တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က မီဒီယာများအားတွေ့ဆုံ၍ သတင်းစာရှင်းလင်းပွဲ ပြုလုပ်

 

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က မီဒီယာများအားတွေ့ဆုံ၍ သတင်းစာရှင်းလင်းပွဲ ပြုလုပ်

နေပြည်တော်၊ စက်တင်ဘာ - ၄
    
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ တပ်မတော်စစ်သမိုင်းပြတိုက်၌ သတင်းမီဒီယာများ နှင့်တွေ့ဆုံ၍ တပ်မတော်သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး သတင်းမီဒီယာများ၏ သိရှိလိုသည့် မေးမြန်းချက်များကို ပြန်လည် ဖြေကြားသည်။
    
သတင်းစာရှင်းလင်းပွဲမစတင်မီ တက်ရောက်လာကြသူများအား Covid-19 ရောဂါ  ကြိုတင်ကာကွယ်ရေးအတွက်  ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ ဆေးဝန်ထမ်းညွှန်ကြားရေး မှူးရုံးမှ တာဝန်ရှိသူများက ကိုယ်အပူချိန်တိုင်းတာခြင်းများကို ဆောင်ရွက်ပေးပြီး သတ်မှတ် အကွာအဝေး အတိုင်းနေရာယူကာ စနစ်တကျမေးမြန်းခြင်းများကို ဆောင်ရွက်ကြသည်။
    
ဦးစွာ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ရခိုင် ပြည်နယ်အတွင်း ၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လအစောပိုင်းမှစ၍ Covid-19 ရောဂါ  ဓာတ်ခွဲအတည်ပြုလူနာများတွေ့ရှိမှုများပြားလာသည့်အတွက် တပ်မတော်လေယာဉ်များဖြင့် ရောဂါကာကွယ်ထိန်းချုပ် ကုသရေး အထောက်အကူပြု ဆေးနှင့်ဆေးပစ္စည်းများ၊ စားသောက်ဖွယ်ရာများကို ပေးပို့လှူဒါန်းလျက်ရှိရာ တပ်မတော်မှလှူဒါန်းသည့် ကာကွယ် ထိန်းချုပ်ကုသရေး အထောက်အကူပြု ဆေးနှင့်ဆေးပစ္စည်းများ၊ စားသောက်ဖွယ်ရာများကို တပ်မတော်လေယာဉ်ဖြင့် ၃ ကြိမ်၊ နိုင်ငံတော် အစိုးရနှင့်အလှူရှင်များမှ  လှူဒါန်းသည့် ပစ္စည်းများ ပို့ဆောင်ပေးမှု ၁ ကြိမ် ရှိပြီဖြစ်ပြီး ဆက်လက်ကူညီ ဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများ၊ တပ်မတော်အနေဖြင့် Covid-19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းစဉ်များကို အမျိုးသားရေးတာဝန်တပ်ရပ်အဖြစ် ထမ်းဆောင်လျက်ရှိပြီး ရခိုင်ပြည်နယ်အပြင် နိုင်ငံတစ်ဝန်း၌ ထိရောက်ကျယ်ပြန့်စွာ ဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများ။
    
တပ်မတော်အနေဖြင့် Covid-19  ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ ပိုမိုထိရောက်လျှင်မြန်ကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရေး၊ လက်နက်ကိုင်ပဋိပက္ခများချုပ် ငြိမ်းရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် နိုင်ငံတကာစံနှုန်းအတိုင်း နိုင်ငံတော်မှ အကြမ်းဖက်ဟု သတ်မှတ်ကြေညာထားသော အကြမ်းဖက်အဖွဲ့အစည်းများရှိသည့်နေရာ များမှအပ ကျန်နယ်မြေများတွင် စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာ ၁ ရက်မှ ၃၀ ရက်အထိ တိုးမြှင့်ရပ်ဆိုင်းပေးထားသည့်အခြေအနေများ၊ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီ ၁ ရက်မှ စက်တင်ဘာ ၁ ရက်အထိ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ  ထားသည့်နယ်မြေများတွင် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့သည့်အခြေအနေများ၊ ယင်းကာလ အတွင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ စိတ်ကြွရူးသွပ် ဆေးပြား ၂၂၉၆ သိန်းကျော်၊ ICE ၈၃၅၂ ကီလိုကျော် အပါအဝင် ကာလတန်ဖိုးငွေကျပ် ၇၆၁ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သည့်အခြေ အနေများ။
    
ရုရှားနိုင်ငံတွင်ကျင်းပပြုလုပ်နေသည့် International Army Games-2020 ပြိုင်ပွဲ၏ တင့်တားမောင်းနှင်ပစ်ခတ်ခြင်းပြိုင်ပွဲတွင် မြန်မာ့ တပ်မတော်တင့်တပ်ဖွဲ့မှ ပါဝင်ယှဉ်ပြိုင် နေသည့် အခြေအနေများ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင် H.E.Mr. Yang Jiechi  တို့ တွေ့ဆုံဆွေးနွေးခဲ့မှု အခြေအနေများ၊ နေပြည်တော်တွင် တည်ထားကိုးကွယ်မည့် ဘူမိဖဿမုဒြာ ထိုင်တော်မူကျောက်ဆစ်ရုပ်ပွား တော်မြတ်ကြီး၏ ဆင်းတုတော် အစိတ်အပိုင်း(၁)ကို သြဂုတ် ၂၈ ရက်တွင် သီတဂူဆရာတော် ဘုရားကြီးအမှူးပြုသည့် သံဃာတော်များ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တပ်မတော် အရာရှိကြီးများ၊ အလှူရှင်များ တက်ရောက်ပင့်ဆောင်ခဲ့သည့်အခြေအနေများနှင့် နေပြည်တော်သို့ ဆက်လက်ပင့် ဆောင်တည်ထား ပူဇော်သွားမည့် အခြေအနေများအား ရှင်းလင်းပြောကြားသည်။
    
ဆက်လက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က သတင်းမီဒီယာများ၏ သိရှိလိုသည့်မေးမြန်းမှုများ အပေါ် ပြန်လည်ရှင်းလင်းဖြေကြား သည်။
    
အဆိုပါ သတင်းမီဒီယာတွေ့ဆုံပွဲသို့ ပြည်တွင်းသတင်းဌာနများ၊ နေ့စဉ်ထုတ် သတင်းစာများ၊ ဂျာနယ်များ၊ ပြည်တွင်းရုပ်မြင်သံကြား သတင်းဌာနများ၊ ပြည်တွင်းအခြေစိုက် ပြည်ပသတင်းဌာနများစုစုပေါင်းသတင်းဌာန ၂၀ ခုမှ သတင်းထောက်များ လာရောက် တွေ့ဆုံ သတင်းရယူခဲ့ကြကြောင်း သတင်းရရှိသည်။
   

Recent News