(၁၄)ကြိမ်မြောက် အာဆီယံရေတပ်ဦးစီးချုပ်များ အစည်းအဝေး (14th ANCM) ကျင်းပ

(၁၄)ကြိမ်မြောက် အာဆီယံရေတပ်ဦးစီးချုပ်များ အစည်းအဝေး (14th ANCM) ကျင်းပ

နေပြည်တော်  နိုဝင်ဘာ  ၅

ဗီယက်နမ်နိုင်ငံက လက်ခံကျင်းပသည့် (၁၄)ကြိမ်မြောက် အာဆီယံရေတပ်ဦးစီးချုပ်များ အစည်းအဝေး (14th ANCM) ကို Video Conference ဖြင့် ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်သည်။

အဆိုပါ Video Conference တွင် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဘရူနိုင်းနိုင်ငံ ရေတပ် ဦးစီးချုပ် First Admiral Dato Seri Pahlawan Haji Othman bin Hj Suhaili @ Suhaily၊ ကမ္ဘောဒီးယားနိုင်ငံ ရေတပ်ဦးစီးချုပ် Admiral Tea Vinh၊ အင်ဒိုနီးရှားနိုင်ငံ ရေတပ်ဦးစီးချုပ် Admiral Yudo Margono၊ လာအိုနိုင်ငံ  ဒုတိယစစ်ဦးစီးချုပ် Major General Pasith Thiengtham၊ မလေးရှားနိုင်ငံ ရေတပ်ဦးစီးချုပ် Tan Sri Mohd Reza bin Mohd Sany၊ ဖိလစ်ပိုင်နိုင်ငံ  ရေတပ်ဦးစီးချုပ်  Vice Admiral Giovanni Carlo J Bacordo၊ စင်ကာပူ နိုင်ငံရေတပ်ဦးစီးချုပ် Rear Admiral Aaron Beng၊ ထိုင်းနိုင်ငံ ရေတပ်ဦးစီးချုပ် Admiral Chatchai Srivorakan၊ ဗီယက်နမ် နိုင်ငံ ရေတပ်ဦးစီးချုပ် Vice Admiral Tran Thanh Nghiem နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ အစည်းအဝေး၏ သဘာပတိဖြစ် သူ ဗီယက်နမ်နိုင်ငံရေတပ်ဦးစီးချုပ် Vice Admiral Tran Thanh Nghiem က (၁၄)ကြိမ်မြောက် အာဆီယံရေတပ်ဦးစီးချုပ်များ အစည်းအဝေး အဖွင့်နှုတ်ခွန်းဆက်စကား ပြောကြားပြီး အစည်းအဝေးကို ဖွင့်လှစ်ပေးသည်။

ယင်းနောက် အာဆီယံရေတပ်များ ပူးပေါင်းဆောင်ရွက်မှုများအား Video Clip ဖြင့်ပြသပြီး ယခင်နှစ်(၁၃) ကြိမ်မြောက် အာဆီယံရေတပ်ဦးစီးချုပ်များ အစည်းအဝေးမှတ်တမ်းအား အတည်ပြုသည်။ ထို့နောက် အစည်းအဝေး တက်ရောက်လာကြသော အာဆီယံရေတပ်ဦးစီးချုပ်များက ပေါင်းစည်းညီညွတ်မှုရှိပြီး  လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်နိုင်သော အာဆီယံအတွက် ရေကြောင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု “Naval Cooperation for a Cohesive and Responsive ASEAN” ခေါင်းစဉ်အား နိုင်ငံအလိုက် အလှည့်ကျဆွေး နွေးကြသည်။

၎င်းနောက် သတင်းအချက်အလက် မျှဝေခြင်းကဏ္ဍအတွက် အာဆီယံရေတပ် လမ်းပြမြေပုံတိုးတက်မှုအပေါ်   ဆွေးနွေးခြင်း၊ ဆက်လက်ဆောင်ရွက်မည့် ကဏ္ဍများဖြစ်သော (၉) ကြိမ်မြောက် အာဆီယံရေတပ် အရာရှိငယ် များတွေ့ဆုံပွဲ (ASEAN Navy Young Officers' Interaction-ANYOI)၊ ၂၀၂၁ ခုနှစ်အတွင်း ကျင်းပမည့် နိုင်ငံတကာ ပင်လယ်ရေကြောင်းဆိုင်ရာ ကာကွယ်ရေးပစ္စည်းများပြပွဲနှင့် နိုင်ငံတကာရေကြောင်း လုံခြုံရေး ကွန်ဖရင့်နှင့် ပတ်သက်ပြီး သက်ဆိုင်ရာနိုင်ငံများက တင်ပြသည်။ ဆက်လက်၍ အာဆီယံရေတပ်များ လေ့ကျင့်ရေး အတွေ့အကြုံဖလှယ်ခြင်း၊ ရေကြောင်း ဌာနများကွန်ရက်နှင့် အာဆီယံရေကြောင်း တပ်ဖွဲ့ ဖွဲ့စည်းခြင်း၊ ၂၀၂၃ ခုနှစ်တွင်ကျင်းပ မည့် ဒုတိယအကြိမ် အာဆီယံရေတပ်များ ပူးပေါင်းလေ့ကျင့်ခန်း (ASEAN Multilateral Naval Exercise-AMNEX) နှင့်ပတ်သက်ပြီး အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

ယင်းနောက် နောင်နှစ်တွင် ဘရူနိုင်း ဒါရုဆလမ်နိုင်ငံ၌ကျင်းပမည့် (၁၅) ကြိမ်မြောက် အာဆီယံရေတပ် ဦးစီးချုပ်များ အစည်းအဝေးအတွက် ညှိနှိုင်းဆွေးနွေးကြပြီး သဘာပတိ၊ ဗီယက်နမ်ရေတပ်ဦးစီးချုပ်မှ နိဂုံးချုပ် အမှာစကားပြောကြားကာ အစည်းအဝေးအား ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

Recent News