တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)၊ ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၇) စစ်လက်ရုံးရွေးချယ်ပွဲသို့ တက်ရောက်စိစစ်ရွေးချယ်၊ တွေ့ဆုံအမှာစကား ပြောကြား

နေပြည်တော်၊ နိုဝင်ဘာ - ၁၂

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)၌ ပြုလုပ်သည့် ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၇) စစ်လက်ရုံးရွေးချယ်ပွဲသို့ တက်ရောက်စိစစ်ရွေးချယ်သည်။

အဆိုပါစစ်လက်ရုံးရွေးချယ်ပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ  ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ညွန့်ဝင်းဆွေနှင့် တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ) ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် ဇော်နိုင်ဦးတို့ တက်ရောက်ကြပြီး အမျိုးသမီးဗိုလ်လောင်းများအား တစ်ဦးချင်းတွေ့ဆုံကာသင်တန်းကာလတစ်လျှောက် စည်းကမ်းလိုက်နာမှု၊ ဘာသာရပ်အလိုက်ထူးချွန်မှု၊ ထက်မြက်မှု၊ ဝါသနာနှင့် ကြိုးစားအားထုတ်မှုများအပေါ်မူတည်၍ သင့်လျော်သည့် (ကြည်း၊ ရေ၊ လေ) စစ်လက်ရုံး အသီးသီးအတွက် စိစစ်ရွေးချယ်ပေးခဲ့ကြသည်။

ထို့နောက် နေ့လယ်ပိုင်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ဗိုလ်လောင်းစားရိပ်သာ၌ သင်တန်းသားဗိုလ်လောင်းများနှင့်အတူ နေ့လယ်စာ ကိုအတူတကွသုံးဆောင်ကြပြီး စစ်လက်ရုံးရွေးချယ်မှုအား ဆက်လက်ပြုလုပ်ခဲ့ကြသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဗိုလ်သင်တန်းကျောင်းရှိ မြ၀တီခန်းမတွင် သင်တန်းသားဗိုလ်လောင်းများအား တွေ့ဆုံအမှာစကားပြောကြားရာ၌ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)ကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ကာကွယ်ရေးတာဝန်ကို ထမ်းဆောင်ရာ၌ အမျိုးသမီးစစ်မှုထမ်းများ ပါဝင်ထမ်းရွက်နိုင်စေရန်အတွက် အမျိုးသမီးစစ်မှုထမ်း(အရာရှိ)များအား လေ့ကျင့်သင်ကြား မွေးထုတ်ပေးရန်ဟူသည့် ရည်ရွယ်ချက်ဖြင့် ၂၀၁၄ ခုနှစ်တွင် အမျိုးသမီးဗိုလ်လောင်း သင်တန်း အမှတ်စဉ်(၁)ကို ၁၀၀ ဦးဖြင့် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း၊ သင်တန်း အမှတ်စဉ်(၆)အထိ အမျိုးသမီးအရာရှိပေါင်း ၆၁၀ ဦးကို မွေးထုတ်ပေးနိုင်ခဲ့ပြီး တပ်မတော်(ကြည်း၊ ရေ၊ လေ) လက်ရုံးတပ်ဖွဲ့အသီးသီးတွင် တာဝန်ထမ်းဆောင်လျက်ရှိကြောင်း၊ လက်ရှိအချိန်တွင် အမျိုးသမီးအရာရှိများအပြင်၊ ကွန်ပြူတာဒီပလိုမာ တပ်ကြပ်ကြီးစာရေးများနှင့် အခြေခံတပ်သားသစ်များကိုလည်း ခေါ်ယူလေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း။

မြန်မာနိုင်ငံ၏ လူဦးရေ ၅၀ ရာခိုင်နှုန်းကျော်မှာ အမျိုးသမီးများဖြစ်ကြောင်း၊ နိုင်ငံတကာတွင် အမျိုးသမီးများ၏ ကဏ္ဍကိုမြှင့်တင်လျက်ရှိသကဲ့သို့ မိမိတို့တပ်မတော် တွင် ယခင်ကတည်းက အမျိုးသမီးစစ်မှုထမ်းများအား လက်ရုံးဝန်ထမ်းတပ်ဖွဲ့များတွင် တာဝန်ပေးအပ်ခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် ဆေးတပ်ဖွဲ့တွင်သာ ဆက်လက်တာဝန်ပေးအပ်ခဲ့ကြောင်း၊ ယခုအခါ မိမိတို့အနေဖြင့် အမျိုးသမီးအရာရှိ၊ စစ်သည်များအား ပြန်လည်မွေးထုတ်ကာ တာဝန်ပေးအပ်လျက်ရှိပြီး ယခုကဲ့သို့ အမျိုးသမီး အရာရှိများမွေးထုတ်ပေးနေခြင်းသည် စစ်ဘက်ခေါင်းဆောင်များ မွေးထုတ်ပေးနေခြင်းပင်ဖြစ်ကြောင်း၊ နိုင်ငံတော်တည်ဆောက်ရေးတွင် အမျိုးသမီးများ၏ စွမ်းအားများကိုအသုံးပြုနိုင်မည်ဆိုပါက ပိုမိုကောင်းမွန်စေမည်ဖြစ်ကြောင်း၊ ယခင်အမှတ်စဉ်များတွင် သင်တန်းဆင်းခဲ့ကြသည့် အမျိုးသမီးအရာရှိများအနက် တပ်မတော်လေယာဉ်၊ ရဟတ်ယာဉ်နှင့် ရေယာဉ်များတွင် ကိုယ်ခန္ဓာနှင့် စိတ်ဓာတ်ကြံ့ခိုင်မှုရှိစွာ တာဝန်ထမ်းဆောင်လျက်ရှိသည်ကို တွေ့ရှိရသည့်အတွက်လည်း ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း၊ ယခုထက် ပိုမိုစွမ်းဆောင်ရည်မြင့်မားသည့် လေယာဉ်၊ ရေယာဉ်များတွင် တာဝန်ပေးအပ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း။

လူတိုင်းတွင်ဘ၀အတွက် ရည်မှန်းချက်များကိုယ်စီရှိကြပြီး မိမိတို့ရည်မှန်းချက်များကိုအကောင်အထည်ဖော်ရာတွင် ကိုယ့်ကိုကိုယ်ထိန်းသိမ်းနေထိုင်ရမည်ဖြစ်ပြီး ကြိုးစားအားထုတ်မှု၊ စည်းကမ်းလိုက်နာမှု၊ ကျန်းမာရေးကောင်းမွန်မှုနှင့် တာဝန် ထမ်းဆောင်နိုင်မှုများအပေါ် မူတည်၍ ရလဒ်ကွာခြားသွားမည်ဖြစ်ကြောင်း၊  စစ်ဘက် ဆိုင်ရာခေါင်းဆောင်မှုအတတ်ပညာကို သင်ကြားပေးနေခြင်းဖြစ်သည့်အတွက် မိမိကိုယ်ကိုယ်ထိန်းသိမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ခေါင်းဆောင်ကောင်း ဖြစ်ရန်အတွက် နောက်လိုက်ကောင်းဖြစ်ရန်လိုသလို အမိန့်နာခံတတ်မှုနှင့် ညွှန်ကြားချက် များကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်စွမ်းရှိရမည်ဖြစ်ကြောင်း၊ နေရာနယ်ပယ် အသီးသီးမှလာရောက်ကြသူများဖြစ်သဖြင့် တာဝန်ထမ်းဆောင်ရာတွင် အခက်အခဲအချို့ရှိမည်ဖြစ်ကြောင်း၊ မိမိကိုယ်မိမိ အလိုမလိုက်ရန်နှင့် လက်အောက်ကိုလည်း ထိန်းသိမ်းကြပ်မတ်ရန်လိုကြောင်း၊ မိမိဘ၀တိုးတက်မှုနှင့် ကျန်းမာရေးကိုထိခိုက် ပျက်စီးစေနိုင်သည့် လုပ်ငန်းရပ်များကို ရှောင်ကြဉ်ကြရန်လိုကြောင်း၊ မိမိကိုယ်ကို စည်းကမ်းတကျ ရောင့်ရဲတင်းတိမ်စိတ်ဖြင့် ထိန်းသိမ်းပြီး ကြိုးစားအားထုတ်မှုများဖြင့် ဘ၀တိုးတက်အောင် ဆောင်ရွက်ကာ တပ်မတော်အရာရှိခေါင်းဆောင်ကောင်းများဖြစ်အောင် ကြိုးစားကြ ရမည်ဖြစ်ကြောင်း၊ ကြိုးစားအားထုတ်မှုနှင့် ရိုးသားမှုရှိရမည်ဖြစ်ပြီး ဘ၀ရည်မှန်းချက်ကို ခိုင်မာစွာဖြင့် အားမလျော့ဘဲ ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း၊ အမျိုးသမီးများ၏ အခန်းကဏ္ဍကို မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိသဖြင့် တိုင်းပြည်နှင့် တပ်မတော်၏ ကဏ္ဍအသီးသီးတွင် ယုံကြည်စွာဖြင့် တာဝန်တာဝန်ပေးအပ်နိုင်သည့် ခေါင်းဆောင်ကောင်းများ၊ အရာရှိကောင်းများဖြစ်အောင် မိမိကိုယ်ကိုယ်ထိန်းထိန်းသိမ်းသိမ်းဖြင့် ကြိုးစားအားထုတ်ကြစေလိုကြောင်းဖြင့်မှာကြားသည်။

Share it now!

Recent News