တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် KNU/ KNLA (PC) ငြိမ်းချမ်းရေးကောင်စီအဖွဲ့ ဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် KNU/ KNLA (PC) ငြိမ်းချမ်းရေးကောင်စီအဖွဲ့ ဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော်၊ စက်တင်ဘာ - ၄
    
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် KNU/ KNLA (PC) ငြိမ်းချမ်းရေးကောင်စီအဖွဲ့ ဥက္ကဋ္ဌ စောထော့လေး ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ယနေ့နေ့လယ်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
    
အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်စိုးနှင့် တပ်မတော်အရာရှိကြီးများ၊ KNU/ KNLA (PC) ငြိမ်းချမ်းရေး ကောင်စီအဖွဲ့ ဥက္ကဋ္ဌနှင့်အတူ ဒုတိယဥက္ကဋ္ဌ စောရင်နုနှင့် အဖွဲ့ဝင်များ  တက်ရောက်ကြသည်။
    
ထိုသို့တွေ့ဆုံရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကKNU/ KNLA (PC) အဖွဲ့သည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်လျက်ရှိ သည်ကို တွေ့ရှိရသဖြင့် KNU/ KNLA (PC) အဖွဲ့၏ ငြိမ်းချမ်းရေး လိုလားမှုကို တပ်မတော်မှ အပြည့်အဝယုံကြည် ပါကြောင်း၊ မိမိအနေဖြင့် ကရင်ပြည်နယ်၊ ပေါလော၊ သံပုရာ၊ ထို့ကော်ကိုး ဒေသများသို့ ရောက်ရှိတာဝန်ထမ်းဆောင်ခဲ့ဖူးပြီး ဒေသခံ တိုင်းရင်းသားများ၏ ရိုးသားပွင့်လင်းမှုများကို သိမြင်ခဲ့ရပါကြောင်း၊ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းပြီး ထာဝရငြိမ်းချမ်းရေး ရရှိရန်အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၏ အခြေခံမူဖြစ်သည့် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA  အတိုင်း ခိုင်ခိုင်မာမာ လျှောက်လှမ်းသွားကြရမည်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် NCA လမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာရပ်တည် ဆောင်ရွက် သွားမည်ဖြစ်ပြီး ငြိမ်းချမ်းရေး အပေါ်တွင်ထားရှိသည့် တပ်မတော်၏ သဘောထားသည် ပြောင်းလဲသွားမည် မဟုတ် ကြောင်း၊ ထာဝရ ငြိမ်းချမ်းရေးကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် KNU/ KNLA (PC)အဖွဲ့အနေဖြင့် စံနမူနာပြအဖြစ်ဖြင့် ဆောင်ရွက်စေလိုကြောင်းဖြင့် ပြောကြားသည်။

 KNU/ KNLA (PC) အဖွဲ့မှ ဥက္ကဋ္ဌ စောထော့လေး နှင့်အဖွဲ့ဝင်များက ပြန်လည် ပြောကြားရာတွင် KNU/ KNLA (PC) အနေဖြင့် တပ်မတော်နှင့် လက်တွဲပြီး တစ်ဖက်နှင့်တစ်ဖက် နားလည်မှုရှိစွာဖြင့် ညှိနှိုင်းတိုင်ပင်၍ ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်တွင် တစ်စိုက်မတ်မတ် ပါဝင်ဆောင်ရွက် ခဲ့ပါကြောင်း၊ ယခုကဲ့သို့ လက်ခံတွေ့ဆုံခွင့်ပေးပြီး မိတ်ဆက်ခွင့်ရရှိသည့် အတွက် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ KNU/ KNLA (PC) အဖွဲ့တွင် ခေါင်းဆောင်ပိုင်း အပြောင်းအလဲ ဖြစ်ပေါ်ခဲ့သော်လည်း ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်မှ သွေဖည်သွားမည် မဟုတ်ပါကြောင်း၊ Covid-19 ရောဂါ ဖြစ်ပွားသည့်ကာလအတွင်း တပ်မတော်မှ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးအထောက်အကူပြု ပစ္စည်းများလာရောက်လှူဒါန်းပေးသည့် အတွက် အထူးပင်ဝမ်းမြောက်ကျေးဇူးတင်ရှိပါကြောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ၏ အကြံပေးတိုက်တွန်းချက်နှင့်အညီ မိမိတို့  KNU/ KNLA (PC) အဖွဲ့အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် စံပြဖြစ်စေရေး ဆွေးနွေးတိုင်ပင်ဆောင်ရွက်သွားမည်ဖြစ် ပါကြောင်း၊ ငြိမ်းချမ်းရေးလမ်းစဉ်အတိုင်း ဆက်လက်လျှောက်လှမ်းရန်မှာ မိမိတို့အဖွဲ့၏ ဆုံးဖြတ်ချက်ဖြစ်ပါကြောင်း၊ KNU/ KNLA (PC)အဖွဲ့အနေဖြင့် NCA လမ်းကြောင်းမှ တစ်ဆင့် ဖော်ဆောင်နေသည့် ပြည်ထောင်စုငြိမ်းချမ်းရေးကို ပန်းတိုင်ရောက်သည်အထိ တပ်မတော်နှင့်လက်တွဲပြီး ဆက်လက်အကောင်အထည်ဖော်ဆောင်သွားမည်ဖြစ်ပါကြောင်း ဖြင့် ပြောကြားပြီး ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး နှင့် အခြေခံလိုအပ်ချက်များကို တင်ပြဆွေးနွေးကြသည်။
    
ဆွေးနွေးတင်ပြမှုများအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က တိုင်းရင်းသား အရေးနှင့်ပတ်သက်လာပါက မြန်မာနိုင်ငံ၌ တိုင်းရင်းသားလူမျိုးစု ၁၃၀ ကျော်ရှိသည့် အတွက် မည်သူ့ကိုမျှ ချန်လှပ်မထားရေး၊ အားလုံးပါဝင်နိုင်မည့် အခြေအနေဖြစ်စေရေး နှင့် အားလုံး၏ အကျိုးစီးပွားကို ထည့်သွင်းစဉ်းစားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မိမိဒေသ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသကို ပြန်လည်အကျိုးပြုနိုင်မည့် အသိပညာရှင်၊ အတတ်ပညာရှင်များ မွေးထုတ်ပေးနိုင်ရေးပညာရေးကို အားပေးရန်လိုအပ်သကဲ့သို့ ကျန်းမာမှပညာသင်ကြားနိုင်မည်ဖြစ်သဖြင့် ကျန်းမာရေးကိုလည်း မြှင့်တင်ကြရမည်ဖြစ်ကြောင်း၊ မကြာမီတွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲတွင်လည်း မိမိဒေသနှင့်တိုင်းပြည်ကို အကျိုးပြုနိုင်မည့် ကိုယ်စားလှယ်ကောင်းများကို ရွေးချယ်ကြရမည်ဖြစ်ကြောင်း၊ ယခုတင်ပြခဲ့ သည့်  ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များအား တပ်မတော်မှ ဆောင်ရွက်နိုင်သည်များကို ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး သက်ဆိုင်ရာဝန်ကြီးဌာနများနှင့်လည်း ညှိနှိုင်းတိုင်ပင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းဖြင့် ပြန်လည်ပြောကြားပြီး ဒေသဖွံ့ဖြိုးရေးဆိုင်ရာ လိုအပ်ချက်များကို ညှိနှိုင်းဆောင်ရွက်ပေးသည်။
    
တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က KNU/ KNLA (PC)  ငြိမ်းချမ်းရေးကောင်စီအဖွဲ့ ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

 

Recent News