၂ဝ၂ဝ ပြည့်နှစ်၊ ဒီဇင်ဘာလ ၁ ရက်၌ ကျရောက်သည့် ရန်ကုန်တက္ကသိုလ် နှစ်(၁ဝဝ)ပြည့် အခမ်းအနားတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပေးပို့သည့် သဝဏ်လွှာ

၂ဝ၂ဝ ပြည့်နှစ်၊ ဒီဇင်ဘာလ ၁ ရက်၌ ကျရောက်သည့် ရန်ကုန်တက္ကသိုလ် နှစ်(၁ဝဝ)ပြည့် အခမ်းအနားတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပေးပို့သည့် သဝဏ်လွှာ

နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုး၏ တိုးတက်ထွန်းကားမှုအား ပညာတတ်မြောက်ခြင်းဖြင့် တိုင်းတာကြပါသည်။ မြန်မာ့ ပညာရေး၏ ရှေ့ဆောင်၊ မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ တက္ကသိုလ်၊ ဒီဂရီ ကောလိပ်တို့၏ ရှေးဦးအစ ဖြစ်သော ရန်ကုန် တက္ကသိုလ်ကြီးသည် ၁၉၂ဝ ပြည့်နှစ်၊ ဒီဇင်ဘာလ ၁ ရက်တွင် စတင်မွေးဖွားခဲ့ပါသည်။ ယနေ့ ၂ဝ၂ဝ ပြည့် နှစ်၊ ဒီဇင်ဘာလ ၁ ရက်တွင် နှစ်ပေါင်း ၁ဝဝ ပြည့်မြောက်ပြီဖြစ်ပါသည်။

ရန်ကုန်တက္ကသိုလ်သည် နိုင်ငံ၏ပညာရေးသမိုင်းကြောင်းနှင့် အမျိုးသားနိုင်ငံရေး သမိုင်းကြောင်းတို့တွင် ထင်ရှား သော သမိုင်းမှတ်တိုင် အစဉ်အလာ ကြီးမားသော တက္ကသိုလ်ကြီးလည်းဖြစ်ပါသည်။ ကိုလိုနီခေတ် ၁၉၂ဝ  ပြည့်နှစ် မတိုင်မီ မြန်မာနိုင်ငံ၌ မြန်မာလူမျိုးတို့အတွက်  ကိုယ်ပိုင်တက္ကသိုလ်ဟူ၍ မရှိခဲ့ဘဲ ကာလကတ္တား တက္ကသိုလ် လက်အောက်ခံ  ရန်ကုန်ကောလိပ်နှင့် အမေရိကန်ဘက်ပတစ်သာသနာပြု အဖွဲ့၏ ပညာရေးလုပ်ငန်း များမှ ပေါက်ဖွားလာသော ဘက်ပတစ်ကောလိပ်တို့သာ ရှိခဲ့ပါသည်။ ဘက်ပတစ် ကောလိပ်ကို ၁၉၁၈ ခုနှစ်တွင် အမေရိကန် ခရစ်ယာန် သာသနာပြုဆရာကြီး   ဒေါက်တာဂျပ်ဆင်အား ဂုဏ်ပြုသော အားဖြင့် ဂျပ်ဆင်ကောလိပ် သို့မဟုတ် ယုဒသန်ကျောင်းတိုက်ဟု အမည်ပြောင်းလဲခေါ်ဝေါ် ခဲ့ပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံတွင်  ၁၉၂ဝ ပြည့်နှစ်မတိုင်မီ   ရန်ကုန်ကောလိပ်နှင့်  ဂျပ်ဆင် ကောလိပ်တို့သာ ရှိခဲ့ပါသည်။

မြန်မာနိုင်ငံတွင်ကာလကတ္တား တက္ကသိုလ်၏ သြဇာအာဏာနှင့် ကြီးကြပ်မှုမှ ကင်းလွတ်သည့် သီးခြား တက္ကသိုလ် တစ်ရပ်ကို ရန်ကုန်မြို့၌ တည်ထောင်ရန်၊ မြန်မာတစ်မျိုးသားလုံး ပညာသင်ယူမှုအခွင့်အလမ်း မညီမျှခြင်းနှင့် တစ်မျိုးသားလုံး အဆင့်မြင့်ပညာသင်ယူ နိုင်ခွင့်နည်းပါးခြင်းတို့ကြောင့် တစ်မျိုးသားလုံးအဆင့် မြင့်ပညာသင် ယူခွင့် ရရှိလာစေနိုင်မည့် အမျိုးသား ပညာရေးစနစ်ဖြစ်ထွန်းလာစေရေးအတွက် ၁၈၉၂ခုနှစ်ခန့်မှစ၍ မြန်မာ့ခေါင်း ဆောင်များ၊ သတင်းစာများ၊ ပညာရေးဆင်ဒီကိတ်အဖွဲ့ဝင်များနှင့် မြန်မာပြည်သူ လူထုတို့က    တစိုက်မတ်မတ် ညီညီ ညွတ်ညွတ် တိုက်ပွဲဝင်တောင်းဆိုခဲ့ကြပါသည်။

တစ်မျိုးသားလုံး၏  ညီညွတ်မှုစွမ်းအားကြောင့် ကိုလိုနီအစိုးရသည် ၁၉၂ဝ ပြည့်နှစ်၊ သြဂုတ်လ ၂ဝ ရက်တွင် ရန်ကုန် တက္ကသိုလ်အက်ဥပဒေကြမ်းကို အတည်ပြုပေးခဲ့ရသည်။ အဆိုပါအတည်ပြုချက်များ အရ ၁၉၂ဝ ပြည့်နှစ်၊  ဒီဇင်ဘာလ ၁ ရက်တွင် မလွှဲမရှောင်သာဘဲ ရန်ကုန်တက္ကသိုလ်ကိုတည်ထောင် ပေးခဲ့ရပါသည်။ ရန်ကုန် တက္ကသိုလ် စတင်ပေါ်ပေါက်ခဲ့ပြီးနောက်  ရန်ကုန်တက္ကသိုလ် အက်ဥပဒေတွင် အတည်ပြု ပြဋ္ဌာန်းခဲ့သည့် အချက် အလက် အများစုမှာ မြန်မာတိုင်းရင်းသား အများစုကို တက္ကသိုလ်ပညာ ဆက်လက် သင်ယူခွင့်မရအောင် ကန့်သတ် ချုပ်ချယ်ထားသည့် အချက်အလက်များစွာ ပါဝင်ခဲ့ပါသည်။ ထို့ကြောင့် တက္ကသိုလ် ကျောင်းသားကြီးများနှင့် မျိုးချစ်ပြည်သူ များက   ဆက်လက်တိုက်ပွဲဝင်ခဲ့ကြသည့်အတွက် ကိုလိုနီအစိုးရသည်  တက္ကသိုလ် အက်ဥပဒေကို ပြင်ဆင်ပေးခဲ့ရပါသည်။  မြန်မာအမျိုးသားရေး ကြိုးပမ်းမှုသမိုင်းတွင် ရန်ကုန် တက္ကသိုလ်၏အခန်းကဏ္ဍသည် တစ်ထောင့်တစ်နေရာက  ပါဝင်ခဲ့ပါသည်။ မြန်မာ့လွတ်လပ်ရေးကို ဆောင်ကြဉ်း ပေးနိုင်မည့် မျိုးချစ်စိတ်ဓာတ်၊ ဇွဲမာန်သတ္တိအပြည့်အဝရှိသည့် ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့သော ပုဂ္ဂိုလ်မျိုး၊ တိုင်းကျိုးပြည်ပြုခေါင်းဆောင်များဖြစ်ကြသည့် ဝန်ကြီးချုပ် ဦးနု၊ အာဇာနည်ခေါင်းဆောင် ဦးရာဇတ်၊ နန်းရင်းဝန် ဒေါက်တာဘမော် စသည့်ပုဂ္ဂိုလ်များ၊ နိုင်ငံ့ဂုဏ်ဆောင် အမျိုးသားစာဆိုကြီးများ ပညာရှင်များဖြစ်ကြသည့် စာရေး ဆရာကြီး ဇော်ဂျီ၊ မင်းသုဝဏ်၊ ပညာမင်းကြီးဦးကောင်း၊ သမိုင်းပညာရှင် ဒေါက်တာသန်းထွန်း၊ မြန်မာစာပညာရှင် ဒေါက်တာလှဘေ၊ ဥပဒေပညာရှင် ဒေါက်တာဘဟန် စသည့် တိုင်းကျိုးပြည်ပြု ခေါင်းဆောင်များနှင့် ပညာတတ် လူငယ်များစွာ မွေးထုတ်ပေးနိုင်ခဲ့ သကဲ့သို့  နိုင်ငံ့ဂုဏ်ဆောင် နိုင်ငံရေးသမား  ကမ္ဘာ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေး မှူးချုပ် ဦးသန့် ကဲ့သို့ ကမ္ဘာ့လူသား အကျိုးပြု ခေါင်းဆောင်များကို မွေးထုတ်ပေးနိုင်ခဲ့သည့် အောင်မြေဖြစ် ပါသည်။

ရန်ကုန်တက္ကသိုလ်သည် အင်္ဂလန်နိုင်ငံတက္ကသိုလ်များ၏ စံချိန်စံညွှန်းအတိုင်း ဖွဲ့စည်းထားခြင်း၊ အရည်အသွေးမြင့် မားသော ဆရာများက ပို့ချခြင်း စသည့် အင်္ဂါရပ်များကြောင့် ပညာဝန်းကျင် ကောင်းတစ်ခုဖြစ်ခဲ့ရာ စစ်ကြို ခေတ်နှင့် လွတ်လပ်ရေးရပြီး စကာလများတွင် ပညာရည်အားဖြင့် အရှေ့တောင် အာရှတွင် အကောင်းဆုံး ဖြစ်ခဲ့ရပါသည်။ တက္ကသိုလ်၏ ဥပဓိရုပ်သည်လည်း သာယာသော အင်းလျားကန်နောက်ခံ၊ ခံ့ညားသော ဘွဲ့နှင်း သဘင် အဆောက်အအုံ၊ သက်တမ်းရင့်သစ်ပုပ်ပင်၊ ဖြောင့်တန်းသော အဓိပတိလမ်း၊ စိမ်းလန်းကျယ်ဝန်းသော တက္ကသိုလ် နယ်မြေတို့ကြောင့် အရှေ့တောင် အာရှ၏ အကောင်းဆုံး တက္ကသိုလ်ဖြစ်ခဲ့ပြီး အာရှအဆင့် တွင်လည်း ထိပ်တန်းမှ ရပ်တည်နိုင်ခဲ့ခြင်းကြောင့် အခြားအာရှနိုင်ငံများကပါ အားကျအတုယူစရာ၊ လာရောက်ပညာ ဆည်း ပူးရာ ကျောင်းတော်ကြီး ဖြစ်ခဲ့ပါသည်။ ရန်ကုန်တက္ကသိုလ်ကြီးကို နိုင်ငံတကာ အဆင့်မီ တက္ကသိုလ်ကြီး အဖြစ် ဖြစ်ထွန်း လာစေရေးနှင့် အမျိုးသား အကျိုးစီးပွားကို ဖော်ဆောင်နိုင်မည့် တက္ကသိုလ်ဖြစ်စေရေး တို့ကို   အားလုံး အတူတကွ ဝိုင်းဝန်းကြိုးပမ်း ပေါင်းစပ်အကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်ပါသည်။

ယခုခေတ်သည် ပညာခေတ်ဖြစ်ပါသည်။ ကမ္ဘာနှင့်ရင်ပေါင်တန်းနိုင်ရန် ပညာတတ်များစွာ လိုအပ်ပါသည်။ ကမ္ဘာတွင် ပညာ၏ အခန်းကဏ္ဍသည် အလွန် အရေးပါနေပါသည်။ ပညာတတ်များသောတိုင်းပြည်သည် အဘက် ဘက်က အသာစီးရနေပါသည်။ ထို့ကြောင့် ပညာအတွက်   ငွေကြေးများစွာ အကုန်အကျခံ၍ ရင်းနှီးမြှုပ်နှံနေကြ ပါသည်။ ထို့ကြောင့်လည်း နိုင်ငံ တစ်နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးတွင်  ပညာရေးသည် အဓိကကဏ္ဍမှ ပါဝင်နေပါသည်။ ၁၉၉၄ ခုနှစ်မှစ၍ ရန်ကုန်တက္ကသိုလ်တွင်   ပါရဂူသင်တန်းများကို စတင်ဖွင့်လှစ် သင်ကြား နိုင်ခဲ့ပြီး ၁၉၉၇ ခုနှစ်တွင် ဓာတုဗေဒအထူးပြု ဘာသာရပ်မှ စတင်ကာ ပါရဂူဘွဲ့ ချီးမြှင့်အပ်နှင်းနိုင်ခဲ့ခြင်းဖြင့် ပညာရေး သမိုင်းသစ်ကို ဖွင့်လှစ်နိုင်ခဲ့ပါသည်။  နိုင်ငံတော်အနေဖြင့် ၂ဝ၁၄ခုနှစ်၊ စက်တင်ဘာလတွင်  အမျိုးသား ပညာရေး ဥပဒေအားအတည်ပြုနိုင်ခဲ့ပြီး ၂ဝ၁၅ ခုနှစ်တွင် အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေအား ထပ်မံ အတည်ပြု ပေးနိုင်ခဲ့ပါသည်။ ထိုသို့ ပြင်ဆင်ခဲ့သည့် အမျိုးသားပညာရေး ဥပဒေအရ မြန်မာ့ပညာရေး စနစ်သည် နိုင်ငံတော်က ဆောင်ရွက်လျက်ရှိသည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးစနစ်များနှင့် လိုက်လျော ညီထွေ ဖြစ် အောင် ဖော်ဆောင်နိုင်မည်ဖြစ်ပါသည်။

ရန်ကုန် တက္ကသိုလ်သည်  မြန်မာ့ပညာရေး၏ အခြေခံ အုတ်မြစ်ပင်ဖြစ်ပါသည်။ ရန်ကုန်တက္ကသိုလ်သည် မြန်မာ့ ပညာရေး ကြိုးပမ်းမှု သမိုင်းကြောင်း၊  မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းကြောင်းတို့နှင့် ယှဉ်တွဲဖြစ်ပေါ် လျက်ရှိသည့်   ကောင်းမြတ်သည့် သမိုင်းကြောင်း၊  ကြီးမြတ်သည့်အစဉ်အလာတို့ရှိသည့်အတွက် ယနေ့နှစ်ပေါင်း တစ်ရာသည်သာမက နောင်နှစ်ရာပေါင်း များစွာ၊ ထောင်ပေါင်းများစွာ တိုင်အောင် ဂုဏ်သိက္ခာမြင့်မြင့် ကျက်သရေ မင်္ဂလာတင့်တင့်ဖြင့် ပြည့်စုံဝေဖြာနိုင်ပါစေ၊ အမိရန်ကုန် တက္ကသိုလ်ကြီး အဓွန့်ရှည်တည် တံ့ပါစေကြောင်း ဆန္ဒပြု ဆုတောင်းရင်း သဝဏ်လွှာ ပါးအပ်လိုက်ပါသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်

Recent News