တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မှော်ဘီတပ်နယ်မှ အရာရှိ၊ စစ်သည် မိသားစုများအား ရင်းရင်းနှီးနှီး တွေ့ဆုံအမှာစကားပြောကြား

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မှော်ဘီတပ်နယ်မှ အရာရှိ၊ စစ်သည် မိသားစုများအား ရင်းရင်းနှီးနှီး တွေ့ဆုံအမှာစကားပြောကြား

နေပြည်တော်၊ နိုဝင်ဘာ - ၁၂

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ မှော်ဘီတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား နယ်မြေခံလေတပ်စခန်းဌာနချုပ်ခန်းမ၌ တွေ့ဆုံအမှာစကားပြောကြားသည်။

အဆိုပါ တွေ့ဆုံပွဲသို့ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ညွန့်ဝင်းဆွေနှင့် မှော်ဘီတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာ၌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှာစကားပြောကြားရာတွင် ကမ္ဘာ့နိုင်ငံအသီးသီးရှိ တပ်မတော်များ၏ အဓိကလုပ်ငန်းတာဝန်သည် နိုင်ငံတော်၏အချုပ်အခြာအာဏာကို ကာကွယ်စောင့်ရှောက်ရန်ဖြစ်ပြီး ထိုသို့ကာကွယ်စောင့်ရှောက်နိုင်ရန်အတွက် တပ်မတော်၏ကာကွယ်ရေးစွမ်းအင်၊ စွမ်းအားများကိုမြှင့်တင် ဆောင်ရွက်ကြရန်လိုကြောင်း၊ မိမိတို့တပ်မတော်၌လည်း ကာကွယ်ရေးစွမ်းရည် ထက်မြက်စေရေးအတွက် ခေတ်အဆက်ဆက် တပ်မတော်အကြီးအကဲများက အခက်အခဲများကြားမှ တည်ဆောက်ခဲ့ကြပြီး လူသားအရင်းအမြစ်နှင့် အသုံးအဆောင်ပစ္စည်း အရင်းအမြစ်များကို မြှင့်တင်ဆောင်ရွက်ခဲ့ကြရကြောင်း၊ လက်ရှိအချိန်တွင် ယခင်ကထက်သာလွန်သည့် ကာကွယ်ရေးစွမ်းရည်ကို တည်ဆောက်ပေးနိုင်ခဲ့ပြီး ဆက်လက်တိုးမြှင့် တည်ဆောက်သွားကြရမည်ဖြစ်ကြောင်း။

ခေတ်မီပြီးစွမ်းရည်ထက်မြက်သော တပ်မတော်ဖြစ်စေရေးတည်ဆောက်ရာတွင် စစ်ဦးစီး၊ စစ်ရေး၊ စစ်ထောက်စသည့် လုပ်ငန်းကြီးသုံးရပ်ကို စနစ်တကျဖြင့်လည်ပတ်နိုင်ရေး ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ တပ်ရင်းတပ်ဖွဲ့များအနေဖြင့်လည်း တိုက်စွမ်းရည်၊ တိုက်စွမ်းအားရှိသည့် တပ်ရင်းတပ်ဖွဲ့များဖြစ်စေရေး လေ့ကျင့်ရေးလုပ်ငန်းများကို မှန်မှန်ကန်ကန်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် တပ်မတော်သားများ၏ တိုက်စွမ်းရည်၊ တိုက်စွမ်းအား မြှင့်တင်နိုင်ရေးဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ တပ်မတော်သားများနှင့် မိသားစုဝင်များ၏ သက်သာချောင်ချိရေး၊ ကျန်းမာရေးနှင့် အခြားလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အဆင့်လိုက်အုပ် ချုပ်ကွပ်ကဲရသူများကလည်း ညီညွတ်မျှတသည့် အုပ်ချုပ်မှုနှင့် သက်သာချောင်ချိရေးကို အလေးထားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ စည်းကမ်းသည်တပ်မတော်၏ကျောရိုး ဖြစ်သည့်အတွက် အသေးအဖွဲကအစ  စည်းကမ်းလိုက်နာရမည်ဖြစ်ကာ မိမိတို့တစ်ဦးချင်းနှင့် တပ်များစွမ်းရည်မြင့်ရေးအတွက် ထုတ်ပြန်ထားသည့် စည်းမျဉ်း၊ စည်းကမ်းများကို လိုက်နာဆောင်ရွက်ကြရမည်ဖြစ်ကြောင်းနှင့် မှန်မှန်ကန်ကန်လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း၊ ဝတ်စားဆင်ယင်မှုတွင်လည်း စနစ်ကျနရမည်ဖြစ်ပြီး စစ်ဝတ်များကို မိမိတို့လက်ထက်မှစ၍ အရောင်အသွေး၊ အမျိုးအစား တစ်ပုံစံတည်းဖြစ်အောင်ဆောင်ရွက် ပေးထားကြောင်း၊ အရပ်ဝတ်များကိုလည်း တပ်မတော်စက်ရုံများမှ ဈေးနှုန်း သက်သာစွာဖြင့် ရောင်းချပေးလျက်ရှိကြောင်း။

စစ်ရေးဆိုင်ရာလုပ်ငန်းများနှင့် ပတ်သက်၍ တပ်မတော်သားများ၏ အဆင့်တိုးမြှင့်ရေးမှ အစပြု၍ အငြိမ်းစားယူသည်အထိ အဆင့်နှင့်လျော်ညီအောင်၊ အဆင်ပြေချောမွေ့အောင် လုပ်ထုံးလုပ်နည်း စည်းမျဉ်း၊ စည်းကမ်းများ ထုတ်ပြန်၍ ဆောင်ရွက်ပေးခဲ့ကြောင်း၊ စစ်ထောက်ပိုင်းဆိုင်ရာလုပ်ငန်းများနှင့် ပတ်သက်၍ တပ်မိသားစုများ လုံခြုံမှုနှင့် အဆင့်တန်းမီစွာနေထိုင်နိုင်ရေး လူနေအဆောက်အဦများ၊ တပ်တွင်းလမ်းများမှစ၍ တပ်ခြံစည်းရိုးများအထိ တည်ဆောက်ပေးခဲ့ကြောင်း၊ အာဟာရပြည့်၀စွာ စားသုံးနိုင်ရေး ခေတ်နှင့် လျော်ညီသည့်ရိက္ခာစိုငွေနှင့်ရိက္ခာများ၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ကိုဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ တပ်မတော်အနေဖြင့် စားရေး၊ ဝတ်ရေးနှင့်နေရေး အဆင်ပြေစေရန် အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးထားပြီးဖြစ်၍ တပ်မတော် သားတစ်ယောက်ပီသစွာဖြင့် နေထိုင်ကျင့်ကြံသွားကြရမည်ဖြစ်ကြောင်း။

တပ်မတော်အနေဖြင့် စစ်သည်များ၊ ရဲမေများနှင့် မှီခိုသူ သားသမီးများ၏ ပညာရေးကို စဉ်ဆက်မပြတ် အားပေးမြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ပညာရေးနည်းပါးခဲ့သည့် စစ်သည်၊ ရဲမေများအား အခြေခံပညာ ဆက်လက်သင်ကြားနိုင်ရေး ၂၀၁၂-၂၀၁၃ ပညာသင်နှစ်မှစ၍ စီမံချက်ချဆောင်ရွက်ခဲ့ကြောင်း၊ စစ်သည်များ၊ စစ်မှုထမ်းဟောင်းများ၏ သားသမီးများ၏ ပညာရေးကိုလည်း မြှင့်တင်ဆောင်ရွက်လျက်ရှိပြီး ထူးချွန်သူများကို ၂၀၁၃ ခုနှစ်မှစ၍ ဂုဏ်ပြုဆုချီးမြှင့်သည့် အခမ်းအနားများကို ဆောင်ရွက်ပေးခဲ့ကြောင်း၊ ထူးချွန်သူများအနက်မှ ထပ်မံရွေးချယ်၍ နိုင်ငံ တကာအတွေ့အကြုံများရရှိရေး ပြည်ပလေ့လာရေးခရီးစဉ်များကိုလည်း စီစဉ် ဆောင်ရွက်ပေးခဲ့ကြောင်း၊ ၂၀၁၂ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ နှစ်စဉ် ပညာရည်ထူးချွန်ဆုနှင့် ပညာသင်ဆုများကို ချီးမြှင့်ခဲ့ရာတွင် ရွှေတံဆိပ်များနှင့် ငွေသား ၆ ဒသမ ၈ ဘီလီယံကျော်ရှိပြီဖြစ်ပြီး ပညာရေးမြှင့်တင်ရေးလုပ်ငန်းများကို ဆက်လက်အလေးထား ဆောင်ရွက်လျက်ရှိကြောင်း။

 အကြီးအကဲများအပိုင်းမှ သက်သာချောင်ချိရေးလုပ်ငန်းများကို ဆောင်ရွက်ပေး လျက်ရှိသကဲ့သို့ အရာရှိ၊ စစ်သည်များနှင့် မိသားစုများကလည်း တပ်တွင်းစည်းလုံးညီ ညွတ်ရေးကို အလေးထားတည်ဆောက်ကြရမည်ဖြစ်ပြီး စွမ်းရည်သုံးရပ်ထက်မြက်အောင် လေ့ကျင့်နေကြရမည်ဖြစ်ကြောင်းဖြင့် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

Recent News