COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးသည် နိုင်ငံ့အရေး၊ အမျိုးသားအရေး ဖြစ်သည့်အတွက် ရောဂါကူးစက်ခံထားရသူများကို အမြန်စိစစ်ပြီး အမြန်ဆုံးကုသမှုများ ဆောင်ရွက်ကာ ရောဂါကူးစက်မှုကို ထိရောက်စွာ ကာကွယ်ကြရမည်ဖြစ်

နေပြည်တော်၊ အောက်တိုဘာ - ၆

ကမ္ဘာ့ကပ်ရောဂါ COVID-19  ကာကွယ်ရေး၊ ထိန်းချုပ်ရေး၊ ကုသရေးနှင့် အခြားလိုအပ်ချက်များ ဆောင်ရွက်ပေးနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) အစည်းအဝေးခန်းမ၌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးစီး၍ ကျင်းပပြုလုပ်သည်။

အဆိုပါ အစည်းအဝေးသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အဖွင့်အမှာစကားပြောကြားရာ၌ မိမိတို့နိုင်ငံ၌ COVID-19 ရောဂါဖြစ်ပွားမှုနှုန်းမြင့်တက်လျက်ရှိပြီး ရောဂါစတင်ဖြစ်ပွားခဲ့သည့် မတ်လ ၂၃ ရက်မှ ယနေ့နံနက်ပိုင်းအထိ ရောဂါပိုးကူးစက်ခံရသူ ၁၈၇၈၁ ဦးရှိပြီးဖြစ်ကြောင်း၊ လအလိုက် ကူးစက်မှုများအနက် စက်တင်ဘာလတွင် ကူးစက်မှုနှုန်း အများဆုံးဖြစ်သည်ကို တွေ့ရှိရကြောင်း၊ ရောဂါပိုးတွေ့ရှိမှုသည် များများစစ်နိုင်ပါက များများတွေ့နိုင်မည်ဖြစ်ပြီး ရောဂါပိုးတွေ့ရှိရသူများကိုလည်း အမြန်ဆုံး ကုသမှုများ လုပ်ဆောင်ပေးနိုင်မည်ဖြစ်ကြောင်း၊ ထိုသို့မဆောင်ရွက်နိုင်ပါက ရောဂါပိုမို ပြန့်ပွားလာစေမည်ဖြစ်ကြောင်း၊ စောစောစစ်၊ စောစောကုသ၊ စောစောကာကွယ်ခြင်းသည်သာလျှင် အကောင်းဆုံးဖြစ်မည်ဖြစ်ကြောင်း၊ လက်ရှိအချိန်၌ စာသင်တိုက်များ၊ ဘုန်းတော်ကြီးကျောင်းများနှင့် အများနှင့်သက်ဆိုင်သော နေရာများတွင် ရောဂါကူးစက်မှုနှုန်းမြင့်မားလျက်ရှိသည်ကို တွေ့ရှိသဖြင့် ကြိုတင်ကာကွယ်ခြင်းလုပ်ငန်းများကို အားထည့်ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့်လည်း ၎င်းနေရာများကို စစ်ဆေးပေးနိုင်ရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ရောဂါကာကွယ်ကုသဆေးနှင့်ပတ်သက်၍ အတည်ပြုချက်များ ရရှိခြင်းမရှိသေးသဖြင့် ကာကွယ်ခြင်းသည်သာလျှင် အကောင်းဆုံးဖြစ်မည်ဖြစ်ကြောင်း၊ ရောဂါပိုးကူးစက်ခံရခြင်းမရှိအောင် ကြိုတင်ကာကွယ်ခြင်းအပိုင်းနှင့် သွားရမည် ဖြစ်ပြီး မဖြစ်မနေကိစ္စရပ်များအပ အပြင်မထွက်သည်မှာ အကောင်းဆုံးဖြစ်ကြောင်း၊ လုပ်ငန်းဆောင်ရွက်မှုများတွင်လည်း လူအနည်းဆုံးဖြင့် လုပ်ငန်းလည်ပတ်မှုရှိအောင် လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း၊ Social Distancing အတိုင်းသာ ဆောင်ရွက်ကြရန်လိုကြောင်းနှင့် ရောဂါဟန့်တားမှုအပိုင်းတွင် ထိရောက်မှုရှိစေသည့် Mask များကို မဖြစ်မနေတပ်ဆင်ကြရန်လိုကြောင်း၊ ပြင်ပတွင် Mask များကို ဈေးနှုန်းမြှင့်တင်ရောင်းချနေမှုများနှင့် အရည်အသွေး မပြည့်မီသည့် Mask များ ရောင်းချနေမှုများကို တွေ့ရှိရသဖြင့် အမှန်တကယ် ထိရောက်စွာအကာအကွယ်ပေးနိုင်သည့် Mask များကို ထုတ်လုပ်၍ အမြတ်အဓိက မဟုတ်ဘဲ သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးရမည် ဖြစ်ကြောင်း၊ ဝယ်ယူရန် မတတ်နိုင်သောသူများကို အခမဲ့ပေးဝေနိုင်ရေးဆောင်ရွက်ရမည်ဖြစ်ပြီး တတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း။

ဆက်လက်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားရာတွင် “စောစောက ပြောတဲ့ Mask တပ်ပြီးသွားဖို့၊ တစ်ဖက်ကလည်း သက်သာတဲ့ဈေးနှုန်းနဲ့ရောင်းတာတောင် မတတ်နိုင်တဲ့ လူတွေရှိမယ် ဒါတွေကို လှူဖို့တန်းဖို့လုပ်ရလိမ့်မယ် နဂိုကမှ စားရေးအတွက် ငွေမရှိ ပိုက်ဆံမရှိလို့ စားရေးအတွက် အလုပ်ထွက်လုပ်ရရင် Mask အတွက် ဘာတတ်နိုင်မှာလည်း ဒါမျိုးတွေလည်း ကျွန်တော်တို့က တတ်နိုင်သမျှ တပ်မတော်က ကူညီပေးရမယ် ဒီမှာလည်း တပ်မတော်အနေနဲ့ လှူခဲ့တန်းခဲ့တာတွေ အများကြီးရှိပါတယ် အရင်တုန်းက စစ်မှုထမ်းဟောင်းတွေ စပြီးလှူခဲ့တယ်။ နောက်ဆုံးလူမှုအဖွဲ့အစည်းတွေမှာလဲ လိုအပ်ချက်ရှိတယ်ဆိုတဲ့အခါကျ တောက်လျှောက်လှူဒါန်းခဲ့တယ်။ စစ်မှုထမ်းဟောင်းတွေ ရဲမှုထမ်းဟောင်းတွေရှိတယ် နောက်နိုင်ငံ့ဝန်ထမ်းတွေရှိတယ် ဒါတွေကို တို့ရေရှည် ဘယ်လောက်ပေးနိုင်သလဲ၊ ဒါလဲ တို့ကြည့်ရမယ် တပ်မတော်အနေနဲ့ တို့ပေးနိုင် သလောက်၊ တတ်နိုင်သလောက်တော့ မျှဝေခံစားပြီးအကုန်ပေးသွားမှာဘဲ ပြည်သူလူထု အတွက် အတတ်နိုင်ဆုံး သောကမဖြစ်အောင် ဆောင်ရွက်ပေးနိုင်ဖို့လိုတယ် စားရေး သောက်ရေးမှာ အခက်အခဲရှိနေတဲ့ လူတွေကိုလည်းဘဲ အနည်းဆုံးလိုအပ်ချက်နဲ့ ထမင်းစားလို့အဆင်ပြေအောင် ဘယ်လိုကူညီပေးနိုင်မလဲဆိုတာ တို့စဉ်းစားဖို့လို လိမ့်မယ်၊ ဒီ COVID-19 ဟာ သာမန်အားဖြင့်တော့ ရောဂါကြောင့်ဖြစ်တယ်ဆိုပေမယ့် အခြားလူမှုစီးပွားကြောင့် ဖြစ်လာတဲ့ နောက်ဆက်တွဲ ပြဿနာများစွာရှိတယ် သာမန်လေး ဒီရောဂါကာကွယ်ရေးလေးနဲ့ သွားစဉ်းစားလို့ မရဘူး။ အသက်မသေဖို့အတွက်တင် မဟုတ်ဘူး ။ ရပ်တည်ဖို့အတွက်ပါ ငါတို့က စဉ်းစားရမှာဖြစ်တယ်။ လူတွေရဲ့ရပ်တည်ဖို့ အတွက်ပါ စဉ်းစားရမှာဖြစ်တယ်။ ဒါကိုသာမန်လေး  ဒီဟာကအရေးကြီးပါတယ်။ ဟိုဟာက အရေးကြီးပါတယ် လုပ်နေမယ့်အစား တို့လူတွေရဲ့  ဘ၀ရှင်သန်မှုအတွက် ဘယ်လိုဆောင်ရွက်ပေးမလဲဆိုတာကို တို့အနေနဲ့ ဆောင်ရွက်သွားဖို့လိုမယ်။ ဒါကြောင့် ဒီနေ့အစည်းအဝေးမှာ ဆောင်ရွက်မှုအခြေအနေကို ပြောကြရင်းနဲ့ အမြင်တွေကို သေချာလေး ဆွေးနွေးပေးဖို့ ပြောချင်ပါတယ်။

ထို့နောက် အစည်းအဝေးတက်ရောက်လာကြသူများက ဆွေးနွေးတင်ပြကြရာတွင်  တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် COVID-19  ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီများ၏ ဆောင်ရွက်နေမှု အခြေအနေများ၊ ရောဂါကာကွယ်ရေးနှင့် ပတ်သက်သည့် အသိပညာပေးဆောင်ရွက်မှုများနှင့် သတိပေးချက်များကို ရုပ်မြင်သံကြား၊ ရေဒီယို၊ သတင်း စာများမှတစ်ဆင့် ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ပေးနေမှုအခြေအနေများ၊ ယနေ့နံနက်ပိုင်းအထိ ကမ္ဘာတစ်ဝန်းတွင် ရောဂါဖြစ်ပွားမှု၊ ကူးစက်မှု၊ သေဆုံးမှု၊ ပြန်လည်ကောင်းမွန်မှု အခြေအနေများ၊ တပ်မတော်အတွင်း ရောဂါကူးစက်မှုအခြေအနေများ၊ RT ၊ PCR ၊ COBAS ၆၈၀၀ နည်းတို့ဖြင့် စစ်ဆေးပေးနိုင်မှုအခြေအနေများ၊ တပ်မတော်ဆေးရုံ၊ ဆေးတပ်ရင်းများနှင့် နယ်မြေခံတပ်ဌာနချုပ်များတွင် အရပ်သားစောင့်ကြည့်လူနာများနှင့် အတည်ပြုလူနာများကို လက်ခံကုသပေးနေမှု အခြေအနေများ။

အာဆီယံနိုင်ငံများ၌ ဖိလစ်ပိုင်နိုင်ငံသည် တစ်ရက်လျှင်ပျမ်းမျှ ၁၃၂၀ ဦးနှုန်းခန့်ဖြင့် အများဆုံးဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံသည် တစ်ရက်လျှင်ပျမ်းမျှ ၁၄၃၅ ဦးနှုန်းခန့်ဖြင့် ဒုတိယအများဆုံးဖြစ်ကာ စင်ကာပူနိုင်ငံသည် တစ်ရက်လျှင်ပျမ်းမျှ ၂၂၉ ဦးနှုန်းခန့်ဖြင့် တတိယအများဆုံးဖြစ်သည့် အခြေအနေများ၊ မြန်မာနိုင်ငံသည် လက်ရှိအခြေအနေတွင်  အာဆီယံနိုင်ငံများ၌ ကူးစက်ခံရမှု စတုတ္တမြောက်အများဆုံးနိုင်ငံဖြစ်ပြီး သေဆုံးမှုအနေဖြင့်  တတိယအများဆုံးနိုင်ငံဖြစ်သည့်အခြေအနေများ၊ သေဆုံးမှုနှုန်းအနေဖြင့် ဩဂုတ်လကုန်အထိ သေဆုံးသူ ၆ ဦးသာ ရှိခဲ့ရာမှ စက်တင်ဘာလအတွင်း သေဆုံးသူ ၃၀၄ ဦးရှိခဲ့ပြီး အောက်တိုဘာ ၁ ရက်မှ ၅ ရက်အထိ ၅ ရက်တာကာလအတွင်း သေဆုံးသူ ၁၄၀ ဦးရှိ သည်ကို တွေ့ရှိရသည့်အတွက် သေဆုံးမှုနှုန်း မြင့်တက်နေသည့်အခြေအနေများ၊ မြန်မာနိုင်ငံ၌ မြို့ပြနှင့်လူဦးရေ ၃၁ ဒသမ ၄ ရာခိုင်နှုန်း၊ ကျေးလက်နေ လူဦးရေ ၆၈ ဒသမ ၆ ရာခိုင်နှုန်းရှိပြီး မြို့ပြလူဦးရေအားဖြင့် ၁၇ သန်းကျော်ရှိသည့်အတွက် မြို့ပြလူဦးရေ အားလုံးကို စစ်ဆေးနိုင်မည်ဆိုပါက ပိုးတွေ့လူဦးရေသည် ထပ်မံတိုးမြင့်လာနိုင်ကြောင်း သုံးသပ်တွေ့ရှိရသည့်အခြေအနေများ။

တပ်မတော်စက်ရုံများမှ Mask များ၊ Face Shield များ၊ PPE ဝတ်စုံများ ထုတ်လုပ်ဖြန့်ဖြူးဆောင်ရွက်နေမှုအခြေအနေများ၊ ကျန်းမာရေးအခြေအနေအရ အရေးပေါ်လိုအပ်လာပါက ယာယီဆေးရုံနှင့် ကျန်းမာရေးဌာနများ အမြန်ဆောက်လုပ်ဆောင်ရွက်ပေးနိုင်ရေး တပ်မတော်အင်ဂျင်နီယာတပ်ဖွဲ့ဝင်များကို အသင့်စုဖွဲ့ထားရှိသည့်အခြေအနေများ၊ ထို့ပြင်    ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများ၊ စာသင်တိုက်များတွင် ဆွမ်း၊ ကွမ်း အခက်အခဲများအား ဖြေရှင်းပေးနိုင်ရေးအတွက် ချက်ပြုတ်ရေးအဖွဲ့များ စုဖွဲ့ထားရှိမှုနှင့်  ဆန်၊ ဆီ၊ ဆား၊ ပဲ အရန်ရိက္ခာများကို တပ်မတော်သားများနှင့် ပြည်သူလူထုအတွက် စုဆောင်းထားရှိမှု အခြေအနေများ။

 ရောဂါစတင်ဖြစ်ပွားချိန်မှစ၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် တို့၏ခရီးစဉ်များတွင် မြို့မိမြို့ဖများနှင့်ဒေသခံပြည်သူများသို့ COVID-19 ရောဂါကာကွယ်ရေးဆေးပစ္စည်းများ ထောက်ပံ့မှုများအနေဖြင့်  ၁၈ ကြိမ် ငွေကျပ်သိန်း ၄၈၀၀ ကျော်၊ COVID-19 ရောဂါကာကွယ်၊ထိန်းချုပ်၊ ကုသရေးဆေးနှင့် ဆေးပစ္စည်းများလှူဒါန်းမှုအနေဖြင့် တိုင်းရင်းသားအဖွဲ့နယ်မြေများသို့ ၂၉ ကြိမ် ငွေကျပ်သိန်း ၄၉၀၀ ကျော်၊ အရပ်ဘက်အဖွဲ့အစည်းများသို့ ၁၃၇၈ ဦး ငွေကျပ်သိန်း ၆၀၀ ကျော်၊   တပ်မတော်သားများ၊ အရပ်သားအစားခန့်ဝန်ထမ်းများ၏ တစ်ရက်စာလုပ်ခ လစာငွေများ ၏ လစာနှစ်လစာ၊ တစ်ရက်စာ အလှူငွေရရှိမှု၊ အရာရှိကြီးများ၏ တစ်လစာနှင့် လစာ၏ ၂၅ ရာခိုင်နှုန်း အလှူငွေရရှိမှုနှင့် အရပ်ဘက်အလှူငွေရရှိမှု စုစုပေါင်း ၅ ဘီလီယံကျော် ရရှိခဲ့ပြီး လက်ရှိအချိန်ထိ ၄ ဒသမ ၅ ဘီလီယံကျော်သုံးစွဲကာ ငွေကျပ်သိန်း ၄၂၀၀ ကျော် ကျန်ရှိသည့်အခြေအနေများနှင့် လိုအပ်သည့်နေရာများတွင်စနစ်တကျစီမံခန့်ခွဲ၍သုံးစွဲ သွားမည့်အခြေအနေများ၊ နိုင်ငံအဝန်းရှိ ပြည်သူ့ဆေးရုံများ၊ ကျေးလက်ကျန်းမာရေးဌာနများသို့ ရောဂါကာကွယ်ရေးအထောက်အကူပြု ဆေးနှင့်ဆေးပစ္စည်းများ လှူဒါန်းမှု အနေ ဖြင့် ဆေးရုံ ၁၁၆၈ ရုံ (၁၀၀)ရာခိုင်နှုန်း၊ ကျေးလက်ကျန်းမာရေးဌာန ၁၀၈၈ ခု (၅၆) ရာခိုင်နှုန်းအထိ လှူဒါန်းပြီးဖြစ်သည့် အခြေအနေများနှင့် ဆက်လက်လှူဒါန်းပေးသွားမည့် အခြေအနေများ။  

မြန်မာစီးပွားရေးကော်ပိုရေးရှင်းနှင့် မြန်မာ့စီးပွားရေးဦးပိုင် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် တို့ရှိ စက်ရုံ၊ အလုပ်ရုံများမှ ရောဂါကာကွယ်ရေးအထောက်အကူပြု ပစ္စည်းများထုတ်လုပ်ဖြန့်ဝေ ရောင်းချပေးနိုင်မှု အခြေအနေများနှင့် သတ်မှတ်ချက်များနှင့်အညီ လုပ်ငန်းလည်ပတ်လျက်ရှိသည့်အခြေအနေများ၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး ဝေးလံခေါင်ဖျားသောကျေးရွာသို့ ကျန်းမာရေးဆိုင်ရာ အသိပညာပေးမှုနှင့် ဆေးနှင့် ဆေးပစ္စည်းများအား တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီးအလိုက် ဆောင်ရွက်ပေးနိုင်ခဲ့သည့် အခြေအနေများ၊ ဧပြီ ၁၆ ရက်မှစ၍ ယနေ့အထိ တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီး အလိုက် ပြည်သူ့ဆေးရုံများတွင် တက်ရောက်နေသည့် လူနာများအား ဖြည့်စွက်အာဟာရ ကျွေးမွေးမှုအနေဖြင့် ဆေးရုံပေါင်း ၅၁၃ ရုံ၊ လှူဒါန်းပြီး အကြိမ် ၅၃၂၀ ကြိမ်နှင့် စုစုပေါင်း လှူဒါန်းခဲ့သည့် တန်ဖိုးငွေကျပ်သိန်းပေါင်း ၁၉၀၀ ကျော်ဖြစ်သည့်အခြေအနေများ၊ သီးနှံ ရောင်းချရန် အခက်အခဲဖြစ်ပေါ်လျက်ရှိသည့် အောင်ပန်း၊ ပင်းတယ၊ ရွာငံဒေသများမှ တောင်သူများထံမှ ဟင်းသီးဟင်းရွက်များအား ဝယ်ယူဖြန့်ဖြူးရောင်းချပေးနိုင်မှုအခြေအနေ များ။

တပ်မတော်လေယာဉ်၊ ရဟတ်ယာဉ်များဖြင့် ဆေးအကာအကွယ်ပေးပစ္စည်းများ ပို့ဆောင်ပေးလျက်ရှိသည့်အခြေအနေများနှင့် တပ်မတော်ရေယာဉ်များနှင့် ဆေးရုံသင်္ဘောများအား အသုံးပြုနိုင်ရေး အသင့်ပြင်ဆင်ထားရှိသည့်အခြေအနေများ၊ တပ်တွင်းသို့ ဝင်ထွက်မှုများရှိပါက ရောဂါလက္ခဏာ ၈ ချက်နှင့်အညီ မျက်မြင်စစ်ဆေးပြီးမှသာ ဝင်ခွင့်ပြုရန်လိုအပ်သည့်အခြေအနေများနှင့် သက်မှတ်ချက်များနှင့်အညီ နေထိုင်ကြရန်လိုအပ်သည့် အခြေအနေများအား တင်ပြဆွေးနွေးကြသည်။

ဆွေးနွေးတင်ပြမှုများကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြန်လည်သုံးသပ် ဆွေးနွေးရာတွင် “နောက်တစ်ခုကတော့  အောက်ဆီဂျင်နှင့်ပတ်သက်လို့ တပ်မတော်မှာ ရှိတဲ့ အောက်ဆီဂျင်ထုတ်တဲ့စက်တွေကောင်းဖို့လိုမယ်။ ပြီးလို့ရှိရင် အရပ်ဘက်မှာ လိုလို့ရှိရင် အောက်ဆီဂျင်အိုးတွေ လှူဖို့လိုမယ်။ တောက်လျှောက် ပို့ပေးနေဖို့လိုမယ်။ ခုအရပ်ဘက်မှာ အောက်ဆီဂျင်အိုးမပေးနိုင်ဘူး ပြောတယ်။ တော်တော်အသက်ရှူရခက်တဲ့လူတွေဘဲ အောက်ဆီဂျင်အိုးပေးနိုင်တယ်ဆိုပြီး  Online မှာလျှောက်ရေးနေတာ တွေ့တယ်။ ဟုတ်သည် မဟုတ်သည် မပြောလိုဘူး။ သို့သော် တပ်မတော်က အောက်ဆီဂျင် အိုးတွေ ပို့ပေးနိုင်ရင် အောက်ဆီဂျင်အိုးတွေ ပို့ပေးပါ။ ရန်ကုန်ဆေးရုံကြီးနဲ့ဆက်သွယ်။ ဒီမှာ အောက်ဆီဂျင်အိုးတွေရှိတယ်။ ကျွန်တော်တို့ပေးမယ်။ တပ်က ကားနဲ့သွားပို့ ပေးလိုက်။ ရန်ကုန်ဆေးရုံကြီး၊ ကုတင်(၅၀၀)ဆေးရုံကြီး ရှိမယ်။ ဒီလိုဘဲ နေပြည်တော်မှာ ရှိမယ်။ လိုလို့ရှိရင် ကားနဲ့ပို့မယ်။ အောက်ဆီဂျင် Plant တွေရှိမယ်။ ပြင်ဦးလွင်မှာရှိမယ်။ အောင်ပန်းမှာရှိမယ်။ ဒီလူတွေက အဆုတ်နဲ့ပတ်သက်ပြီး ဖြစ်တာများတယ်။ အသက်ရှူ ရခက်ခဲတယ်။ ဒီတော့ အောက်ဆီဂျင်ပေးဖို့လှူဖို့တော့ လိုလိမ့်မယ်။”

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နိဂုံးချုပ်အနေဖြင့် ဆွေးနွေးပြောကြား ရာတွင် နိုင်ငံတွင် မရှိမဖြစ်လိုအပ်သည်မှာ စားသောက်ကုန်ပစ္စည်းများပင် ဖြစ်ကြောင်း၊ လူတိုင်းအသက်ရှင်ဖို့အတွက် စားသောက်ကြရမည်ဖြစ်ကြောင်း၊ တပ်မတော်သားများနှင့် ပြည်သူတို့၏ စားရေးအဆင်ပြေစေရန် အထူးအလေးထားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊  တပ်မတော်စက်ရုံ၊ အလုပ်ရုံများအနေဖြင့် စားကုန်သုံးကုန်များကို အဆက်မပြတ်ထုတ်လုပ်ဖြန့်ချိနိုင်ရမည်ဖြစ်ကြောင်း၊ ကမ္ဘာတွင် COVID-19 ရောဂါဖြစ်သည့်နိုင်ငံ၊ ဒေသ ၂၂၉ ခု ရှိပြီး မြန်မာနိုင်ငံတွင် ၂၃၉ မြို့နယ်၌ဖြစ်ကြောင်း၊ အချို့မြို့နယ်များမှာ တစ်ဦးစ နှစ်ဦးစ ဖြစ်သည့်၊ အနည်းအကျဉ်းဖြစ်သည့် မြို့နယ်များဖြစ်ရာ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ လုပ်နိုင်မည့် အခြေအနေရှိကြောင်း၊ ကုန်ထုတ်လုပ်မှုအတွက် ကာကွယ်ခြင်း၊ ပံ့ပိုးခြင်း၊ အားပေးခြင်းများ ပြုလုပ်ရန်လိုကြောင်း၊ စားကုန်မှာ ရောင်းရမည်ဖြစ်၍ တိုင်းပြည်အတွက် ဝင်ငွေ၊ ကုန်ထုတ်လုပ်မှုအတွက် ဝင်ငွေရမည်ဖြစ်ကြောင်း၊ ကုန်စည်စီးဆင်းမှုလျင်မြန် စေရေးအတွက် ပို့ဆောင်ရေးအပိုင်းကိုလည်း သက်ဆိုင်ရာ တိုင်း၊ တပ်နယ်မှူးများဖြင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ရောဂါကူးစက်မှုကို ကာကွယ်နိုင်ရန်အတွက် နယ်စပ်ဒေသများတွင် တာဝန်ထမ်းဆောင်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြင်ပမှ ဝင်ရောက်မှုများကို တင်းတင်းကြပ်ကြပ်စိစစ်ဆောင်ရွက်ကြရမည်လိုကြောင်း၊ စားသောက်ရေးတွင် အထောက်အကူဖြစ်စေရန်အတွက် တိုင်းအလိုက်၊ ကျောင်းအလိုက်၊ သင်တန်းအလိုက်၊ ဒေသအလိုက်အရန်ဆန်များကို အသင့်ထားရှိပြီး စားရေးအတွက် ကြိုတင်စီစဉ်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ လူထုအခြေခံလိုအပ်ချက် စားကုန် သုံးကုန်များကို ထုတ်လုပ်နိုင်ရေး ညှိနှိုင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။

ရောဂါဖြစ်ပွားမှုကာလအတွင်း သွားလာမှုကန့်သတ်ချက်ဖြစ်ပေါ်မှုရှိသဖြင့် ရုပ်မြင်သံကြားမှတစ်ဆင့် အကျိုးရှိမည့် အစီအစဉ်များ၊ ပညာရေးနှင့်ပတ်သက်၍ တိုးတက်မှုရှိစေမည့် အစီအစဉ်များကို ထုတ်လွှင့်ပေးရန်လိုကြောင်းနှင့် အကျိုးရှိမည့်စာများကို ဖတ်ရှုနိုင်ရန် တိုက်တွန်းပြောကြားရမည်ဖြစ်ကြောင်း၊ တပ်ရင်း၊ တပ်ဖွဲ့များအလိုက် အတန်းပညာနှင့် ပတ်သက်၍ ၅ ယောက်တစ်တွဲ၊ ၁၀ ယောက်တစ်တွဲနှုန်းဖြင့် စာဖတ်ဝိုင်းများပြုလုပ်လေ့ကျင့် ပေးကြရမည်ဖြစ်ကြောင်း၊ တပ်တွင်း၌ နေထိုင်မည့်သူ ဦးရေများပြားလာသဖြင့် အုပ်ချုပ်မှုအဖွဲ့အစည်းများက စိတ်ရှည်လက်ရှည်ဖြင့် လက်တွဲခေါ်ရမည်ဖြစ်ကြောင်း၊ အပင်ပန်းခံပြီး ရောဂါစစ်ဆေးမှုများကို အမြန်ဆုံးဆောင်ရွက်ကာ တွေ့ရှိသူများကိုလည်း အမြန်ဆုံး ကုသမှုပေးရန်လိုကြောင်း၊ ပတ်ဝန်းကျင်နှင့်ထိတွေ့မှုများသည့်သူများကိုလည်း စစ်ဆေးပေးရမည်ဖြစ်ကြောင်း၊ တပ်ပြင်တွင် နေထိုင်သည့် တပ်မိသားစုဝင်များသည်လည်း တပ်မိသားစု ဝင်များပင်ဖြစ်သဖြင့် တပ်တွင်းသို့ခေါ်၍ စစ်ဆေးပေးရမည်ဖြစ်ကြောင်း၊ အသက်အရွယ်ကြီးမြင့်သည့် စစ်မှုထမ်းဟောင်းများကိုလည်း ကူညီစစ်ဆေးပေးရမည်ဖြစ်ကာ ဆန်၊ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုးကို ထောက်ပံ့ပေးနိုင်သမျှ ပေးရမည်ဖြစ်ကြောင်းနှင့် တစ်ဖက်ကလည်း ပြန်လည်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ကြရမည်ဖြစ်ကြောင်းဖြင့် ပြောကြားပြီး ယခုလို ဆက်လက်ဆွေးနွေး ပြောကြားခဲ့ပါသည် ---

ဆက်လက်ပြောကြားရာတွင် “ COVID-19 ကတော့ စက်တင်ဘာရဲ့အခြေအနေနဲ့ ဒီအောက်တိုဘာလ ၅ ရက်နေ့အထိ အခြေအနေကတော့ တော်တော်တော့ စိုးရိမ်ကြောင့်ကြမှုရှိနိုင်တယ်။ ဒါကြောင့် ဘယ်လိုမှကို မပေါ့ဆဖို့လိုတယ်။ အားလုံးက ဒါနဲ့ ပတ်သက်ရင် အချိန်နဲ့ တပြေးညီ၊ အချိန်နဲ့တပြေးညီ အသိပေးပြီး ဖြေရှင်းဆောင်ရွက် ပေးနေဖို့လိုတယ်။ အမိန့်စောင့်နေလို့မရဘူး။ အချိန်နဲ့တပြေးညီ အသိပေးပြီး တစ်ဖက်က လုပ်လို့ရတဲ့ နည်းလမ်းမှန်သမျှနှင့် အကုန်လုံးဖြေရှင်းဆောင်ရွက်မယ်။ တစ်ဖက်ကလည်း ဝိုင်းပြီး အကြံပေး။ လူဆိုတာတော့ တစ်ယောက်တည်းဆိုရင်တော့ ဆုံးဖြတ်ချက် တစ်မျိုးအတွက် Wavering ဖြစ်တာတွေဘာတွေရှိမယ်။ ၂ ယောက် ၃ ယောက်ဆိုရင်တော့ အဖြေတစ်ခုထွက်နိုင်တယ်။ ၅ ယောက်လောက်ဆိုရင် ပိုပြီးဒီထက်ကောင်းတဲ့အဖြေထွက်နိုင်တယ်။ ၇ ယောက် ၈ ယောက် ၉ ယောက် ၁၀ ယောက်ဆိုရင် ဒီထက်ကောင်းတဲ့ ပြည့်စုံတဲ့ အဖြေတစ်မျိုးထွက်မယ်။ ပြည့်စုံတဲ့အဖြေကို စဉ်းစားတွေးခေါ်နိုင်တဲ့ဟာရမယ်။ ဒါကြောင့် နံပါတ် ၁ အချက်ကတော့ သိတာနဲ့တာဝန်ရှိသူက ချက်ချင်းအရေးယူဖြေရှင်း ဆောင်ရွက်ပါ။ ပြီးရင်းအသိပေးပါ။ တိုင်ပင်ပြီးဆောင်ရွက်ပါ။ ပြီးရင်လိုအပ်တဲ့ဟာကို ခိုင်ခိုင်မာမာဖြစ်အောင်ဆောင်ရွက်ဖို့ လိုမယ်ဆိုတာပြောလိုတယ်။ အရေးအကြီးဆုံးအချက်ကတော့ ကာကွယ်ရေးအပိုင်းလုံး၀ မပေါ့ကြနဲ့ စားရေးသောက်ရေးနဲ့ပတ်သက်လာရင် လုံး၀လျှော့ပေးလို့မရဘူး။ လုပ်စရာရှိတာကို တပ်ရင်း၊ တပ်ဖွဲ့တွေရော နယ်ဘက်လုပ်လို့ရတဲ့ နေရာတွေမှာရော လုပ်လို့ရတာ မှန်သမျှကို လုပ်နိုင်အောင် တပ်မတော်အနေနဲ့ ကူညီပံ့ပိုးဆောင်ရွက်ပေးဖို့လိုမယ်ဆိုတာကို ဆွေးနွေးချင်ပါတယ်။

အစည်းအဝေးကို ညနေ ၃ နာရီခွဲတွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

Recent News