခြုံရေးအရ ပေါင်းစပ်ညှိနှိုင်းပေးတာတွေရှိပါတယ်။

မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှဒေသမှာ ဧရိယာအားဖြင့် အကြီးဆုံး၊ သဘာဝသံယဇာတအကြွယ်ဝဆုံးနိုင်ငံတစ်ခုဖြစ်ပါတယ်။ အမေရိကန်နဲ့ အနောက်နိုင်ငံအချို့ဟာ စိတ်သဘောထားမမှန်စွာနှင့် ယိုးမယ်ဖွဲ့ပြီး နှစ်ပေါင်းများစွာ ပိတ်ဆို့အရေးယူမှုတွေပြုလုပ်ခဲ့ပါတယ်။ လက်ရှိမှာတော့ အနောက်နိုင်ငံတွေဟာ နိုင်ငံတော် တိုးတက်ဖွံ့ဖြိုးမှု နှောင့်နှေးနှေးကွေးအောင်၊ ပြည်သူများ၏ သာယာဝပြောရေးကို ထိပါးနိုင်သည့် အခြေအနေရောက်အောင် ဖန်တီးနေကြပါတယ်။ သို့သော် ဆောင်ရွက် နေမှုများဟာ တရားမျှတမှုရှိတယ်လို့ ထင်ပါသလား။

          ခင်ဗျားပြောတာမှန်ပါတယ်။ မြန်မာဟာအရှေ့တောင်အာရှဒေသမှာ ဧရိယာအားဖြင့်အကြီးဆုံးဖြစ်ပြီး သဘာဝသယံဇာတပေါကြွယ်ပါတယ်။ လွတ်လပ်ရေးရပြီးစ ကျွန်တော်တို့နိုင်ငံရဲ့အခြေအနေကို ပြောပြီးဖြစ်ပါတယ်။ ပါလီမန်ဒီမိုကရေစီစနစ်ကို ကျွန်တော်တို့ ကျင့်သုံးခဲ့တယ်။ အဲဒီခေတ်မှာကတည်းက ဖိအားအမျိုးမျိုးပါ။ ပြည်တွင်းမှာလည်း အနောက်ကိုလိုလားတဲ့အုပ်စုရှိသလို၊ အရှေ့ကိုလိုလားတဲ့ အုပ်စုရှိပါတယ်။ ဒီအားပြိုင်မှုတွေဟာ နိုင်ငံအပေါ်မှာ တော်တော်အကျိုးသက်ရောက်မှုရှိခဲ့ပါတယ်။ ဒီကိစ္စတွေကြောင့် နိုင်ငံရေး ပါတီတွေကွဲခဲ့သလို နိုင်ငံရေးအင်အားစုတွေလည်းကွဲခဲ့တယ်။ ကျွန်တော်တို့ တပ်ထဲမှာတောင်ရှိခဲ့ပါတယ်။ နောက်ပိုင်းမှာ ဆိုရှယ်လစ်စနစ်ကျင့်သုံးခဲ့တယ်။ ဒီစနစ်နဲ့ ဆန့်ကျင်ဘက်အုပ်စုတွေရဲ့ဖိအားပေးမှု ပိုမိုများလာတာပေါ့။ ဒီနေ့ထိတောင် ဒီစနစ်ကို လက်ညှိုးထိုးအပြစ်တင်လို့ မပြီးသေးပါဘူး။ နောက်ပိုင်းမှာ ကျွန်တော်တို့ ပြည်သူတွေလိုလားတောင့်တခဲ့တဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို တပ်မတော်ကပဲ ဦး‌ဆောင်ပြီးပြောင်းလဲခဲ့တယ်။ ဒီလိုပြောင်းလဲပြီးနောက်ပိုင်း မှာလည်း ခုခင်ဗျားပြောတဲ့ ဖိအားတွေရှိနေတုန်းပါပဲ။ အကြောင်း အမျိုးမျိုးတော့ရှိမှာပေါ့လေ။ ဒီမိုကရေစီစံချိန်၊ စံညွှန်းဆိုတဲ့စကားကတော့ ခဏခဏပြောနေတာပေါ့။ ရုရှားနိုင်ငံလည်း ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံး နေတာပဲ။ ရုရှားရဲ့ဒီမိုကရေစီနဲ့ အနောက်နိုင်ငံရဲ့ဒီမိုကရေစီ ဘယ်တူမလဲ။ သို့သော ခုခင်ဗျားတို့နိုင်ငံ အောင်မြင်နေတယ်။ ဖွံ့ဖြိုးတိုးတက်နေတယ်။ တည်ငြိမ်အေးချမ်းနေတယ်ဗျာ။ လူတွေတောင် အင်္ကျီဟာကိုယ့်ကိုယ်တိုင်းနဲ့ ကိုယ်ဝတ်ရတာပဲလေ။ ကျွန်တော်တို့လည်း ကျွန်တော်တို့နိုင်ငံရဲ့သမိုင်း၊ လူမျိုးရေး၊ စရိုက်လက္ခဏာ၊ ပတ်ဝန်းကျင်အနေအထား၊ အခြေအနေ၊ အချိန်အခါနဲ့လိုက်လျောညီထွေရှိတဲ့ ဒီမိုကရေစီစနစ်ကို ကျင့်သုံးရမှာပဲဖြစ် ပါတယ်။ နောက်တစ်ခုက လူ့အခွင့်အရေးကိစ္စတွေကို အကြောင်းပြပါတယ်။ သူတို့ယဉ်ကျေးမှုအရကျင့်သုံးနေတဲ့ လူ့အခွင့်အရေးတွေနဲ့ ကျွန်တော်တို့ ယဉ်ကျေးမှုအရရှိနေ၊ ကျင့်သုံးနေတဲ့ လူ့အခွင့်အရေးတွေ ဘယ်လိုလုပ် ထပ်တူကျနိုင်မလဲ။ ဒီအပေါ်မှာ သူတို့ပေတံ၊ သူတို့စံနှုန်းနဲ့လာတိုင်းပြီး ဝေဖန်တာတွေ၊ ပိတ်ဆို့တာတွေ လုပ်တာဟာ တရားမျှတမှု ရှိ/ မရှိ ခင်ဗျားပဲ စဉ်းစားကြည့်ပါ။

          မြန်မာနိုင်ငံမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များစွာ ရှိပါတယ်။ ၂၀၁၅ ခုနှစ်မှာ ၈ ဖွဲ့ဟာ တစ်နိုင်ငံလုံး အတိုင်းအတာအပစ်အခတ်ရပ်စဲရေးကို လက်မှတ် ရေးထိုးခဲ့ပြီး နောက်ထပ် ၂ ဖွဲ့လည်း ဆက်လက်ပါဝင်လက်မှတ်ရေးထိုးခဲ့ပါတယ်။ အဆိုပါ လက်နက်ကိုင်ပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားနေတဲ့ ဒေသတွေမှာ အပစ်အခတ် ရပ်စဲနိုင်ရေးအတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တစ်ယောက်အနေဖြင့် ငြိမ်းချမ်းရေး ကမ်းလှမ်းမှုကို အကြိမ်ပေါင်းများစွာ အဆွေတော်အဆိုပြုကမ်းလှမ်းခဲ့ပြီးဖြစ်ပါတယ်။ အဆိုပါ အဆိုပြုကမ်းလှမ်းချက်များအကြောင်း ပြောပြပေးပါ။ ကမ်းလှမ်းချက်တွေရဲ့ အဓိပ္ပာယ်နဲ့အနှစ်သာရများက ဘာတွေပါလဲ။

          တပ်မတော်သည် ငြိမ်းချမ်းရေးကိုအလိုချင်ဆုံးအဖွဲ့အစည်းပါ။ မငြိမ်းချမ်းရင် လက်နက်ကိုင်ပဋိပက္ခတွေ ဆက်ဖြစ်နေရင် ကျွန်တော်တို့ စစ်သည်တွေပဲ အသက်၊ ခန္ဓာပေးဆပ်ပြီးတိုက်ရိုက်ထိခိုက်ရတာပါ။ ဒါ့ကြောင့် တပ်မတော်ဟာ ခေတ်အဆက်ဆက်၊ အစိုးရအဆက်ဆက်မှာ ငြိမ်းချမ်းရေးရအောင် တက်တက် ကြွကြွဆောင်ရွက်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့ကနေ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်နေ့အထိ ကျွန်တော်တို့ မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်သမိုင်းမှာ တစ်ခါမှမရှိဘူးတဲ့ "ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနဲ့ ထာဝရ ငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက်" တွေထုတ်ပြန်ပြီး တစ်ဖက်သက် ကျွန်တော်တို့အပစ်အခတ်ရပ်စဲပေးခဲ့တယ်။ (၉) လ တာကာလပါ။ အဲဒီ ထုတ်ပြန်ချက်မှာ "တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနနှင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးအပါအဝင် ငြိမ်းချမ်းရေးဆိုင်ရာများကို ညှိနှိုင်းဆွေးနွေးသွားရန်"လို့ တိုက်တွန်းထားပါတယ်။ ဒါ့အပြင် လိုအပ်လာရင် တပ်မတော်နဲ့တိုက်ရိုက် ဆွေးနွေးနိုင်ရေးအဖွဲ့ဝင် ၈ ဦးပါတဲ့ တပ်မတော်ညှိနှိုင်းဆွေးနွေးရေးအဖွဲ့ ကိုလည်း ဖွဲ့ပေးခဲ့ပါတယ်။ အဓိကက ပစ်ခတ်တိုက်ခိုက်မှုတွေရပ်စဲပြီး ယုံကြည်မှုပိုမိုခိုင်မာလာအောင်တည်ဆောက်၊ သက်ဆိုင်ရာအဖွဲ့တွေနဲ့ ဆွေးနွေးပြီးရင် ငြိမ်းချမ်းရေးကို လက်တွေ့အကောင်အထည်ဖော်နိုင်ဖို့ပါ။ ဒါပေမဲ့ ဒီလိုအချိန်မှာ ငြိမ်းချမ်းရေးအတွက် လုပ်ဆောင်နေတာတွေ၊ ဆွေးနွေး နေတာတွေ၊ ညှိနှိုင်းနေတာတွေက အားမရစရာပဲဖြစ်ပါတယ်။ ဒါ့ကြောင့် သက်ဆိုင်သူအားလုံး သတိထားနိုင်အောင် (၇) လ ပြည့်ခါနီးကာလ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့မှာ တပ်မတော်က "ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလ အတွင်း ငြိမ်းချမ်းရေးလုပ်ငန်းရပ်များ ထိရောက်စွာဆောင်ရွက်နိုင်ရေး တိုက်တွန်းချက်"ကို သီးခြားထုတ်ပြန်တိုက်တွန်းခဲ့ပါတယ်။ ထပ်ပြီး သြဂုတ်လ ၁၄ ရက်နေ့မှာ "ပစ်ခတ်တိုက်ခိုက်မှုများ ရပ်စဲပေးထားချိန်တွင် ထာဝရငြိမ်းချမ်းရေးအတွက် အချိန်မဆိုင်းဘဲ ထိထိရောက်ရောက်ဆွေးနွေး ညှိနှိုင်းဆောင်ရွက်ကြရေးအသိပေးချက်" ကို ထပ်မံထုတ်ပြန်ခဲ့ပါတယ်။ ဒါတွေ ထုတ်ပြန်ရခြင်းက ငြိမ်းချမ်းရေးအပြင် ဒီမိုကရေစီစနစ်ရဲ့အနှစ်သာရဖြစ်တဲ့ ဆွေးနွေးညှိနှိုင်းအဖြေရှာရေး၊ နိုင်ငံရေးသဟဇာတဖြစ်စေရေးအတွက် ဆောင်ရွက်ရခြင်းလည်းဖြစ်ပါတယ်။ ငြိမ်းချမ်းရေးကိစ္စတွေကို ဦးဆောင် ဆောင်ရွက်နေတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟို ဌာန (NRPC) အနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အင်တိုက်အားတိုက် ဆောင်ရွက်နိုင်ဖို့၊ ပစ်ခတ်တိုက်ခိုက်မှုတွေရှိနေလို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် လုပ်ရတာ နှောင့်နှေးနေတယ်မဖြစ်ရအောင် ဆောင်ရွက်ပေးခဲ့ပါတယ်။ NRPC အနေနဲ့ ဒါကိုအကောင်အထည်မဖော်နိုင်ခဲ့ဘူးလို့ ဆိုရမှာဖြစ်ပါတယ်။ လိုအပ်လို့ ရှိရင် တပ်ကညှိနှိုင်းရေးအဖွဲ့ ဖွဲ့စည်းပေးခဲ့တာကိုလည်း ထိထိရောက်ရောက် မသုံးနိုင်ခဲ့ပါဘူး။ ဒီအချိန်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအချို့က အင်အားတိုးချဲ့တာတွေ၊ နယ်မြေတိုးချဲ့တာတွေ၊ ပြည်သူလူထုအပေါ်မှာ ဝန်ထုပ်ဝန်ပိုးဖြစ်စေမယ့်လုပ်ရပ်တွေလုပ်နေတာကို စိတ်မကောင်းဖွယ်တွေ့ ရတယ်။ အဓိကက ဆက်သွယ်ရေးလမ်းကြောင်းပေါ် ထိတက်လာပြီး ဆက်ကြေးကောက်တာ၊ လမ်းတံတားတွေကို မိုင်းထောင်၊ မိုင်းခွဲတာ၊ မြို့ပြ တွေကို ပစ်ခတ်တာတွေထိ လုပ်လာတယ်။ ကျွန်တော်အနေနဲ့ ၂၀၂၀ ပြည့်နှစ်မှာ ငြိမ်းချမ်းရေးရအောင် လုပ်မယ်ဆိုတဲ့ သန္နိဋ္ဌာန်စကားပြောခဲ့ပါတယ်။ ငြိမ်းချမ်းရေးရရှိဖို့ဟာ တိုင်းပြည်အတွက်အရေးကြီးသလို တကယ်လည်းလိုချင် ပါတယ်။ ဒါပေမဲ့ငြိမ်းချမ်းရေးကတစ်ဖက်တည်းလုပ်လို့မရပါဘူး။ သက်ဆိုင်သူတွေ အားလုံးပါမှ ရတာပါ။ ဒီနေရာမှာ ထပ်ပြောချင်တာက ငြိမ်းချမ်းရေး ဖော်ဆောင်ခြင်းနဲ့ မူးယစ်ဆေးဝါးထုတ်လုပ်ခြင်း ဘယ်လိုမှမအပ်စပ်၊ မဆက်စပ်ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် တပ်မတော်အနေနဲ့ကတော့ လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းရေး၊ တဒင်္ဂမဟုတ်တဲ့ ထာဝရငြိမ်းချမ်းရေးရရှိရေး ဆက်လက်ဆောင်ရွက်လျက်ရှိပါတယ်။

အဆွေတော်ရဲ့ ပကတိလုပ်ဆောင်ချက်တွေအရရော တိုင်းရင်းသားအဖွဲ့အစည်းများ၏ ကိုယ်စားလှယ်များနဲ့ ညှိနှိုင်းဆွေးနွေးမှုဆောင်ရွက်စဉ်အတွင်းအဆွေတော်၏ ပြောကြားချက်အရရော၊ တိုင်းရင်းသားလူမျိုးများအချင်းချင်း ဝိရောဓိမဖြစ်၊ အမြင်တွေကွဲပြားမှုမရှိဘဲ၊ အေးချမ်းပျော်ရွှင်သဟဇာတဖြစ်စွာ နေထိုင်နိုင်ရေး အတွက် မြန်မာနိုင်ငံကိုတစ်စုတစ်စည်းတည်းဖြစ်အောင် အဆွေတော်ဆောင်ရွက် နေတာသိသာပါတယ်။ ဒါဟာမျိုးချစ်စိတ်ရှိတဲ့ အဆွေတော်တို့အတွက် မြင့်မားတဲ့ တာဝန်တစ်ရပ်ဖြစ်ပါတယ်။ ဒါဟာအဆွေတော်ရဲ့ ခိုင်မြဲတဲ့ရပ်တည်ချက် ဖြစ်ပါတယ်။ နှစ် ၇၀ ကျော် ကြာညောင်းနေတဲ့ စစ်ပွဲပဋိပက္ခတွေ အဆုံးသတ်ဖို့၊ နယ်စပ်ဒေသ တွေမှာ ငြိမ်းချမ်းရေးတည်ဆောက်နိုင်ဖို့နဲ့ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရေးကို အာမခံ နိုင်ဖို့၊ ဖက်ဒရယ်မူများအသွင် အပြည့်အဝပေါင်းစပ်ဆောင်ရွက်နိုင်ရေး ဘာတွေ လိုအပ်တယ်လို့ အဆွေတော်ထင်မြင်ယူဆပါသလဲ။

       နိုင်ငံတစ်ခုရပ်တည်နိုင်ဖို့ နိုင်ငံရဲ့ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့တရား စီရင်ရေး မဏ္ဏိုင်ကြီးတွေ ကောင်းမွန်စွာ လည်ပတ်နိုင်ဖို့ အခြေခံဥပဒေက အဓိကပါပဲ။ တစ်နည်းအားဖြင့် အခြေခံဥပဒေဆိုတာ နိုင်ငံတော်ကို အုပ်ချုပ်တဲ့ အစိုးရက သူ့ကိုရွေးချယ်တင်မြှောက်လိုက်တဲ့ ပြည်သူ့အပေါ် သူဘယ်လိုအုပ်ချုပ်မယ်၊ ဘာတွေလိုက်နာမယ် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးကဏ္ဍအလိုက် ဘယ်လိုကျင့်သုံးမယ်ဆိုတာပေးထားတဲ့ ကတိကဝတ်တွေဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာ နိုင်ငံသူ၊ နိုင်ငံသားအားလုံး၊ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး အတွက်အခွင့်အရေးတွေ၊ ကတိကဝတ်တွေကို အခန်း(၁)၊ နိုင်ငံတော် အခြေခံမူများအခန်းနဲ့ အခန်း(၈)၊ နိုင်ငံသား၊ နိုင်ငံသားများ၏ မူလ အခွင့်အရေးနှင့် တာဝန်များအခန်းမှာ ပြည့်ပြည့်စုံစုံ ထည့်သွင်းရေးသား ပြဋ္ဌာန်းထားပါတယ်။ ပြောရရင် ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း (Universal Declaration of Human Rights- UDHR)ပါ လူသားတိုင်း အတွက် ရပိုင်ခွင့်စံချိန်၊ စံညွှန်းတွေထက်မလျော့ပါဘူး။ တိုင်းရင်းသား ကိစ္စတွေနဲ့ပတ်သက်ရင်လည်း အခြေခံဥပဒေပြဋ္ဌာန်းချက် ၂၂ မှာ တိုင်းရင်းသားတွေရဲ့ စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှု၊ အချင်းချင်းစည်းလုံးညီညွတ်ရေး၊ ချစ်ကြည်လေးစား ရိုင်းပင်းကူညီရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လူမှုစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် နိုင်ငံတော်က ကူညီဆောင်ရွက်ရမှာတွေကို ဖော်ပြထားပါတယ်။

     သို့သော် ဒီလိုဆောင်ရွက်တဲ့နေရာမှာ သက်ဆိုင်ရာ Respective ဧရိယာက ပြည်သူလူထုကလည်း ကိုယ်တိုင်ကြိုးစားမှ အရာရောက်မှာ၊ အလုပ်ဖြစ်မှာဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ကျွန်တော်တို့နိုင်ငံထဲက တိုင်းရင်းသားဒေသတွေ တော်တော်များများကို ရောက်ဖူးပါတယ်။ သူတို့နဲ့ ရင်းရင်းနှီးနှီးအကြိမ်ကြိမ် တွေ့ဆုံဆွေးနွေးဖူးပါတယ်။ ဒီမှာ ကျွန်တော် နားထောင်ခဲ့ရတာတွေ၊ ပြောခဲ့တာတွေအများကြီးပါပဲ။ သို့သော် အနှစ်ချုပ်လိုက်ရင် မိမိဒေသကနေ ဒေသခံအသိပညာရှင်၊ အတတ်ပညာရှင်တွေပေါ်ထွက်လာဖို့၊ သူတို့ကဦးဆောင်ပြီး ဒေသဖွံ့ဖြိုးရေးကို လက်တွေ့ကျကျလုပ်ဆောင်ဖို့၊ ဒေသအတွက်လုပ်ဆောင်နိုင်တဲ့အလုပ်နဲ့ အခွင့်အလမ်းတွေအကြောင်းပါပဲ။ အယူအဆကတော့ ရှင်းရှင်းလေးပါဗျာ။ အတန်းစာမေးပွဲအောင်ချင်ရင် နံပါတ်တစ်က ကျောင်းနေရမယ်။ နံပါတ်နှစ်က စာသင်ရမယ်။ နံပါတ်သုံးက စာမေးပွဲဖြေရမှာပဲလေဗျာ။ ကျောင်းမနေဘဲ၊ စာမသင်ဘဲ၊ စာမေးပွဲမဖြေဘဲ၊ အတန်းစာမေးပွဲ အောင်ချင်လို့ ဘယ်လိုလုပ်ဖြစ်နိုင်မလဲဗျာ။ အားလုံးကပူးပေါင်းဆောင်ရွက်ရင်၊ လက်တွေ့ကျကျဆောင်ရွက်ရင် ခင်ဗျားခုနမေးတဲ့ကိစ္စတွေဟာ ဖြစ်လာမှာအမှန်ပါပဲ။   

ယခုနှစ် မတ်လအတွင်းက အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် အစိုးရက ကြေညာထားတဲ့ ARSA နဲ့ AA အဖွဲ့တွေရဲ့လှုပ်ရှားမှုတွေဟာ မကြာသေးမီ နှစ်ပိုင်း တွေမှာ နိုင်ငံရဲ့အနောက်ပိုင်းမှာ ပိုမိုများပြားပြင်းထန်လာပါတယ်။ ၎င်းတို့ကို တိုက်ဖျက်ဖို့အတွက် တပ်မတော်မှာ အဓိကတာဝန်ရှိလာပါတယ်။ အကြမ်းဖက်ဝါဒ ကို တိုက်ဖျက်နိုင်ဖို့အတွက် ဘာတွေလိုအပ်ပါသလဲ။

          အကြမ်းဖက်ဝါဒဆိုတာ မကောင်းဘူးဆိုတာ ပြည်သူတွေက နှစ်နှစ်ကာကာ သိလာဖို့ လိုပါတယ်။အချို့မီဒီယာတွေကလည်း ဒီအကြမ်းဖက်မှုကျူးလွန် နေတဲ့အဖွဲ့တွေ၊ လူတွေ၊ အားပေးနေတဲ့ လူတွေကိုသိလျက်နဲ့ လူမျိုးရေးကိစ္စ လိုလိုပုံဖော်ပြီး မှိုင်းတိုက်နေတာတွေရှိပါတယ်။ အကြမ်းဖက်မှုတိုက်ဖျက်ရေးအတွက် သူတို့ရဲ့အရင်းအမြစ်၊ အထောက်အပံ့တွေကို ဖြတ်တောက်ပစ်ဖို့လိုပါတယ်။ သူတို့မှာအကြမ်းဖက်မှုလုပ်ဖို့ အကြမ်းဖက်လိုတဲ့စိတ် ဘယ်လိုပဲ ရှိရှိ လက်နက်မရှိရင် လုပ်လို့မရပါဘူး။ လက်နက်ဘယ်လိုပဲရှိရှိ ခဲယမ်းမရှိရင် လုပ်လို့မရပါဘူး။ ဒီလက်နက်၊ ခဲယမ်းတွေ၊ ပစ္စည်းတွေ ဘယ်လိုရနေသလဲ။ ဒါတွေဝယ်ဖို့ ငွေဘယ်ကရနေသလဲ။ ဒါတွေကို ဘယ်လိုနည်းနဲ့ ရယူနေသလဲ။ ဒါကအဖြေပါပဲ။ သူတို့အနေနဲ့ ငွေကို ပြည်သူလူထုထံက အတင်းအဓမ္မဆက်ကြေးကောက်ခံပြီးစုနေတယ်။ ပြီးရင် အဓိကမူးယစ်ဆေးဝါးလုပ်ငန်းတွေကရနေတယ်။ မူးယစ်ဆေးဝါးသယ်ယူပို့ဆောင်၊ ရောင်းချတဲ့လုပ်ငန်း တွေကရနေတယ်။ ဒါ့အပြင် သဘာဝသယံဇတတွေကို ခိုးထုတ်ရောင်းချခြင်းက ရနေတယ်။ ဒါ့ကြောင့် တပ်မတော်အနေနဲ့ တစ်မျိုးသားလုံးရဲ့ အန္တရာယ်လည်းဖြစ်တဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်နှိမ်နှင်းရေးကို ကြိုးစားဆောင်ရွက်လျက်ရှိတယ်။ ၂၀၁၉ ခုနှစ် နဲ့ ၂၀၂၀ ပြည့်နှစ်အတွင်းမှာပဲ ကျွန်တော်တို့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက မူးယစ်ဆေးဝါး မြန်မာကျပ်ငွေ ၈၇၂.၂၁၆ ဘီလီယံ ကျော်ဖိုး၊ အမေရိကန်ဒေါ်လာ  ၆၃၆သန်းကျော်ဖိုးကို ဖမ်းဆီးဖော်ထုတ် ဖျက်ဆီးနိုင်ခဲ့တယ်။ ဒီမှာထပ်ပြီးပြောချင်တာကဒီမူးယစ်ဆေးဝါး၊ စိတ်ကြွဆေးပြား (မက်သာဖက်တမင်း Methamphetamine) တို့ (ICE) တို့ကို ထုတ်လုပ်တဲ့ဓာတုပစ္စည်းပရီကာဆာတွေနဲ့ချက်လုပ်တဲ့ပစ္စည်းတွေက မြန်မာနိုင်ငံမှာမထွက်ပါဘူး။ တခြားနိုင်ငံကနေတင်သွင်းရတယ်။ သူတို့ဘယ်လို တင်သွင်းနေသလဲ၊ ဘယ်လိုရယူနေသလဲ။ ဒီလမ်းကြောင်းတွေ ဖြတ်တောက်ပစ်ဖို့ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုလိုတယ်လို့ ကျွန်တော်ပြောရတာ ဖြစ်တယ်။ ဒါ့ကြောင့် အကြမ်းဖက်တိုက်ဖျက်ရေးမှာ ဒီအဖွဲ့တစ်ခုကိုပဲ ကြည့်လို့မရဘူး။ နောက်ကွယ်က ပံ့ပိုးနေတဲ့အကြောင်းတရားတွေ၊ အဖွဲ့အစည်းတွေကိုလည်း မြင်အောင်ကြည့်ရမယ်။ ဒါတွေကို နိုင်ငံအားလုံးပူးပေါင်း ဆောင်ရွက် တိုက်ဖျက်ဖို့ လိုပါတယ်။

လက်ရှိကာလမှာ အကြမ်းဖက်ဝါဒဟာ တစ်ကမ္ဘာလုံးအတိုင်းအတာအနေနဲ့ ပျံ့နှံ့နေတဲ့အတွက်ကြောင့် မြန်မာနိုင်ငံအပါအဝင် မည်သည့်နိုင်ငံကမှ သူ့နိုင်ငံရဲ့ လုံခြုံရေးကို သူကိုယ်တိုင်တစ်နိုင်ငံတည်းကနေ ကာကွယ်ပေးနိုင်ခြင်းမရှိကြတော့ပါဘူး။ ရုရှားနိုင်ငံအနေနဲ့ ၂၀ ရာစုရဲ့ ၁၉၉၀ ပြည့်နှစ်များအတွင်းမှာ အကြမ်းဖက်ဝါဒတိုက်ဖျက်ရေးနဲ့ ခွဲထွက်ရေးသမားများကို နှိမ်နှင်းတဲ့စစ်ဆင်ရေးအတွေ့အကြုံများစွာရှိပါတယ်။ မြန်မာနိုင်ငံအပေါ်အကြမ်းဖက်ဝါဒ ခြိမ်းခြောက်မှုကို ဖြေရှင်းဆောင်ရွက်ရန်အတွက် အဆွေတော်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တစ်ယောက်အနေနဲ့ ရုရှားနိုင်ငံနှင့် ဘယ်လိုအပြန်အလှန်ပူးပေါင်းဆောင်ရွက်တာမျိုး မြင်ချင်ပါ သလဲ။

          ရုရှားနိုင်ငံဟာ အကြမ်းဖက်မှုတိုက်ဖျက်ရေးနဲ့ပတ်သက်ပြီး အတွေ့အကြုံကောင်း တွေရှိတယ်ဆိုတာ ကျွန်တော်သိပါတယ်။ အကြမ်းဖက်မှုတိုက်ဖျက်ရေးနဲ့ စစ်ဆင်ရေးမှာ "သတင်း" ရရှိဖို့ လိုပါတယ်။ ဒီလို "သတင်း" ရရှိရေး၊ ရယူနိုင်ရေးကိစ္စမှာ ပူးပေါင်းဆောင်ရွက်နိုင်ရင်တော့ အကောင်းဆုံးပါပဲ။ ကျွန်တော် ပြောခဲ့သလို ဒီအကြမ်းဖက်အဖွဲ့အစည်းတွေဟာ ကွန်ရက်တွေရှိပါတယ်။ နောက်ကွယ်မှာ ချိတ်ဆက်မှုတွေရှိပါတယ်။ ဒါတွေဟာ အကြမ်းဖက်ဝါဒရဲ့ အရင်းမြစ်တွေပါပဲ။ ဒါတွေကိုဖော်ထုတ်နိုင်ဖို့၊ ထိထိရောက်ရောက်ချေမှုန်း နိုင်ဖို့ သတင်းနဲ့ပူးပေါင်းဆောင်ရွက်မှုတွေလိုတာကတော့အမှန်ပါပဲ။ အထူးသဖြင့် နယ်နိမိတ်ချင်းထိစပ်နေတဲ့ အိမ်နီးချင်းနိုင်ငံများရဲ့ ပူးပေါင်းဆောင်ရွက်မှု၊ မိတ်ဆွေနိုင်ငံများရဲ့ ပူးပေါင်းဆောင်ရွက်မှု၊ အကြမ်းဖက်ဝါဒကို ကမ္ဘာပေါ်က ပျောက်ကွယ်သွားစေလိုတဲ့ နိုင်ငံများနဲ့ အဖွဲ့အစည်းများရဲ့ ပူးပေါင်းဆောင်ရွက် မှုဟာ အကြမ်းဖက်ဝါဒကို အမြစ်ပြတ်ချေမှုန်းနိုင်ဖို့ အထောက်အပံ့ကောင်း တွေပဲဖြစ်ပါတယ်။

အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကို နိုင်ငံတော်စီမံခန့်ခွဲရေးအတွက် အရေးပါတဲ့ အစိတ်အပိုင်းတစ်ရပ်အဖြစ် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ထည့်သွင်းရေးဆွဲထားပါတယ်။ အဆိုပါကောင်စီရဲ့အဖွဲ့ဝင်တစ်ဦးလည်းဖြစ်ပါတယ်။ အချို့သော ကိစ္စရပ်တွေဟာ ကျွန်ုပ်တို့အမြင်အရ အဆိုပါကောင်စီမှာ ဆွေးနွေးရမယ့်ကိစ္စရပ်တွေဖြစ်နေပေမယ့် ကောင်စီမှာဆွေးနွေးတာနဲ့ပတ်သက်ပြီး ဘာတစ်ခုမှ မကြားမိသေးဘူး။ အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအစည်းအဝေးတွေ လိုအပ်တယ်လို့အဆွေတော် ထင်ပါသလား။ အဆိုပါအစည်းအဝေးက အခြေအနေတွေတည်ငြိမ်အောင်ဆောင်ရွက်ရေးနဲ့ အကြမ်းဖက်ဝါဒတိုက်ဖျက်ရေးတွေအထောက်အကူဖြစ်စေနိုင်တယ်လို့ ထင်ပါသလား။

       ထင်ပါတယ်။ ကမ္ဘာ့နိုင်ငံတွေအားလုံးလောက်နီးပါးမှာ ဒီ "ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ" ကို ဒီနာမည်နဲ့ပဲဖြစ်ဖြစ်၊ အခြားနာမည်နဲ့ပဲဖြစ်ဖြစ် တစ်နည်းနည်းနဲ့ ဖွဲ့စည်းလုပ်ကိုင်ဆောင်ရွက်နေတာပဲဖြစ်ပါတယ်။ နိုင်ငံတော် ကာကွယ်ရေးနဲ့ လုံခြုံရေးကိစ္စတွေဟာ နိုင်ငံတစ်ခုရဲ့ အသက်ဝိညာဉ်တွေပဲ ဖြစ်ပါတယ်။ အသက်ဝိညာဉ်မရှိတဲ့လူကို လူလို့ဆက်ပြီးခေါ်လို့ရဦးမလား။ ဒီလောက်အထိ အရေးကြီးပါတယ်။ ကျွန်တော်မကြာခဏပြောခဲ့သလိုပါပဲ။ ဒီကိစ္စတွေမှာ Sorry ဆိုတာမရှိပါဘူး။ Sorry ဆိုရင် နိုင်ငံရဲ့အချုပ်အခြာ အာဏာဆုံးရှုံးပြီးဖြစ်နေပါလိမ့်မယ်။ ဒါတွေကို သက်ဆိုင်ရာအဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေနဲ့ တိုင်ပင်ဆွေးနွေးမှုတွေ၊ ညှိနှိုင်းမှုတွေ၊ သုံးသပ်မှုတွေမလုပ်ဘဲ၊ တစ်ဦးတည်းကဆုံးဖြတ်နေတာ အန္တရာယ်သိပ်ကြီးပါတယ်။ ထိရောက်တဲ့၊ မှန်ကန်တဲ့ဆုံးဖြတ်ချက်၊ လုပ်ဆောင်ချက်တွေဖြစ်ဖို့အလွန် အလှမ်းဝေးလှ ပါတယ်။ ဒီအစည်းအဝေးတွေခေါ်ယူခြင်း၊ မခေါ်ယူခြင်းဟာခေါ်ယူလုပ်ဆောင်ရန် တာဝန်ရှိသူတွေရဲ့အပိုင်းသာဖြစ်ပြီး ကျွန်တော်တို့က မိမိနိုင်ငံ၊ မိမိလူမျိုးရဲ့ ကာကွယ်ရေးနဲ့လုံခြုံရေးကိစ္စတွေကို ကျယ်ကျယ်ပြန့်ပြန့်စဉ်းစားလုပ်ဆောင်တာတွေ လုပ်ဆောင်လျက်ရှိပါတယ်။

ဇွန်လ ၂၄ ရက်နေ့ ရင်ပြင်နီမှာ ပြုလုပ်ကျင်းပခဲ့တဲ့ ဆိုဗီယက်ပြည်သူလူထု၏ (၇၅) နှစ်မြောက် မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ အထိမ်းအမှတ်စစ်ရေးပြအခမ်းအနားကို အဆွေတော်တက်ရောက်ခဲ့ပါတယ်။ အဆွေတော်နဲ့ အဆွေတော်ရဲ့အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ဟာ ရုရှားပြည်သူများနှင့်အတူ မျှဝေအောင်ပွဲခံခဲ့ကြတဲ့ သမိုင်းဝင် ပထမဆုံး မြန်မာဧည့်သည်တော်ကြီးများ ဖြစ်ကြတဲ့အတွက် အရမ်းကျေနပ်မိပါတယ်။ အဆွေတော်ရဲ့ ထင်မြင်ယူဆချက်တွေကို မျှဝေပေးပါအုံး။

       အင်မတန်ဂုဏ်ယူစရာကောင်းတဲ့၊ ကြီးကျယ်လှတဲ့ အခမ်းအနားတစ်ခုပါပဲဗျာ။ COVID-19 ကြောင့် ကန့်သတ်ချက်တွေ၊ စိတ်သွားတိုင်းကိုယ်မပါတာတွေ ရှိပေမယ့် ရုရှားနိုင်ငံရဲ့ အမျိုးသားရေးစိတ်ဓာတ်နဲ့စည်းလုံးညီညွတ်မှုကို ဖော်ပြနိုင်တဲ့ အခမ်းအနားကြီးပဲဖြစ်ပါတယ်။ ဒီအောင်ပွဲဟာ ရုရှားပြည်သူ တစ်ရပ်လုံးရဲ့ အောင်ပွဲပါ။ ဒီနေရာမှာ ရုရှားပြည်သူတွေအောင်ပွဲခံခဲ့တာဟာ နိုင်ငံအပေါ်အောင်ပွဲခံခဲ့တာမဟုတ်ပါဘူး။ ဆိုးရွားလှတဲ့ ဖက်ဆစ်စနစ်၊ နာဇီစနစ် အပေါ် အောင်ပွဲခံခဲ့တာပါ။ ဒီစနစ်တွေကို တွန်းလှန်ဖယ်ရှားခဲ့တာဖြစ်ပါတယ်။ ဒါဟာ အဓိကအချက်ပါပဲ။ ယခင်အတိတ်က ဒီစနစ်၊ ဒီဝါဒတွေဟာ ကမ္ဘာမှာ ကမ္ဘာစစ် (World War) ဖြစ်တဲ့အဆင့်အထိဆိုးရွားလှတဲ့စနစ်တွေဖြစ်ပါတယ်။ ဒီနေ့ခေတ်မှာတော့ ကမ္ဘာကိုညစ်နွမ်းစေတဲ့စနစ်တွေ၊ ဝါဒတွေကဘာလဲ။ အကြမ်းဖက်စနစ်ပါပဲ။ ဒါကို ကျွန်တော်တို့ သတိရှိရပါမယ်။ ဒီအချိန်မှာ ရုရှားဟာ ဒီဆိုးရွားလှတဲ့ စနစ်အပေါ်အောင်ပွဲခံနိုင်ခဲ့ပါပြီ။ ဒါ့ကြောင့် ဒီ Victory  Day စစ်ရေးပြပွဲဟာ ရုရှားရဲ့နိုင်ငံတော်ကာကွယ်ရေးစွမ်းပကားကို ပြသနိုင်ခဲ့ ပါတယ်။ ဒီလိုပါပဲ။ ကမ္ဘာ့နိုင်ငံအသီးသီးမှာ တပ်မတော်နေ့၊ လွတ်လပ်ရေးနေ့၊ အမျိုးသားနေ့စစ်ရေးပြအခမ်းအနားတွေ ပြုလုပ်နေကြပါတယ်။ ရည်ရွယ်ချက် ကတော့ မိမိနိုင်ငံရဲ့ ကာကွယ်ရေးစွမ်းပကားကိုပြသဖို့၊ တိုင်းချစ်၊ ပြည်ချစ်၊ နိုင်ငံချစ် စိတ်ဓာတ်ကိုပြသဖို့၊ တပ်မတော်နဲ့ပြည်သူ တစ်သားတည်းရှိပြီး နိုင်ငံတွင်း စည်းလုံးညီညွတ်မှုကိုပြသဖို့ စတာတွေပဲဖြစ်ပါတယ်။

စစ်ရေးပြအခမ်းအနားတက်ရောက်ရန် ရုရှားနိုင်ငံသို့ လာရောက်စဉ်အတွင်း မော်စကိုမြို့အနီး၊ မျိုးချစ်ပန်းခြံမှာရှိတဲ့ ရုရှားတပ်မတော်၏ ပင်မဘုရားကျောင်း ဆောင်ကြီးကို အဆွေတော်လည်ပတ်ခဲ့ပါတယ်။ ဘုရားကျောင်းဝန်းကြီးအတွင်းမှာ မဟာမျိုးချစ်စစ်ပွဲကြီးအတွင်း ကျဆုံးသွားခဲ့ကြသူတွေရဲ့ အမှတ်တရဓာတ်ပုံပြခန်းကို အကျွမ်းတဝင်လေ့လာခွင့်ရရှိခဲ့ပါတယ်။ ဘုရားကျောင်းကြီးနဲ့ အမှတ်တရဓာတ်ပုံ ပြခန်းကို ကြည့်ရှုလေ့လာနေတဲ့အချိန်မှာ မည်သည့်ခံစားမှုမျိုးကို အဆွေတော် ရရှိခံစားရပါသလဲ။

            စစ်ပွဲဆိုတာပန်းနဲ့ပေါက်တာမဟုတ်ပါဘူး။ လက်နက်၊ ခဲယမ်းမီးကျောက်တွေနဲ့ တိုက်ခိုက်တာဖြစ်ပါတယ်။ စစ်သည်တွေ နိုင်ငံနဲ့လူမျိုးအတွက် အသက်ပေးလှူဒါန်းခဲ့ကြရတယ်။ အပြစ်မဲ့ပြည်သူတွေ သေကျေခဲ့ကြ ရတယ်။ တကယ်ကိုစိတ်မကောင်းစရာပါ။ ဒါကိုသင်ခန်းစာရယူကြရမှာပါ။ ဒီလိုကျူးကျော်စစ်တွေ၊ နယ်ချဲ့မှုတွေ၊ မတရားမှုတွေ ဖြစ်မလာအောင် တားဆီးကြရမှာဖြစ်တယ်။ ဒီမျိုးချစ်စစ်ပွဲကြီးအတွင်း ကျဆုံးသွားရသူတွေအတွက် တကယ်စိတ်မကောင်းပါဘူး။ နိုင်ငံတော်နှင့်ပြည်သူလူထုအတွက် တာဝန်ထမ်းဆောင်နေတဲ့ စစ်သားအချင်းချင်းရဲဘော်ရဲဘက်စိတ် အပြည့်နဲ့ဝမ်းနည်းပါတယ်။ ဒါတွေဟာ သင်ခန်းစာယူဖို့အတွက်ပဲ ဖြစ်ပါစေလို့ ဆုတောင်းပါတယ်။

             ဒါ့အပြင် ဒီလိုမျိုးချစ်စစ်သည်တွေ၊ ရဲဘော်တွေအတွက် အထိမ်းအမှတ်နေရာတွေ ဆောင်ရွက်ပေးတာဟာ သူတို့ကို လေးစားရာ၊ အသိအမှတ် ပြုရာရောက်သလို နိုင်ငံတော်နဲ့တပ်မတော်အတွက် နိုင်ငံ့ကာကွယ်ရေး ခွန်အားနဲ့ တိုင်းချစ်ပြည်ချစ်စိတ်ကို လှုပ်ဆော်ပေးရာ၊ Motivate လုပ်ပေးရာနေရာလည်းဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာလည်း ဒီလိုနိုင်ငံတော်၊ ပြည်သူနဲ့ တပ်မတော်အတွက် အသက်စွန့်လွတ်ခဲ့ရသူတွေအတွက် ယခင်က အညတရစစ်သည်များဗိမာန်ဆောင်ရွက်ခဲ့သလို ကျွန်တော်တပ်မတော်အကြီးအကဲ တာဝန်ထမ်းဆောင်နေချိန် ၂၀၁၇-၂၀၁၈ ခုနှစ်အတွင်းမှာ သူရဲကောင်းစစ်သည်များဗိမာန်ကို ခမ်းခမ်းနားနား ဆောက်လုပ်ပေးခဲ့ပါတယ်။ ဒီလိုနိုင်ငံတော်နဲ့ ပြည်သူ အတွက် အသက်ကိုစွန့်လွတ်အနစ်နာခံခဲ့သူတွေကို ကျွန်တော်တို့ စစ်သည်တွေကမှ မချီးကျူးရင်ဘယ်သူကချီးကျူးမှာလဲ။ သူတို့ရဲ့ ကျေးဇူးတရားကို ကျွန်တော်တို့ကမှ မဖော်ထုတ်ရင် ဘယ်သူက ဖော်ထုတ်မှာလဲ။ ဒါဟာ ဂုဏ်ယူစရာကောင်းတဲ့လုပ်ရပ်၊ ဝင့်ကြွားစရာ ကောင်းတဲ့နေရာဖြစ်ပါတယ်လို့ ကျွန်တော်ပြောလိုပါတယ်။

ရုရှား-မြန်မာစစ်ဘက်နဲ့ စစ်ဘက်နည်းပညာပူးပေါင်းဆောင်ရွက်ရေးဟာ နှစ်ပေါင်း ၂၀ ကျော်ကြာဖွံ့ဖြိုးတိုးတက်လျက်ရှိနေပြီး တက်တက်ကြွကြွနဲ့ ကောင်းမွန်တဲ့ အဆင့်တစ်ခုကို ရောက်ရှိနေပြီဖြစ်ပါတယ်။ မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်တဲ့ အဆင့်ကိုရောက်ရှိနေပြီး ရွေ့လျားတိုးတက်နေတဲ့အတွက် အဆွေတော်ကို ကျေးဇူး တင်ရှိပါတယ်။ ရုရှား-မြန်မာ ယခုကဲ့သို့ပူးပေါင်းဆောင်ရွက်မှုရဲ့ အလားအလာနဲ့ မျှော်လင့်ချက်တွေက ဘာတွေပါလဲ။

          ရုရှားနိုင်ငံရဲ့နည်းပညာတွေဟာ ကမ္ဘာမှာထိပ်တန်းအဆင့်ဖြစ်ပါတယ်။ နည်းပညာဟာ နိုင်ငံတစ်ခုကိုကောင်းသော ပြောင်းလဲတိုးတတ်မှုတွေဖြစ်စေ နိုင်ပါတယ်။ ကမ္ဘာရဲ့ဖြတ်သန်းလာခဲ့ရတဲ့သမိုင်းကြောင်းကို ပြန်ကြည့်ပါ။ ရုရှားရဲ့ နည်းပညာတွေကြောင့် ကမ္ဘာ့ရဲ့ဟန်ချက်ကို ထိန်းထားနိုင်တယ်လို့ပဲ ပြောလိုပါတယ်။ ဒါ့ကြောင့်လည်း ရုရှားရဲ့နည်းပညာတွေကို ကမ္ဘာ့နိုင်ငံတော်တော်များများမှာ လက်တွေ့အသုံးချနေကြပါတယ်။ နည်းပညာပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊ ဖလှယ်မှုတွေဟာတိုင်းပြည်တိုးတက်ရေးအတွက် ကြီးမားတဲ့အထောက်အပံ့တွေဖြစ်ပါတယ်။ မြန်မာ့တပ်မတော်အနေနဲ့ တပ်မတော်အရာရှိများကို ရုရှားကအဆင့်မြင့်နည်းပညာတွေ သင်ယူစေခဲ့ ပါတယ်။ လက်ရှိလည်းလုပ်ဆောင်နေဆဲပါ။ နိုင်ငံတော်နဲ့တပ်မတော်အတွက် လက်တွေ့အသုံးချလျက်ရှိပါတယ်။ ဒါတွေဟာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေးအတွက်များစွာအထောက်အကူဖြစ်မှာ ဖြစ်ပါတယ်။

ကမ္ဘာ့နိုင်ငံတကာဆက်ဆံရေးတွေဟာ ရှုပ်ထွေးတင်းမာနေတဲ့အဆင့်ကိုချင်းနင်း ဝင်ရောက်နေပါတယ်။ အမေရိကန်ပြည်ထောင်စုက ဝင်ရိုးတစ်ခုတည်းသော ကမ္ဘာ  (Unipolar World) ကိုတည်ဆောက်နေပြီး ရုရှားက ကမ္ဘာတစ်ခုလုံးကိုအင်အားကြီး နိုင်ငံတစ်ခုတည်းက လွှမ်းမိုးချုပ်ကိုင်တာကို ဆန့်ကျင်နေပါတယ်။ ရုရှားနိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒကို ဘယ်လိုထင်မြင်ယူဆပါသလဲ။ အရှေ့တောင်အာရှဒေသတွင် အမေရိကန်၊ တရုတ်၊ အိန္ဒိယနိုင်ငံတွေရဲ့ ပထဝီနိုင်ငံရေးအကျိုး စီးပွားအရ လမ်းဆုံ လမ်းခွမှာရှိနေတဲ့ မြန်မာနိုင်ငံကို ရုရှားရဲ့ နိုင်ငံခြားရေးမူဝါဒအတွင်း ဘယ်နေရာမှာ ရှိတယ်လို့ မြင်ပါသလဲ။

      ကျွန်တော်တို့နိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒက လွတ်လပ်၍တက်ကြွပြီး ဘက်မလိုက်သောနိုင်ငံခြားရေးဝါဒပါ။ ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက်ပေါင်းဖက်ဆက်ဆံရေးကို ရှေးရှုပါတယ်။ နိုင်ငံအချင်းချင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကို စောင့်ထိန်းပါတယ်။ ကမ္ဘာ့နိုင်ငံ အားလုံးနဲ့ သဟဇာတဖြစ်ဖို့ ကျွန်တော်တို့ကြိုးစားနေပါတယ်။ ဒါ့ကြောင့် Unipolar ဆိုတဲ့ အယူအဆကို သဘောမကျပါဘူး။ ရုရှားနဲ့မြန်မာဟာ အခု ဆိုရင် ဆက်ဆံရေးအကောင်းဆုံးအနေအထားကို ရောက်ရှိနေတယ်လို့ ကျွန်တော်မြင်ပါတယ်။ ဒါကို ကျွန်တော်တို့ ဆက်လက်ထိန်းသိမ်းတိုးတက်အောင် လုပ်သွားရပါမယ်။ ကျွန်တော်တို့ရဲ့ အိမ်နီးချင်းနိုင်ငံ နှစ်နိုင်ငံဖြစ်တဲ့တရုတ်နဲ့ အိန္ဒိယဟာ ဒေသတွင်းနဲ့ကမ္ဘာ့အင်အားကြီးနိုင်ငံတွေဖြစ်ပါတယ်။ ၎င်းနိုင်ငံများ နဲ့လည်း ရှေးယခင်ကတည်းက နှစ်ဦးသဘောတူတန်ဖိုးထားလိုက်နာကျင့်သုံး နေတဲ့ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး ၅ ရပ်နဲ့အညီ နေထိုင်လျက်ရှိပါတယ်။

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလမှာ လွှတ်တော်ရွေးကောက်ပွဲတွေ မြန်မာနိုင်ငံမှာ ကျင်းပပါတော့မယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အဆွေတော်အနေနဲ့ ၂၀၂၁-၂၀၂၆ ကာလ အစိုးရအဖွဲ့ ဖွဲ့စည်းရေးနဲ့ ခေါင်းဆောင်ပိုင်းတွေရွေးချယ်ရေးအတွက် ပါဝင်ဆောင်ရွက် နိုင်ခွင့် အခွင့်အရေးရှိနေပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဒီမိုကရေစီရွေးကောက်ပွဲ လုပ်ငန်းစဉ်များအတိုင်း အဆွေတော်ပါဝင်ဆောင်ရွက်နိုင်ခြေရှိတယ်လို့ ထင်မြင်ယူဆပါတယ်။ အဆွေတော်ရဲ့ အမြင်လေးပြောပြပါဦး။

          ရှေ့မှာ ခင်ဗျားမေးခဲ့တဲ့ မေးခွန်းတွေ ကျွန်တော်ဖြေခဲ့တဲ့အဖြေတွေနဲ့ပဲ ဆက်စပ် ဖြေဆိုလိုပါတယ်။ တိုင်းပြည်၊ နိုင်ငံတစ်ခုရဲ့ ပထမဆုံးလိုအပ်ချက်က တည်ငြိမ်အေးချမ်းရေးပါပဲ။ တည်ငြိမ်အေးချမ်းမှ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်မှာပါ။ ဒါမှလည်း ရွေးကောက်ပွဲဟာ အပြစ်အနာအဆာ ကင်းမှာပါ။ ပြည်သူ့ဆန္ဒကို အမှန်တကယ်ဖော်ပြနိုင်မှာဖြစ်ပါတယ်။ ၂၀၁၀ ပြည့်နှစ်နဲ့ ၂၀၁၅ ခုနှစ်တို့မှာ ကျင်းပခဲ့တဲ့ရွေးကောက်ပွဲတွေမှာ အခက်အခဲအချို့ရှိခဲ့ ပါတယ်။ ခု ၂၀၂၀  ရွေးကောက်ပွဲမှာ ဒီလိုအခက်အခဲအချို့တောင် မကြုံရဖို့ လိုပါတယ်။ ဒါတွေကို ကျွန်တော်တို့ကြိုးပမ်းဆောင်ရွက်ရပါလိမ့်မယ်။ ကျွန်တော့်ရဲ့ ပါဝင်ဆောင်ရွက်နိုင်ခွင့်တွေကတော့ ကျွန်တော်တို့နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို လေ့လာကြည့်ရင်သိနိုင်ပါတယ်။ ပထမဦးစွာတော့ အပြစ်အနာဆာ ကင်းတဲ့ရွေကောက်ပွဲ၊ ပြည်သူ့ဆန္ဒကို အမှန်ဖော်ထုတ်နိုင်တဲ့ရွေးကောက်ပွဲ၊ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်အောင် ကျွန်တော်တို့ကြိုးစား ရပါဦးမယ်။ ရွေးကောက်ပွဲပြီးမှသာ သက်ဆိုင်ရာ အဖွဲ့အစည်းတွေ၊ နိုင်ငံရေး ပါတီတွေနဲ့ ပြည်သူလူထုက ဆက်လက်ဆောင်ရွက်ပါလိမ့်မယ်။

အဆွေတော်အနေနဲ့ ရုရှားနိုင်ငံကို မကြာမကြာရောက်ရှိပါတယ်။ ၂၀၁၉ ခုနှစ်မှာ Ulan-Ude ကနေ ဘိုက်ကယ်ရေကန်ကြီးတစ်လျှောက် Irkutsk အထိ ရထားနဲ့ သွားလာ ခဲ့ပါတယ်။ Omsk ၊ စိန့်ပီတာစဘတ်၊ Murom ၊ ဆီဗက်စတိုပိုလ်မြို့များကိုလည်း ရောက်ရှိလည်ပတ်ခဲ့ပါတယ်။ ကျွန်ုပ်တို့နိုင်ငံနဲ့ပတ်သက်ပြီး သဘောကျနှစ်သက်တာလေး တွေကို ပြောပြပေးပါဦး။

          ရုရှားနိုင်ငံဟာ ကြီးမားကျယ်ဝန်းတဲ့နိုင်ငံတစ်ခုပါ။ နိုင်ငံရဲ့အရှေ့က နေထွက် နေချိန်မှာ နိုင်ငံရဲ့အနောက်မှာ နေမဝင်သေးပါဘူး။ ထူးခြားတဲ့ရာသီဥတု၊ ထူးခြားတဲ့ရေမြေတွေရှိတဲ့နိုင်ငံပါ။ ရုရှားရဲ့မြို့ပြလူနေမှုစနစ်ကနေ ကျေးလက် လူနေမှုစနစ်အထိ ကျွန်တော်လေ့လာခွင့်ရရှိခဲ့ပါတယ်။ ထူးခြားမှုတွေလည်း တွေ့ရပါတယ်။ ဒါတွေက အလွန်နှစ်သက်သဘောကျဖွယ်အတွေ့အကြုံတွေပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့နှစ်နိုင်ငံလုံးဟာ ဘုရင်စနစ်ကျင့်သုံးရာမှာ ကာလ အတူတူပါပဲ။ ဒါပေမယ့် ရုရှားဟာ ၁၉၁၀ ပြည့်နှစ်မှာ ဆိုရှယ်လစ်စနစ် ကူးပြောင်းခဲ့တော့ ကျွန်တော်တို့က လွတ်လပ်ရေးဆုံးရှုံးခဲ့ပြီး တိုင်းတစ်ပါး လက်အောက်ခံနိုင်ငံအဖြစ် ရုန်းကန်နေရဆဲနိုင်ငံဖြစ်ပါတယ်။ ကျွန်တော်တို့ ၁၉၄၈ ခုနှစ်မှာ လွတ်လပ်ရေးရပြီး ပါလီမန်ဒီမိုကရေစီစနစ်ကျင့်သုံးခဲ့ပေမယ့် ၁၉၇၄ ခုနှစ်မှာ ဆိုရှယ်လစ်စနစ်ကိုကျင့်သုံးခဲ့ရတယ်။ ၂၀၁၀ ပြည့်နှစ်မှာ ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးခဲ့ရပါတယ်။ ရုရှားနိုင်ငံကတော့ ၁၉၉၀ ပြည့်နှစ်ဝန်းကျင်မှာ ပါတီစုံဒီမိုကရေစီစနစ်စတင်ကျင့်သုံးနေပါပြီ။ ကျွန်တော်တို့ ထက်စောပါတယ်။ ကျွန်တော်မြင်တာကဖြစ်စဉ်နဲ့၊ အချိန်ကာလ မတူပေမယ့် သမိုင်းကြောင်းကတော့အတူတူပါပဲ။ ဒါတွေဟာ ကျွန်တော် ဒီနိုင်ငံအပေါ် နှစ်သက်သဘောကျမိတာတွေဖြစ်ပါတယ်။ ဒါ့အပြင် ကျွန်တော့်အနေနဲ့ ဗုဒ္ဓ ဘာသာဝင်တစ်ဦးပီပီ ငြိမ်းချမ်းနေတာ၊ တည်ငြိမ်နေတာကို သဘောကျ ပါတယ်။ ဒီနိုင်ငံမှာ ဒီလိုငြိမ်းချမ်းနေတာတွေ့ရတော့သဘောကျပါတယ်။

အဆွေတော်သိရှိတဲ့အတိုင်းပါပဲ။ ဇူလိုင်လ ၁ ရက်နေ့၊ ရုရှားနိုင်ငံမှာ အခြေခံ ဥပဒေပြင်ဆင်ရေးနဲ့ပတ်သက်ပြီး ဆန္ဒမဲပေးပွဲပြုလုပ်ခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အခြေခံအုတ်မြစ်များကို ထိန်းသိမ်းကာကွယ်ရသော တပ်မတော်ကို ဦးဆောင်နေရတဲ့ အဆွေတော်အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အရေးပါပုံနဲ့ တန်ဖိုးကို သိရှိနားလည်ပါလိမ့်မယ်။ ယခုလိုကူးစက်ပျံ့နှံ့နေတဲ့ ခက်ခဲတဲ့ အခြေအနေမှာ ပြုလုပ်ကျင်းပခဲ့တဲ့ ဆန္ဒမဲပေးပွဲအပေါ် အဆွေတော်မည်ကဲ့သို့ အကဲဖြတ်ချင်ပါလဲ။

           ဒီမှာလည်း ရုရှားနဲ့မြန်မာက လာပြီးတူနေတာတွေရှိပြန်ရောဗျ။ ကျွန်တော်တို့ နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအတည်ပြုပြဋ္ဌာန်းဖို့လုပ်နေတဲ့ ၂၀၀၈ ခုနှစ်မှာ မြန်မာမှာလည်း ကြီးမားလှတဲ့သဘာဝဘေးဒဏ်တစ်ခု၊ နာဂစ်ဆိုင်ကလုံးတိုက်ခိုက် ခဲ့တယ်။ ပျက်စီးဆုံးရှုံးမှုများပါတယ်။ သို့သော် အခြေခံဥပဒေဆိုတာ တိုင်းပြည်ရဲ့ အသက်ဝိညာဉ်ပဲဖြစ်တယ်။ သဘာဝဘေးဒဏ်သင့်တဲ့ဒေသတွေကို ချန်လှပ်ပြီး တစ်တိုင်းပြည်လုံးမှာ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲလုပ်ခဲ့ရတယ်။ နောက်နှစ်ပတ်အကြာမှာ သဘာဝဘေးဒဏ်သင့်ခဲ့ရတဲ့ဒေသတွေမှာ ဆက်ပြီး ဆန္ဒခံယူပွဲလုပ်ခဲ့ရပါတယ်။ ပြည်သူတွေက နိုင်ငံတစ်ခုအတွက်အခြေခံဥပဒေက ဘယ်လောက်အရေးကြီးကြောင်း သိကြပါတယ်။ ဒါ့ကြောင့်အလေးထားကြ ပါတယ်။ နိုင်ငံတိုင်းမှာဥပဒေဟာ ခေတ်စနစ်နဲ့အညီပြုပြင်ဖို့လိုအပ်နေမှာ ဖြစ်ပါတယ်။ ပြီးပြည့်စုံတဲ့ဥပဒေဆိုတာမရှိပါဘူး။ ဒါ့ကြောင့်ပြင်တာပဲဖြစ် ပါတယ်။ မိမိနိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွားအတွက် ပြင်တာကို ပြည်သူတိုင်းက လက်ခံမှာ၊ သဘောပေါက်နားလည်မှာဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာလည်း ၂၀၀၈ ခုနှစ် အတည်ပြုပြဋ္ဌာန်းခဲ့တဲ့အခြေခံဥပဒေမှာ လိုအပ်ချက်ရှိနေမှာပါ။ ဒါကို ပြည်သူ့အကျိုး၊ အမျိုးသားအကျိုးစီးပွားနဲ့အညီပြုပြင်ရဦးမှာ ဖြစ်ပါတယ်။ COVID-19 ရောဂါဖြစ်ပွားနေဆဲအချိန်၊ အဲဒီအချိန်ကစာရင်းဇယားတွေအရ ရုရှားမှာ လူဦးရေ ၆ သိန်းခွဲ လောက်ရောဂါဖြစ်ပွားနေတယ်လို့သိရပါတယ်။ အခြေခံဥပေဒေသည် တိုင်းပြည်အတွက်၊ နိုင်ငံအတွက်အရေးကြီးကြောင်း ရုရှားပြည်သူတစ်ရပ်လုံးက သိတဲ့အတွက် ဒါကိုကြံ့ကြံ့ခံပြီးဆန္ဒပြုခဲ့ကြ ပါတယ်။ ကြံ့ခိုင်တဲ့စိတ်ဓာတ်၊နိုင်ငံ့အကျိုးလိုလားတဲ့စိတ်ဓာတ်တွေနဲ့ ဆန္ဒပြု အဆုံးအဖြတ်ပေးခဲ့တဲ့ ရုရှားပြည်သူတွေရဲ့စိတ်ဓာတ်ကို ချီးကျူးဂုဏ်ပြုပါကြောင်း ပြောလိုပါတယ်။

Recent News