မောင်တောမြို့နယ်၊ မြင်းလွတ်ကျေးရွာအနီးရှိ အငူမော်- မောင်တောသွား ကားလမ်းပေါ်၌ သွားလာသည့် မော်တော်ယာဉ် ၁ စီးအား AA အကြမ်းဖက်သောင်းကျန်းသူများက လက်နက်ငယ်များဖြင့် ပစ်ခတ်

 

မောင်တောမြို့နယ်၊ မြင်းလွတ်ကျေးရွာအနီးရှိ အငူမော်- မောင်တောသွား ကားလမ်းပေါ်၌ သွားလာသည့် မော်တော်ယာဉ် ၁ စီးအား AA အကြမ်းဖက်သောင်းကျန်းသူများက လက်နက်ငယ်များဖြင့် ပစ်ခတ်

နေပြည်တော်၊ သြဂုတ် - ၇
    
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ မြင်းလွတ်ကျေးရွာအနီးရှိ အငူမော်- မောင်တောသွား ကားလမ်းပေါ်၌ သွားလာသည့် မော်တော်ယာဉ် ၁ စီးအား သြဂုတ် ၆ ရက် ညပိုင်းတွင် AA အကြမ်းဖက်သောင်းကျန်းသူများက လက်နက်ငယ်များဖြင့် ပစ်ခတ် သဖြင့် ယာဉ်မောင်းဖြစ်သူနှင့် ယာဉ်ပေါ်တွင် လိုက်ပါလာသူ ၁ ဦးတို့တွင် လက်နက်ငယ် ထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်း သိရှိရသည်။
    
ဖြစ်စဉ်မှာ မောင်တောမြို့နယ်၊ ခရေမြိုင်ကျေးရွာနေ ဦးအောင်မျိုးသန့်(ဘ) ဦးသောင်းရွှေ သည် တစ်ရွာတည်းနေ ဦးသန်းဝင်း(ဘ)ဦးညိုထွန်းအောင် နှင့်အတူ သြဂုတ် ၆ ရက် ည ၇ နာရီ ၂၀ မိနစ်ခန့်တွင် URF  အမျိုးအစား မော်တော်ယာဉ်ဖြင့် မောင်တောမြို့ ၃ မိုင်လမ်းဆုံမှ ခရီးသည် ၁ ဦးအား တင်ဆောင်၍ အင်းဒင်(ရခိုင်)ကျေးရွာသို့ ပို့ဆောင်ပြီး အငူမော်-မောင်တော ကားလမ်းအတိုင်း ပြန်လည်မောင်းနှင်လာစဉ် မြင်းလွတ်ကျေးရွာ အနီးသို့ အရောက်၌ AA အကြမ်းဖက်သောင်းကျန်းသူများက လက်နက်ငယ်များဖြင့် ပတ်ခတ်ခဲ့သဖြင့် ဦးအောင်မျိုးသန့်တွင် လက်နက်ငယ်ထိမှန်ဒဏ်ရာနှင့် ဦးသန်းဝင်း တွင် ကားမှန်စစိုက်ဝင် ဒဏ်ရာများ အသီးသီးရရှိခဲ့ကြပြီး မော်တော်ယာဉ်တွင်လည်း လက်နက်ငယ်ကျည်များ ထိမှန်ပျက်စီးခဲ့သည်။
    
အဆိုပါ လက်နက်ငယ်ထိမှန်ဒဏ်ရာရရှိသူများအား မောင်တောမြို့ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူစေလျက်ရှိပြီး ၎င်းနေရာတစ်ဝိုက်အား လုံခြုံရေး တပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ သည်။

 

Recent News