စစ်မှုထမ်းဟောင်းများနှင့် ဒေသခံပြည်သူများအတွက် ဆန်၊ဆီ၊ ဆား၊ ပဲ စားသောက်ဖွယ်ရာ များပေးအပ်

 

စစ်မှုထမ်းဟောင်းများနှင့် ဒေသခံပြည်သူများအတွက် ဆန်၊ဆီ၊ ဆား၊ ပဲ စားသောက်ဖွယ်ရာ များပေးအပ်

နေပြည်တော်၊ အောက်တိုဘာ - ၂၄
    
နိုင်ငံတော်နှင့် တပ်မတော်အတွက် အသက်ပေးလှူခဲ့ရသည့် အရာရှိ၊ စစ်သည်များ၏ မိသားစုဝင်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ ရဲမှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များအတွက် Covid-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ ဆောင်ရွက်နေသည့်ကာလအတွင်း သွားလာမှုများကန့်သတ်ချက်များကြောင့်  စားရေးအခက်အခဲမရှိစေရန် ဆန်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုးနှင့် Covid-19  ရောဂါ ကာကွယ်ရေးအထောက်အကူပြုပစ္စည်းများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များ၊ စစ်မှုထမ်း ဟောင်းရုံး၊ အိမ်ရာများ၊ တပ်နယ်ခန်းမများနှင့် ရဲတပ်ဖွဲ့မှူးရုံးတို့၌ ပေးအပ်လျက်ရှိသည်။
    
ထိုသို့ ပေးအပ်လျက်ရှိရာ ယနေ့တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ သက်ဆိုင်ရာ တပ်နယ်များမှ တာဝန်ရှိသူများက မြို့နယ်အသီးသီးရှိ စစ်မှုထမ်းဟောင်းများအတွက် ဆန်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုးအား ထောက်ပံ့ပေးအပ်ခဲ့သည်။
    
ထု့ိပြင် မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်၊ ဆူးကောက်အလယ်တန်းကျောင်း တိုက်ရှိ မြို့လုလင်မိဘမဲ့လူငယ်ဖွံ့ဖြိုးရေးဂေဟာအတွက် ဆန် ၆ အိတ်၊ ဆီ ၁၀ ပိဿာ၊ ပဲ ၂၄ ပြည်၊ သကြား ၁၅ ပိဿာ၊ နို့ဆီ ၉၈ လုံး၊ ကော်ဖီမစ်ထုပ်များနှင့် ဆပ်ပြာများကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ မကွေး တပ်နယ်မှ တာဝန်ရှိသူများက လည်းကောင်း၊ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့ရှိ ဒေသခံပြည်သူများအတွက် ကျန်းမာရေးသုံး ပစ္စည်းများ ဖြစ်သည့် Face Mask ၁၀၀၀ ခု၊ PPE ဝတ်စုံ ၂ စုံ၊ ဆေးဖျန်းပုံး ၁ လုံး၊ ကြက်ဥ အလုံး ၃၀၀၀ နှင့် နွားနို့ ၅ ပိဿာကို တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ဘုရင့်နောင် တပ်နယ်မှ တာဝန်ရှိသူ များက လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့၊ သိမ်တန်းရပ်ကွက်၊ ရွှေမင်းဝံဓမ္မ ရိပ်သာ ယာယီဆေးရုံရှိ Covid-19 ရောဂါစောင့်ကြည့်သူများအတွက် စောင်၊ ခြင်ထောင်၊ ခေါင်းအုံးအစုံ ၂၀ နှင့် ပဲခူးရပ်ကွက်၊ ဆားတန်းရပ်ကွက်နှင့် ကတ်ကျေးရွာ ရပ်ကွက်များရှိ ဒေသခံပြည်သူများအတွက် ဆန် ၂၄ အိတ်နှင့် Mask များကို ကျောက်ကြီး တပ်နယ်မှ တာဝန်ရှိသူများက လည်းကောင်း အသီးသီးသွားရောက် ပေးအပ်လှူဒါန်းရာ ဒေသခံ တိုင်းရင်းသားပြည်သူများနှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း သတင်းရရှိသည်။

Recent News