၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲတွင် အသုံးပြုရန်အတွက် ရွေးကောက်ပွဲသုံး ပစ္စည်းများနှင့် စားသောက်ကုန်ပစ္စည်းများအား ပူတာအိုမြို့မှ ခေါင်လန်ဖူးမြို့သို့ တပ်မတော်ရဟတ်ယာဉ်ဖြင့် ကူညီပို့ဆောင်

၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲတွင် အသုံးပြုရန်အတွက် ရွေးကောက်ပွဲသုံး ပစ္စည်းများနှင့် စားသောက်ကုန်ပစ္စည်းများအား ပူတာအိုမြို့မှ ခေါင်လန်ဖူးမြို့သို့ တပ်မတော်ရဟတ်ယာဉ်ဖြင့် ကူညီပို့ဆောင်

နေပြည်တော်၊ အောက်တိုဘာ - ၁၈
    
၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်တွင် ကျင်းပပြုလုပ် မည်ဖြစ်ပြီး ကချင်ပြည်နယ်အတွင်း လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး ဝေးလံခေါင်ဖျားသည့် ခေါင်လန်ဖူးဒေသသို့ အထွေထွေရွေးကောက်ပွဲတွင်အသုံးပြုရန်အတွက် ဆန္ဒမဲလက်မှတ်များ၊ မဲရုံသုံးပစ္စည်းများနှင့် ဒေသခံပြည်သူများအတွက် စားသောက်ကုန်ပစ္စည်းများအား တပ်မတော် ရဟတ်ယာဉ်ဖြင့် ပူတာအိုမြို့မှ ခေါင်လန်ဖူးမြို့သို့ ယနေ့တွင် ကူညီပို့ဆောင်ပေးသည်။
    
ထိုသို့ ပို့ဆောင်ရာတွင် ရွေးကောက်ပွဲဆိုင်ရာ ပစ္စည်းများဖြစ်သည့် မဲပုံး ၂၇၉ ပုံး၊ ဆန္ဒမဲလက်မှတ် ၁၁ အိတ်၊ ကြိုတင်မဲလက်မှတ်စာအိတ် ၁ အိတ်၊ အမှန်ခြစ်တံဆိပ် ၄၃၂ ခု၊ ချိပ်တောင့် ၁၁၉ တောင့်၊ ချိပ်ထိုးတံဆိပ် ၈၃ ခု၊ လည်ဆွဲအိတ်/လည်ဆွဲကြိုး ၄၆၈ ခုနှင့် စားသောက်ကုန်ပစ္စည်းများကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ပူတာအိုတပ်နယ်မှ တပ်မတော် သားများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ရဟတ်ယာဉ်ပေါ်သို့ ပစ္စည်းများကူညီသယ်ဆောင် ပေးခဲ့ပြီး ခေါင်လန်ဖူးမြို့မှ နယ်မြေခံတပ်မတော်သားများနှင့် ဒေသခံပြည်သူများက ရဟတ်ယာဉ် ပေါ်မှပစ္စည်းများအား ရွှေ့ပြောင်းသယ်ဆောင်ခဲ့ပါသည်။
    
ထို့နောက် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူ အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၉ ဦးကို ခေါင်လန်ဖူးမြို့မှ ပူတာအိုမြို့သို့ တပ်မတော်ရဟတ်ယာဉ်ဖြင့် ပြန်လည် ခေါ်ဆောင်ပေးခဲ့ကြောင်း သတင်းရရှိသည်။

Recent News