တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တာချီလိတ် တပ်နယ်မှ အရာရှိ၊ စစ်သည်များနှင့် မိသားစုဝင်များအား ရင်းရင်းနှီးနှီး တွေ့ဆုံ အမှာစကား ပြောကြား

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တာချီလိတ် တပ်နယ်မှ အရာရှိ၊ စစ်သည်များနှင့် မိသားစုဝင်များအား ရင်းရင်းနှီးနှီး တွေ့ဆုံ အမှာစကား ပြောကြား

နေပြည်တော်၊ နိုဝင်ဘာ - ၁၈

တပ်မတော်တစ်ခု၏ “စံ”သည် အမိန့်နာခံတတ်မှုနှင့် စည်းကမ်းကောင်းမွန်မှုပင် ဖြစ်သည့်အတွက် တပ်မတော်သားကောင်း ပီသအောင်နေထိုင်ကြရမည်ဖြစ်ကြောင်း၊ တစ်ဦးချင်းစည်းကမ်းကောင်းမွန်မှု၊ အမိန့်နာခံတတ်မှုနှင့် တာဝန်ကျေပွန်မှုရှိမှသာလျင်

စွမ်းရည်ရှိသောတပ်များဖြစ်လာမည်ဖြစ်ကာ တပ်မတော်တစ်ရပ်လုံးသည်လည်း တိုက်စွမ်းရည်၊ တိုက်စွမ်းအား ရှိသော တပ်မတော်၊ ပြည်သူကအားကိုးရပြီး နိုင်ငံက အားထားရသော တပ်မတော်ဖြစ်လာမည်ဖြစ်သည့်အတွက် တစ်ဦးချင်း တပ်မတော်သားကောင်း ပီသအောင် ခံယူချက်ခိုင်ခိုင်မာမာဖြင့် ကြိုးစားအားထုတ်ကြစေလိုကြောင်းဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ယနေ့တွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ တာချီလိတ်တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တပ်နယ်ခန်းမ၌ တွေ့ဆုံအမှာစကား ပြောကြားစဉ် ထည့်သွင်း ပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အတူ ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊  တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ခင်လှိုင်နှင့် ဇနီး၊ တာချီလိတ်တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများတက်ရောက်ကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကအမှာစကားပြောကြားရာတွင် မိမိတို့တပ်မတော် ကို နိုင်ငံတကာမှ တပ်မတော်များနှင့် ရင်ဘောင်တန်းနိုင်အောင် ကြိုးစားတည်ဆောက် ပေးလျက်ရှိကြောင်း၊ ပြောင်းလဲလာသည့် ခေတ်ကာလနှင့် ကိုက်ညီသည့် စွမ်းရည်စွမ်းအား ကောင်းမွန်သည့် ကာကွယ်ရေးအသုံးအဆောင်ပစ္စည်းများကို တပ်ဆင်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လက်ရှိအချိန်တွင် ယခင်ကထက် သာလွန်သည့်ကာကွယ်ရေးစွမ်းရည် ကို တည်ဆောက်ပေးနိုင်ခဲ့ပြီး ဆက်လက်တိုးမြှင့် တည်ဆောက်သွားကြရမည်ဖြစ်ကြောင်း ဦးစွာ ပြောကြားသည်။

ထို့နောက် တပ်မတော်သားများနှင့် မိသားစုဝင်များ၊ မှီခိုသူ သားသမီးများမှ အသိပညာ အတတ်ပညာနှင့် ပြည့်စုံသည့် ကောင်းမွန်သည့် လူသားအရင်းအမြစ်များ ပေါ်ထွက်လာစေရန်၊ လူနေမှုဘ၀မြင့်မားစေရန် ရည်ရွယ်၍ ပညာရည်မြှင့်တင်မှုလုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ပညာရေး အားနည်းခဲ့သည့် စစ်သည်၊ ရဲမေများကို အခြေခံပညာ ဆက်လက်သင်ကြားနိုင်ရေး ၂၀၁၂-၂၀၁၃ ပညာသင်နှစ်မှစ၍ ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ထူးချွန်သူများကို ဆုများ ချီးမြှင့်ပေးနိုင်ခဲ့သည့်အပြင် နိုင်ငံတော်အဆင့် ကဗျာ၊ စာပေ ပြိုင်ပွဲများတွင် ထူးချွန်ဆုရရှိသူများကို ချီးမြှင့်အားပေးခဲ့ကြောင်း၊ စာပေ၊ အားကစား တို့တွင် ထူးချွန်သည့် စစ်သည်များကိုလည်း သတ်မှတ်ချက်များနှင့်အညီ ရာထူးအဆင့်များ တိုးမြှင့်ပေးနိုင်ခဲ့ကြောင်း။

 ထို့သို့ အကြီးအကဲများမှ အတိုင်းအတာတစ်ခုအထိ ပြည့်စုံအောင်  အဘက်ဘက် မှ ကြိုးစားဆောင်ရွက်ပေးလျက်ရှိသည့်အတွက် တပ်မတော်သားများအနေဖြင့်လည်း အရည်အချင်းရှိသည့်၊ စစ်စည်းကမ်းနှင့် အမိန့်နာခံတတ်သည့် တပ်မတော်သားများ ဖြစ်အောင် ကြိုးစားအားထုတ်ကြစေလိုကြောင်း၊ တပ်မတော်အနေဖြင့် ဖြတ်သန်းလာသည့် သမိုင်းကြောင်းတစ်လျှောက်တွင် အမျိုးသားနိုင်ငံရေးအခန်းကဏ္ဍ၌ တိုင်းပြည် လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာတည်တံခိုင်မြဲရေးအတွက် တာဝန်သိစွာဖြင့် လုပ်ဆောင်ခဲ့သည်ကို သိရှိနားလည်ရန်နှင့် ဆက်လက်ထိန်းသိမ်းသွားကြရမည်ဖြစ်ကြောင်း၊ ထို့ပြင် မိမိတို့၏ လက်ဆင့်ကမ်းတာဝန်များကိုထမ်းဆောင်ကြမည့် မျိုးဆက်သစ်တပ်မတော်သားများကိုလည်း ကောင်းမွန်သည့်  အနာဂတ်ကိုဖော်ဆောင်ပေးနိုင်ရမည်ဖြစ်သည့်အတွက် တစ်သွေးတည်း၊ တစ်သားတည်း တစ်စိတ်တစ်ဝမ်းတည်းဖြင့် စွမ်းရည်စွမ်းအားရှိသော တပ်မတော်ဖြစ်အောင်၊ စစ်သားကောင်းပီသအောင် ကြိုးစားအားထုတ် ကျင့်ကြံနေထိုင်သွားကြစေလိုကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တာချီလိတ်တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် စားသောက်ဖွယ်ရာများနှင့် တပ်မတော်စက်ရုံများမှ ထုတ်လုပ်သည့် လူသုံးကုန်ပစ္စည်းများပေးအပ်ရာ တာချီလိတ်တပ်နယ်မှ တပ်နယ်မှူး ဗိုလ်မှူးချုပ် အေးမင်းဦးကလည်းကောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီးက  တပ်နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းအတွက် ချီးမြှင့်ငွေများကို ပေးအပ်ရာ  တပ်နယ်မှ စစ်ဗျူဟာမှူး၏ ဇနီးကလည်းကောင်း အသီးသီး လက်ခံရယူသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တာချီလိတ် တပ်နယ်အတွင်းရှိ တပ်ရင်း၊ တပ်ဖွဲ့များအား မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့် ရှု စစ်ဆေးခဲ့ကြကြောင်း သတင်းရရှိသည်။

Recent News