တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က မီဒီယာများအားတွေ့ဆုံ၍ သတင်းစာရှင်းလင်းပွဲ ပြုလုပ်

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က မီဒီယာများအားတွေ့ဆုံ၍ သတင်းစာရှင်းလင်းပွဲ ပြုလုပ်

နေပြည်တော်၊ နိုဝင်ဘာ - ၂၇

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က ယနေ့နံနက် ပိုင်းတွင် နေပြည်တော်ရှိ တပ်မတော်စစ်သမိုင်းပြတိုက်၌ သတင်းမီဒီယာများ နှင့်တွေ့ဆုံ၍ တပ်မတော်သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး သတင်းမီဒီယာများ၏ သိရှိလိုသည့် မေးမြန်းချက် များကို ပြန်လည်ဖြေကြားသည်။

သတင်းစာရှင်းလင်းပွဲမစတင်မီ တက်ရောက်လာကြသူများအား COVID-19 ရောဂါ  ကြိုတင်ကာကွယ်ရေးအတွက် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ဆေးဝန်ထမ်းညွှန်ကြားရေး မှူးရုံးမှ တာဝန်ရှိသူများက ကိုယ်အပူချိန်တိုင်းတာခြင်းများကို ဆောင်ရွက်ပေးပြီး သတ်မှတ် အကွာအဝေးအတိုင်းနေရာယူကာ စနစ်တကျမေးမြန်းခြင်းများကို ဆောင်ရွက်ကြသည်။

ဦးစွာ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ရှင်းလင်းပြောကြားရာတွင် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများနှင့် ပတ်သက်၍ တပ်မတော်က ကန့်သတ်စောင့်ကြည့် Qurantine Center နေရာများ၊ ဓာတ်ခွဲ အတည်ပြုလူနာထားရှိ ကုသရေးနေရာများဖွင့်လှစ်၍ သံဃာတော်များ၊ သီလရှင်များနှင့် အရပ်သားပြည်သူများအား လက်ခံကုသဆောင်ရွက်ပေးနေမှု အခြေအနေများ၊ COVID-19 ရောဂါ ကုသရေးဆေးရုံ(ဖောင်ကြီး)၌ တပ်မတော်မှ ပါရဂူဆေးမှူးများ၊ သူနာပြုများနှင့် ကျွမ်းကျင်သူများ ပါဝင်သည့်အဖွဲ့များဖြင့် အလှည့်ကျတာဝန်ထမ်းဆောင်နေသည့် အခြေအနေများ၊ တပ်မတော် ဆေးရုံကြီးများ၌  COVID-19 ရောဂါရှာဖွေရေးစက်များဖြင့် အရပ်သားလူနာများအား စမ်းသပ် စစ်ဆေးပေးနေမှုများနှင့် တိုင်းစစ်ဌာနချုပ် နယ်မြေများအလိုက် ဘုန်းတော်ကြီးများ၊ သီလရှင် စာသင်တိုက်များ၊ ပရဟိတကျောင်းများနှင့် အခြားဘာသာရေးအသင်းအဖွဲ့များသို့ ဆွမ်းဆန် တော်၊ ဆီ၊ ဆား၊ ပဲ၊ နေ့ဆွမ်းများနှင့် လှူဖွယ်ပစ္စည်းများအား  ဆက်ကပ်လှူဒါန်းပေးနေမှုအခြေ အနေများ။

တိုင်းစစ်ဌာနချုပ်နယ်မြေများအလိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ စည်းကမ်း ဖောက်ဖျက်မှုများနှင့် တိုက်ပွဲဖြစ်ပွားမှုများ၊ မူးယစ်ဆေးဝါးဖမ်းဆီးရရှိမှုနှင့်  မူးယစ်ဆေးဝါး တိုက်ဖျက် နှိမ်နင်းရေးလုပ်ငန်းများကို အလေးထားဆောင်ရွက်လျက်ရှိသည့် အခြေအနေများ။ 

ရခိုင်ပြည်နယ်အတွင်း နိုင်ငံပိုင်သဘာ၀သယံဇာတများကို ကိုယ်ကျိုးစီးပွားအတွက် တရားမဝင်ထုတ်ယူသုံးစွဲမှုမရှိစေရေး တပ်မတော်က လိုအပ်သည့် ဖော်ထုတ်ဖမ်းဆီးမှုများနှင့် တရားဥပဒေစိုးမိုးရေး၊ နယ်မြေလုံခြုံရေးတို့ကိုဆောင်ရွက်ခဲ့ရာ အောက်တိုဘာလနှင့်ယခုလ အတွင်း တောင်ကုတ်မြို့နယ်၊ အနောက်ဘက်ပင်လယ်ပြင်နှင့် ဆက်စပ်မြစ်ချောင်းများအတွင်းမှ တရားမဝင်မှောင်ခိုသစ်ခိုးထုတ်နေသည့် သင်္ဘော၊ စက်လှေအကြီး ၁၂ စီးနှင့် လူ ၆၁ ဦးတို့အား သစ်မျိုးစုံ ဆိုဒ်စုံ ၁၆၂၇ ဒသမ ၂၁၉၁ တန်ခန့်(ခန့်မှန်းတန်ဖိုး ငွေကျပ်သိန်းပေါင်း ၃၉၀၂၃ ခန့်) တို့နှင့်အတူ ဖမ်းဆီးရရှိခဲ့မှုအခြေအနေများ၊ တပ်မတော်လေယာဉ်၊ ရဟတ်ယာဉ်များဖြင့် လမ်းပန်းဆက်သွယ်မှုခက်ခဲသည့် ဝေးလံခေါင်ဖျားနေရာများသို့  ရိက္ခာပစ္စည်းများ၊ ရွေးကောက်ပွဲ ဆိုင်ရာပစ္စည်းများ ပို့ဆောင်ပေးခဲ့မှုနှင့် ဒေသခံဝန်ထမ်းများအား ပြန်လည်ခေါ်ဆောင်ပေးခဲ့သည့် အခြေအနေများ။

တပ်မတော်အနေဖြင့် ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင် ရေး၊ COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ထိရောက်စွာဆောင်ရွက်နိုင်ရေး၊ ပြည်ထောင်စုသဘောတူစာချုပ်အစိတ်အပိုင်း(၃) ဖော်ဆောင်ရာတွင် ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးတို့အတွက် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလကုန်အထိ စစ်ရေးဆိုင်ရာလှုပ်ရှားမှု များအား ရပ်ဆိုင်းပေးခဲ့ပြီး ထုတ်ပြန်ချက်များ ထုတ်ပြန်ပေးခဲ့မှု၊ ရွေးကောက်ပွဲနှင့်စပ်လျဉ်းပြီး EAOs အဖွဲ့များနှင့်သက်ဆိုင်သော သဘောထားကြေညာချက်များ ထုတ်ပြန်ခဲ့မှုနှင့် ရွေးကောက် ပွဲအောင်မြင်စွာကျင်းပနိုင်ရေး တိုက်တွန်းခဲ့မှု၊ ရွေးကောက်ပွဲကာလအတွင်း မြို့၊ ရွာများနှင့် လမ်းပန်းဆက်သွယ်ရေးလုံခြုံရေးတို့အတွက် ဆောင်ရွက်ပေးခဲ့မှု၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် ထာ၀ရငြိမ်းချမ်းရေးအောင်မြင်အောင် ဆွေးနွေးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် တပ်မတော်နှင့် တွေ့ဆုံဆွေးနွေးရန်လိုအပ်ပါက ဆက်လက်ဆွေးနွေးနိုင်ရေး တပ်မတော်ငြိမ်းချမ်းရေးဆွေးနွေးမှုကော်မတီအား ဖွဲ့စည်းပေးခဲ့မှုအခြေအနေများ၊ တပ်မတော် ငြိမ်းချမ်းရေးဆွေးနွေးမှုကော်မတီအနေဖြင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူ စာချုပ် (NCA) လမ်းကြောင်းအတိုင်း (NCA) လက်မှတ်ရေးထိုးပြီးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးပိုမိုခိုင်မာအောင် ဆက်လက်ဆွေးနွေးခြင်း၊ (NCA) လက်မှတ်မရေးထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအား (NCA) လက်မှတ်ရေး ထိုးနိုင်သည့်အထိ ဆက်လက်ဆွေးနွေးခြင်းများနှင့် ထာ၀ရငြိမ်းချမ်းရေးအောင်မြင်ပြီးဆုံး သည်အထိ လိုအပ်သည်များအား ဆွေးနွေးခြင်းစသည့် အချက်(၃)ချက်အား ဆောင်ရွက်သွားမည့် အခြေအနေများ။

ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ မှော်ဘီတပ်နယ်၊ တြိဂံတိုင်းစစ်ဌာနချုပ်အတွင်းရှိ ကျိုင်းတုံ၊ မိုင်းတုံ၊ မိုင်းဆတ်၊ တာချီလိတ်တပ်နယ်များသို့ နိုဝင်ဘာလအတွင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် သွားရောက်ခဲ့သည့်ခရီးစဉ်များတွင် တပ်နယ်များအလိုက် အရာရှိ၊ စစ်သည်၊ မိသားစု ဝင်များအား တွေ့ဆုံအမှာစကားပြောကြားခဲ့မှု၊ မိုင်းဆတ်မြို့သို့ ရောက်ရှိစဉ် UWSA “ ဝ ” အဖွဲ့မှ ဒုတိယနိုင်ငံရေးမှူးအဆင့်ရှိ ဦးညီကပ်နှင့် အဖွဲ့ဝင်များအား လက်ခံတွေ့ဆုံမှု၊ COVID-19 ရောဂါကာကွယ်ရေးအထောက်အကူပြုပစ္စည်းများ ပေးအပ်မှုအပါအဝင် ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်သည်များ ကူညီပေးခဲ့သည့်အခြေအနေများအား ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က သတင်းမီဒီယာများ၏ သိရှိလိုသည့်မေးမြန်းမှုများအပေါ် ပြန်လည်ရှင်းလင်းဖြေကြားသည်။

အဆိုပါ သတင်းမီဒီယာတွေ့ဆုံပွဲသို့ ပြည်တွင်းသတင်းဌာနများ၊ နေ့စဉ်ထုတ်သတင်းစာ များ၊ ဂျာနယ်များ၊ ပြည်တွင်းရုပ်မြင်သံကြားသတင်းဌာနများ၊ ပြည်တွင်းအခြေစိုက်ပြည်ပ သတင်းဌာနများ၊ စုစုပေါင်းသတင်းဌာန ၂၇ ခုမှ သတင်းထောက်များ လာရောက်တွေ့ဆုံသတင်း ရယူခဲ့ကြကြောင်း သတင်းရရှိသည်။     

Recent News